မနေ့ညက ကစားခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ လီဗာပူးကစားသမား လေးဦးသာ အဆင်ပြေခဲ့ကြောင်း နည်းပြယာဂန်ကလော့ပ်ကဝေဖန်သွားပါတယ်။
အဲဒီပွဲမှာ လီဗာပူးက ဆာလာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ လေးဂိုးဆက် တိုက်ပေးခဲ့ရပြီး ၄ ဂိုး ၁ ဂိုးနဲ့ ရှုံးပွဲတွေ့ခဲ့ရတာပါ။
အဲဒီပွဲစဉ်မှာ ကွင်းလယ်က ဟန်ဒါဆန်နဲ့ ဖာဘင်ညို၊ တိုက်စစ်မှူးဂတ်ပိုနဲ့ ဂိုးသမား အလစ်ဆန်တို့သာ စွမ်းဆောင်ရည်အရ အဆင်ပြေခဲ့ကြောင်း နည်းပြ ကလော့ပ်ကရှုံးပွဲအပြီးမှာ ပြောပါတယ်။
မန်စီးတီးရဲ့အိမ်ကွင်းမှာက ကစားသမား ၁၄ ယောက်၊ ၁၅ ယောက်လောက်က ထိပ်တန်းအဆင့် ခြေစွမ်းပြသနိုင်ဖို့လိုအပ်ကြောင်း၊ စီးတီးဟာ သူတို့အလိုရှိသလောက် နေရာလွတ်တွေ အများကြီးရယူနိုင်ခဲ့ပြီး လေးဂိုးထက်ပိုမပေးရတာဟာ လီဗာပူးအသင်း အတွက်ကံ ကောင်းခဲ့ကြောင်း နည်းပြကလော့ပ်က ပြောသွားခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းတို့ဟာ ကစားသမားတွေကို ထိန်းချုပ်နိုင်စွမ်းမရှိတာကြောင့် အင်္ဂလန်အက်ဖ်အေက အရေးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒီနှစ်သင်းခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ပြီးခဲ့တဲ့ပွဲစဉ်မှာ မန်ယူအသင်းက ၂ ဂိုး ၁ဂိုးနဲ့ အနိုင်ရခဲ့ပြီး ကွင်းလယ်လူ ကတ်စမီရို ထုတ်ပယ်ခံခဲ့ရတာပါ။
ပွဲချိန် ၆၇ မိနစ်အရောက်မှာ အန်တိုနီကို ပဲလေ့စ်ကွင်းလယ်လူ ရှလပ်ဖ်က တွန်းထိုးရာကနေစတင်ပြီး နှစ်ဖက်ကစားသမားတွေ အချေအတင် ဖြစ်ခဲ့ကြတာပါ။
ပဲလေ့စ်ကွင်းလယ်လူ ဟုချ်ကိုလည်း မန်ယူကွင်းလယ်လူ ကတ်စမီရိုက လည်ပင်းညှစ်ခဲ့ တယ်ဆိုပြီးလည်း ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြသပြီးထုတ်ပယ်ခဲ့သလို အဝါကတ်ပြသတာတွေ လည်းရှိခဲ့ပါတယ်။
အဆိုပါဖြစ်ရပ်မှာ နှစ်သင်းစလုံးက ကစားသမားတွေကို ထိန်းသိမ်းနိုင်စွမ်း မရှိခဲ့ကြောင်း၊ မန်ယူအသင်းဟာလည်း ကစားသမားတွေကို ကြမ်းတမ်းတဲ့အပြုအမှုတွေကို ရှောင်ကြဉ် ဖို့ပျက်ကွက်ခဲ့ကြောင်း အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်ပါတယ်။
နှစ်သင်းစလုံးအနေနဲ့ ဖေဖော်ဝါရီ ၁၃ ရက် မတိုင်ခင် ထုချေလွှာတင်ရမှာဖြစ်ပြီး ဒဏ်ကြေးတစ်ခုခု ဒါမှမဟုတ် တခြားပြစ်ဒဏ် ချမှတ်ခံရနိုင်ပါတယ်။