အင်္ဂလန်လက်ရွေးစင်အသင်းမှာ ဒဏ်ရာနဲ့ပွဲပယ်ခံရတဲ့ ကစားသမားတွေရှိပေမဲ့ ကစားသမားသစ်တွေ ထပ်မခေါ်ဖို့ နည်းပြဆောက်ဂိတ်က ဆုံးဖြတ်ခဲ့ပါတယ်။
အင်္ဂလန်အသင်းမှာ နောက်ခံလူလုခ်ရှောက အီတလီကို အနိုင်ရတဲ့ပွဲက အနီကတ်ပြစ်ဒဏ်ကြောင့် ပွဲပယ်ခံရမှာဖြစ်ပြီး ညာနောက်ခံလူ ရိစ်ဂျိမ်းစ်ဟာလည်း ဒဏ်ရာပြဿနာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့တာပါ။
ယူကရိန်းနဲ့ ကစားရမယ့် ယူရိုခြေစစ်ပွဲ ဒုတိယပွဲစဉ်အတွက် ကစားသမား ၂၁ ဦးပဲ ရှိတော့ပေမဲ့ ကစားသမားသစ်ခေါ်လိုက်မယ်ဆိုရင် ရှုပ်ထွေးမှုတွေ ဖြစ်လာနိုင်တာကြောင့် ထပ်ပြီး ခေါ်ယူတော့မှာ မဟုတ်ကြောင်း နည်းပြဆောက်ဂိတ်က ပြောပါတယ်။
အသင်းလူစာရင်းအပြင်က ကစားသမားတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ လေ့ကျင့်မှု လုပ်ဆောင်မှု ရှိ၊ မရှိလည်းမသိရတာကြောင့် ခေါ်ယူဖို့ မရှိတော့ကြောင်း၊ ခေါ်ယူမယ်ဆိုရင်လည်း ယူ ၂၁ အသင်းနဲ့လေ့ကျင့်နေတဲ့ကစားသမားတွေသာဖြစ်နိုင်ကြောင်း နည်းပြဆောက်ဂိတ်က ပြောသွားခဲ့ပါတယ်။
လက်ရှိအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူဖို့ လိုအပ်ပေမဲ့ မဖြစ်နိုင်သေးကြောင်း လီဗာပူးနည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။
လီဗာပူးအသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ပီအက်စ်ဗွီတိုက်စစ်မှူး ဂတ်ပိုကို ခေါ်ယူခဲ့ပေမဲ့ ဒဏ်ရာရကစားသမားတွေ များနေလို့ ရလဒ်ပိုင်း ဆိုးရွားခဲ့ပါတယ်။
အခုတပတ်ပွဲစဉ်မှာ ဘရိုက်တန်ကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပြီး အဆင့်လေးနေရာက မန်ယူအသင်းနဲ့ ၁၀ မှတ်အထိ ကွာဟနေတာပါ။
ကစားသမားသစ်ထပ်ခေါ်ဖို့ လိုအပ်ပေမဲ့ လက်ရှိအခြေအနေအရ ခေါ်ယူနိုင်ဖို့ မဖြစ်နိုင်တော့ကြောင်း၊ အခြေအနေတွေက ပြောင်းလဲဖို့မရှိတာကြောင့် အပတ်စဉ်တိုင်းမှာ ဒီလိုအဖြေပဲ ပေးနိုင်ကြောင်း နည်းပြကလော့ပ်က မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။
လီဗာပူးအသင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ ဖေမီနို၊ ဒီယက်ဇ်၊ ဂျိုတာနဲ့ နူနက်ဇ်တို့ ဒဏ်ရာရနေသလို နောက်ခံလူ ဗန်ဒိုက်လည်း ရက်သတ္တပတ်အနည်းငယ် အနားယူရဦးမှာ ဖြစ်ပါတယ်။