close

ဆူဒန်အပစ်အခတ်ရပ်စဲရေး အလှမ်းဝေးနေဆဲဟု အမေရိကန်ပြော

ဆူဒန်နိုင်ငံမှာ စစ်တိုက်နေကြတဲ့ အဖွဲ့တွေဟာ အရပ်သားတွေကို အကာအကွယ်ပေးရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်ရေးကို မေ ၁၂ ရက် အစောပိုင်းက ကတိကဝတ် ပြုထားခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေးကို သဘောမတူဘဲ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဆော်ဒီဆိပ်ကမ်း ဂျဒ်ဒါမှာ တပတ်ကြာ ဆွေးနွေးပြီးနောက် ဆူဒန်စစ်တပ်နဲ့ သူ့ပြိုင်ဘက် အရန်အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ (RSF) တို့ဟာ ရေတို အပစ်အခတ်ရပ်စဲရေးကို ဦးတည်ပြီး နောက်ထပ်ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့ ကြေညာချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သူတို့ကဆိုပါတယ်။

ဆူဒန်စစ်တပ်နဲ့ RSF တို့က စာရွက်စာတမ်းကို လက်မှတ်ရေးထိုးနေကြပုံကို ဆော်ဒီနိုင်ငံပိုင်ရုပ်သံတီဗီ အယ်လ်-အခ်ဘာရီယားက မေ ၁၁ ရက် နှောင်းပိုင်းမှာ ပြသခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာတော့ စစ်ဖြစ်နေတဲ့ အဖွဲ့တွေဟာ ၁၀ ရက်လောက်အထိ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက်ရဖို့ အာရုံစိုက်ကြလိမ့်မယ်လို့ ဖော်ပြထားပါတယ်။

ဆော်ဒီနဲ့ အမေရိကန် ကြားဝင်ဖျန်ဖြေသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေတဲ့ စေ့စပ်ညှိနှိုင်းရေးမှူးတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေကို အကာအကွယ်ပေးရေးအတွက် သီးခြားလုံခြုံရေး အစီအမံတွေကို ဆွေးနွေးကြမှာဖြစ်ကြောင်း အမေရိကန်အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

အဲဒီအစီအမံတွေမှာ အမေရိကန်-ဆော်ဒီနဲ့ နိုင်ငံတကာက ပံ့ပိုးထားတဲ့ အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ယန္တရားတို့ ပါဝင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယာယီအပစ်အခတ်ရပ်စဲရေးကနေ ရန်လိုမှုများ ထာဝရရပ်စဲရေးအထိ လုပ်ဆောင်ရမယ့် ရှည်လျားတဲ့ လုပ်ငန်းစဉ် ဖြစ်မယ်လို့ အမေရိကန် တာဝန်ရှိသူက ပြောပါတယ်။

နောက်ပိုင်းမှာ အရပ်သားအဖွဲ့တွေလည်း ဆွေးနွေးပွဲတွေမှာ ပါဝင်ဖို့ မျှော်လင့်ထားကြောင်း အမေရိကန်အရာရှိက ပြောကြားခဲ့ပါတယ်။

Up