မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ World press freedom day မှာ ခေတ်အဆက်ဆက် ငတ်တလှည့်ပြတ်တလှည့် ထောင်ထဲဝင်လိုက် ထွက်လိုက်နဲ့ အသက်တွေ ဘဝတွေ ပေးဆပ်ခဲ့ကြတဲ့ သတင်းသမား ဆရာကြီးများ၊ သတင်းပညာရှင်များ၊ ခေတ်ဆိုး စနစ်ဆိုးကြီးထဲမှာ ရောက်ရာနေရာ ကျရာအခန်းကဏ္ဍကနေ ပါဝင်နေကြတဲ့ ဆရာများအားလုံးကို မလွတ်လပ်တဲ့ကြားက စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ဒီဗွီဘီ ဝိုင်းတော်သားများက လေးလေးစားစား ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။
မြန်မာနိုင်ငံက သတင်းသမားများဟာ ဆူးကြားထဲက ဘူးခါးတွေလိုပါပဲ၊ လူသိမခံရဲ၊ ခိုးကြောင်ခိုးဝှက် သတင်းလိုက် သတင်းရေးနေကြရတယ်။ သတင်းတပုဒ်အတွက် အသက်တွေ ဘဝတွေ စတေးသွားရတဲ့ သတင်းသမားတွေ မြန်မာနိုင်ငံမှာ မရေတွက်နိုင်အောင်ပါပဲ။ အဲဒီအထဲကမှ သတင်းသမားဆို ဖမ်းမယ် ဆီးမယ် သတ်မယ်ဆိုတဲ့ စစ်တပ်နဲ့ နောက်လိုက်တွေက သတင်းသမားကို ကြွက်ချောင်းသလို ချောင်းနေကြတယ်။ စစ်တပ် လက်သုံးစကားက ဒေါ်လာစားတွေတဲ့၊ ပြည်ပနိုင်ငံတွေက ငွေယူပြီး မဟုတ်မမှန်သတင်းတွေနဲ့ နိုင်ငံကို ဖျက်ဆီးနေကြတာလို့ မဟုတ်တမ်းတရား အခြေအမြစ်မရှိ စွပ်စွဲ ပြောဆိုကြသေးတယ်။ သူတို့ ဒေါ်လာငန်းဖမ်းနေသလို သတင်းသမားတွေ ဒေါ်လာရမယ် ထင်နေကြတာ။ နေစရာမရှိတဲ့ သတင်းသမား၊ စားစရာမရှိတဲ့ သတင်းသမား၊ လူမသိသူမသိ ဘဝတွေ ပေးဆပ်လိုက်ရတဲ့ သတင်းသမားတွေ မြန်မာနိုင်ငံမှာ အများကြီး။ သတင်းပညာနဲ့ ဝါသနာကို အခြေခံထားကြတော့ ငွေလည်းမမက်ကြဘူး၊ ရာထူးအာဏာလည်း မမက်ကြဘူး။ ဒေါ်လာတွေ ငွေတွေထက် ပြည်သူတွေကို ချပြပေးမယ့် သတင်းတပုဒ်လောက် မမက်မောကြဘူး။ အဲ့ဒီလို သတင်းသမားစစ်စစ်တွေကို မတရားမှုမှန်သမျှ ပြုလုပ်နေသူတွေက အလိုမရှိကြဘူး။ မီဒီယာကို မီဒီယာနဲ့တိုက်ဖို့ သူတို့ပြောတဲ့ ဒေါ်လာစား သူတို့လူ အရေခြုံ သတင်းသမားအမည်ခံ အရှက်မဲ့သူတွေနဲ့ သတင်းသမားတွေနဲ့ တန်းညှိခဲ့ကြတယ်။
စစ်တပ်လက်အောက်ခံ သတင်းမီဒီယာဌာနတွေ၊ အွန်လိုင်းပေါ်က မီဒီယာအမည်ခံတွေ သတင်းသမား အတုအယောင်တွေကြားမှာ ပြည်သူ့ဘက်က ရပ်တည်လို့ ပြည်သူတွေထံ သတင်းဆက်လက်စီးဆင်းနိုင်ဖို့ ပြည်သူ့သတင်းသမားတွေ နေ့စဉ် ကြိုးစားတင်ဆက်ခဲ့ကြတယ်။
ဒီနွေဦးတော်လှန်ရေးမှာ စစ်တပ်က အလွယ်တကူ ဖမ်းဆီးသတ်ဖြတ်လို့မရအောင် တောတောင်လျှိုမြောင်ကြားက ပြည်သူ့သတင်းသမားတွေကို မင်းအောင်လှိုင် နောက်လိုက်တွေ မယှဉ်နိုင်ခဲ့ဘူး။ ဒါကြောင့် ပြည်သူ့သတင်းသမားတွေကို စစ်အုပ်စုက ရန်သူလို သဘောထားခဲ့ကြတယ်။
စစ်တပ်လက်အောက်ခံ သတင်းဌာနတွေ၊ တပ်ပိုင်မီဒီယာတွေကနေ သူတို့ရဲ့ ဝါဒဖြန့်သတင်းတွေကို ပြည်သူတွေက မယုံကြည် လက်မခံကြဘူး။ ဘာကြောင့်လဲဆို မမှန်သတင်း အလိမ်အညာသတင်းတွေနဲ့ ပြည်သူတွေကို အဆိပ်ခတ်နေလို့ လက်မခံကြတာ ဖြစ်တယ်။
အရင်ကရော လက်ရှိအခြေအနေမှာရော မလွတ်လပ်သေးတဲ့ မြန်မာနိုင်ငံ သတင်းလွတ်လပ်ခွင့် တချိန်မှာ အပြည့်အဝ ရရှိကြပါစေလို့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့် World press freedom day နေ့မှာ တောင်းဆုပြုလိုက်ပါတယ်။
ပေကြီး
ဒီနေ့ မေလ ၃ ရက်နေ့ဟာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် သတင်းမီဒီယာနဲ့ စပ်ဆက်လုပ်ငန်းတွေလုပ်ကိုင်တဲ့ ထုတ်ဝေသူ၊ ရိုက်ကူးရေးသမား၊ သတင်းထောက်နဲ့ သတင်းထောက်အဖြစ် လုပ်လုပ်ကိုင်ခဲ့ဖူးသူ အနည်းဆုံး ၁၇၀ ဖမ်းဆီးခံခဲ့ရပါတယ်။
လက်ရှိအကျဉ်းထောင်ထဲ အမှုရင်ဆိုင်နေဆဲနဲ့ မတရား ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ သတင်းသမား အယောက် ၆၀ လောက်က အကျဥ်းချခံနေဆဲဖြစ်ပြီး ၄ ဦးက သေဆုံးခဲ့ရတယ်။ ဒါ့အပြင် ဖမ်းဝရမ်းထုတ်ပြီး တရားစွဲခံထားရတဲ့ သတင်းသမား ၄၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ပြည်တွင်းမှာနေပြီး သတင်းအလုပ်တွေကိုလုပ်ကိုင်တဲ့အခါမှာ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေကြောင့် သတင်းရင်းမြစ်တွေ ရှာဖွေဖို့ ခက်ခဲပြီး တိကျခိုင်မာတဲ့သတင်းတွေရဖို့ ခက်ခဲနေတဲ့အကြောင်းကို ရခိုင်ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Western News အယ်ဒီတာချုပ် ကိုဝဏ္ဏခွာညိုက DVB ကို ပြောပါတယ်၊
“စစ်ကောင်စီဘက်ကတော့ ကျနော်တို့ မီဒီယာသမားတွေနဲ့ သတင်းဌာနတွေကို နှိပ်ကွပ်တာ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်လာနေတယ်လို့ ကျနော်ကတော့ ယူဆပါတယ်၊ သတင်းလိုက်တဲ့အခါမှာလည်း မီဒီယာသမားတွေ မေးတဲ့ အခါမှာလည်း သူတို့ မဖြေရဲတာတွေရှိတယ်ပေါ့ သတင်းမှန်မှန်ကန်ကန်ရဖို့ ပိုပြီး ခက်ခဲသွားရတဲ့ အနေအထားတွေရှိတယ်ပေါ့လေ။ ကျနော့်ကိုဆိုရင် ၁၂၄ လို ပုဒ်မကြီးကြီးနဲ့ တရားစွဲထားတယ်ပေါ့နော် နောက်ရုံးတွေကိုလည်း တောက်လျှောက် ပိတ်ဆို့ပြီး ရှာဖွေတာတွေ စုံစမ်းမေးမြန်းတာတွေ တောက်လျှောက် လုပ်နေတာပေါ့လေ။ သတင်းထုတ်လုပ်ခွင့်မှာလည်း လွတ်လပ်ပိုင်ခွင့်တွေ မရှိတော့ဘူးလို့ ကျနော်တို့ ပြောလို့ရတာပေါ့။ သတင်းမီဒီယာရဲ့ အခန်းကဏ္ဍကလည်း မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတယ်လို့ ပြောလို့ရတယ်ပေါ့။”
စစ်တပ်ရဲ့ ဖိနှိပ်မှုတွေအောက်မှာ လွတ်လွပ်လပ်လပ် သတင်းရယူ တင်ဆက်ဖို့ မဖြစ်နိုင်တဲ့ အခြေအနေကြောင့် ပြည်ပထွက်ပြီး သတင်းအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေကြတဲ့ မြန်မာသတင်းသမားတွေ ရာကျော်ရှိနေပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားတဲ့ အခြေအနေတွေ၊ ပုဒ်မတွေ တပ်ပြီး တရားစွဲအမှု ဖွင့်ခံထားတဲ့ အခြေအနေတွေကြောင့် သတင်းသမားအများစုက တရားမဝင်လမ်းကြောင်းတွေကနေ ပြည်ပနိုင်ငံတွေမှာ နေထိုင်လုပ်ကိုင် နေကြရပါတယ်။ ပြည်ပမှာနေထိုင်ရင်း သတင်းတွေ တင်ဆက်နေရပေမယ့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို နေ့စဉ် ခံစားနေတယ်လို့ ပြည်ပရောက် အမျိုးသမီးသတင်းထောက်တစ်ယောက်ကလည်း ပြောပါတယ်။
“ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့လို့ ပြောပေမယ့် ကျမတို့ မြန်မာနိုင်ငံတော့ မပါဘူးလို့ပဲ ပြောရမှာပေါ့။ ပြောရေးဆိုခွင့် ဆိုတာလည်း ကိုယ့် fb မှတောင် ပြောလို့မရတာ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာတော့ ပိုဆိုးတာပေါ့နော်။ လုံးဝကို ဇီးရိုးပြသွားတဲ့ အနေအထားမှာ ရှိတယ်။ နောက်တခုက ပြည်ပမှာနေရတဲ့ အခြေအနေ၊ အခုက ဝင်လာတဲ့ လူတော်တော်များများက အများစုလို့ ပြောရမယ် ထင်တယ်။ တရားမဝင်လမ်းကြောင်းကနေ လာကြတာ များတယ်။ နေထိုင်တဲ့အခါမှာ သူတို့ဥပဒေနဲ့ ဘယ်လောက်ပဲ ညီအောင်နေနေ ဘာသာစကားရော လုပ်ထားတဲ့ကတ်တွေနဲ့ လိုက်လျောညီထွေဖြစ်အောင် နေရတဲ့အခါမှာ စိတ်မလုံခြုံမှုက များတယ်။ သူတို့ ဥပဒေဘောင်အပြင်ကို ရောက်နေတဲ့အခါကျတော့ ညီမတို့ဆို work permit တွေ ဘာတွေမရှိတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ လုပ်ရတယ်ပေါ့” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ထဲမှာ Mizzima, DVB, 7 Day တို့လို့ ရုပ်သံသတင်းဌာနတွေ အပါအဝင် ထုတ်ဝေခွင့်ပိတ်သိမ်းခံရတဲ့ သတင်းဌာန ၁၃ ခု ထိရှိခဲ့ပါတယ်၊ စစ်တပ် လက်အောက်မှာ မတရား ဖမ်းဆီးထောင်ချခံထားရတဲ့ သတင်းသမားတွေနဲ့ သူတို့မိသားစုတွေရဲ့ အခက်အခဲ စိန်ခေါ်မှုတွေကို နိုင်ငံတကာက ဝင်ရောက်ဖြေရှင်းပေးဖို့ကို ဝါရင့်သတင်းစာဆရာတစ်ယောက်က တောင်းဆိုပါတယ်။
“သတင်းသမား ၅၀ ကျော် ဖမ်းဆီးခံရတဲ့ ကိစ္စက ကြီးမားတဲ့သက်ရောက်မှုတွေ ဖြစ်စေတယ်။ သတင်းကို လွတ်လွတ်လပ်လပ် မှန်ကန်တဲ့ ပြည့်စုံတဲ့သတင်းတွေကို ရရှိဖို့ အခွင့်အရေးကို ဒီဟာကြီးက ပိတ်ဆို့ထားသလို ဖြစ်နေတာပေါ့။ ပြီးရင် ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေရော သတင်းလွတ်လပ်ခွင့်အတွက် ကြိုးစားနေရင်း ဖမ်းဆီးခံလိုက်ရတဲ့ သတင်းသမားတွေအတွက်ရော သူတို့ရဲ့ အခက်အခဲတွေ စိန်ခေါ်မှုတွေ၊ သူတို့မိသားစုတွေ ကြုံတွေ့နေရတဲ့ဟာတွေ၊ သူတို့ကိုယ်တိုင်အထဲမှာ ကြုံတွေနေရတဲ့ဟာတွေ ဒါတွေကို မေ့မထားဘဲနဲ့ ကူညီ ဖြေရှင်းပေးကြဖို့ကို မြန်မာသတင်းသမားတွေရော နိုင်ငံတကာက အဖွဲ့အစည်းတွေရော မေတ္တာရပ်ခံချင်ပါတယ် တောင်းဆိုချင်ပါတယ်” လို့ ပြောပါတယ်။
နယ်စည်းမခြားသတင်းသမားများအဖွဲ့ (RSF) က ဒီနေ့ ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့်ညွှန်းကိန်းဟာ နိုင်ငံပေါင်း ၁၈၀ မှာ အဆင့် ၁၇၃ မှာ ရှိနေပါတယ်။
အာဏာမသိမ်းခင် ၂၀၂၀ ပြည့်နှစ် ညွှန်းကိန်းအဆင့် ၁၃၉ ရှိရာကနေ သုံးနှစ်အတွင်းမှာ အဆင့် ၃၀ ကျော် ကျဆင်းခဲ့တာပါ။ မြန်မာနိုင်ငံဟာ အီရန်နဲ့ တရုတ်နိုင်ငံတို့ ပြီးရင် သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချတဲ့ နေရာမှာ တတိယ အဆိုးဆုံးနိုင်ငံလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံက ရိုဟင်ဂျာအရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖော်ထုတ်ရေးသားခဲ့တဲ့ ရိုက်တာသတင်းဌာနကို နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ထိပ်တန်းသတင်းဆုတဆု ရွေးချယ်ပေးအပ်ကြောင်း ကြေညာပါတယ်။
HRW အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ တီရာနာ ဟာဆန်က “ဒီဆုတွေက အာရှမှာ ကျမတို့ခေတ်ရဲ့ အရေးအပါဆုံး ပြဿနာတချို့ကို မီးမောင်းထိုးပြနေတဲ့အတွက် သတင်းထောက်တွေကို အသိအမှတ်ပြုပါတယ်။ ထူးထူးခြားခြား ခက်ခဲတဲ့ အခြေအနေတွေမှာ လုပ်ဆောင်လေ့ရှိတဲ့ ဒီလိုသတင်းစာပညာမျိုးဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဖော်ထုတ်ဖို့ မရှိမဖြစ်လိုအပ်ပြီး ဒီလို ရဲရင့်တဲ့ သတင်းထောက်တွေအတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်” လို့ ပြောပါတယ်။
ရိုဟင်ဂျာတွေနဲ့ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေအပေါ် မြန်မာစစ်တပ်ရဲ့ ဖိနှိပ်ကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖော်ထုတ်ပြီး အင်္ဂလိပ်ဘာသာနဲ့ သတင်းထုတ်လွှင့်ခဲ့တာအတွက် ရိုက်တာသတင်းဌာနကို ဆုပေးအပ်ခဲ့တာလို့ ဆိုတယ်။
ရိုက်တာသတင်းအဖွဲ့သားတွေဟာ သူတို့ရဲ့ ဒေသတွင်း အသိပညာ အဆက်အသွယ်တွေကို အသုံးချပြီးတော့ တင်းကျပ်တဲ့ ကန့်သတ်ချက်တွေအောက်မှာ ဖော်ထုတ်တွေ့ရှိခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ ဖြိုခွင်းမှုအစီအစဉ်နဲ့ အကြီးအကျယ် ဖျက်ဆီးမှုတွေကို မီးမောင်းထိုးပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အခုနှစ်အတွက် ဆုတွေကိုတော့ HRW အဖွဲ့နဲ့ အရီဇိုးနားပြည်နယ်တက္ကသိုလ်က ဝေါ်လ်တာ ခရွန်ကိုက်ထ် သတင်းစာပညာကျောင်းနဲ့ လူထုဆက်ဆံရေးပညာဌာနတို့က စိစစ်ရွေးချယ်ခဲ့ကြတာ ဖြစ်ပြီး စက်ရပ်သတင်း၊ ဓာတ်ပုံ၊ မှတ်တမ်းရုပ်သံ၊ စုံစမ်းဖော်ထုတ်သတင်း၊ အသံနဲ့ မာလ်တီမီဒီယာဆုတွေ အပါအဝင် သတင်းဆုအမျိုးအစား ၁၆ ခုအထိ ပါဝင်နေကာ နိုင်ငံပေါင်း ၃၃ နိုင်ငံက ဆုအတွက် တင်သွင်းမှု ၄၀၆ ခုထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အခု ၂၀၂၃ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ သတင်းဆုတွေထဲမှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေ အပါအဝင် ဟောင်ကောင်မှာ ကြုံတွေ့ရတဲ့ ကိုဗစ်-၁၉ ရောဂါ ၅ ကြိမ်မြောက် ကူးစက်မှုလှိုင်းနဲ့ အာဖရိကကျောင်းသားတွေကို လူကုန်ကူးတဲ့ သတင်းတွေလည်း ပါဝင်နေပါတယ်။