close

ကန့်ဘလူ

close

April 30, 2023

ကန့်ဘလူက စစ်ရှောင်တဲများ မီးရှို့ခံရ၊ စစ်တပ်လက်နက်ကြီးကြောင့် တင်သားရွာခံ ၂ ဦး ဒဏ်ရာရ၊ ဘုတလင်တွင် တိုက်ပွဲဖြစ်ပွား

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်ထဲက ကျေး‌ရွာ ၃ ရွာအပြင် တောထဲက စစ်ရှောင်တဲတွေကို စစ်တပ်နဲ့ပျူစောထီးတွေက ဧပြီ ၂၉ ရက်က မီးရှို့သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံအမျိုးသားတဦးက  "ပဇီကြီးရွာတိုက်ခိုက်ခံရအောင် စစ်တပ်ကို သတင်းပေးတဲ့ ၄ ယောက် ဖမ်းမိပြီးနောက် ရွာတွေကို စစ်သားတွေနဲ့ ပျူတွေက မီးလိုက်ရှို့နေကြတာ" လို့ ပြောပါတယ်။

ဧပြီ ၂၉ ရက်နေ့ ညနေ ၅ နာရီ‌ဝန်းကျင်မှာ ကန့်ဘလူမြို့နယ်၊ ထန်းကုန်းတိုက်နယ်က သရက်ခေါင်းရွာကို ခမရ-၃၆၈နဲ့ ပျူ‌ စောထီးတွေက လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်က ဆိုပါတယ်။

ညနေ ၅ နာရီ‌ ၅၀ မိနစ်မှာ ပဇီကြီးရွာတောင်ဘက်ရှိ ကန်ကြီးတောတိုက်က တဲအလုံး ၂၀ မီးရှို့ဖျက်ဆီးသွားပြီး ည ၈ နာရီ ၂၀ မိနစ်လောက်မှာလည်း မလည်တိုက်နယ်က လေးတွင်းစဉ်ရွာကို ဒုတိယအကြိမ် မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်ဘယ်လောက် ဆုံးရှုံးတယ်ဆိုတာတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ရွာသား ၂ ဦး ဒဏ်ရာရရှိပြီး ဆေးရုံတင်ထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၈ ရက် ညနေက ကျေးရွာနဲ့ ၃ မိုင်ခန့်ကွာဝေးတဲ့ စစ်ကောင်စီလက်အောက်ခံပျူစောထီးကျေးရွာ ကြံသာရွာကနေ တင်သားကျေးရွာဘက်ကို လက်နက်ကြီးနဲ့ လှမ်းပစ်ခဲ့တာလို့ ဆိုပါတယ်။

"ကြံသာကနေ လက်နက်ကြီးနဲ့ အမြဲပစ်နေကြပါ။ ရွာမှာ PDF တွေ ရှိတယ်အထင်နဲ့ပစ်တာနေမယ်။ အခုလက်နက်ကြီးက အမှတ် ၆ က ကိုအောင်ဆန်းလင်းတို့ အိမ်ကျတာ။ သူ့ယောက်ဖနဲ့ သူဒဏ်ရာရကြတယ်။ ကလေးဆေးရုံမှာဆေးရုံတင်ထားရတယ်" လို့ တင်သားရွာခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် တင်သားရွာသားအချို့ ကျေးရွာအတွင်း မနေရဲကြတော့တဲ့ အခြားကျေးရွာတွေဘက် တိမ်းရှောင်ခဲ့ကြရသေးတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်မှာ အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဧပြီ ၂၈ ရက်  မနက် ၉ နာရီလောက်မှာ  တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

ညောင်ပင်ခံရွာ အရှေ့တောင်ဘက်အကျော် ဇီးတောရွာအဝင်မှာ မနက် ၉ နာရီလောက်က စစ်ကောင်စီအင်အား ၄၀ ဝန်းကျင်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ၆၀ (မမ) လက်နက်ကြီးတွေ၊ မိုင်းတွေနဲ့ စတင် တိုက်ခိုက်ခဲ့တာလို့ Chindwin Brothers တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။  

ညနေ ၅ နာရီလောက်မှာတော့ အကြမ်းဖက်စစ်ကောင် စီစစ်ကြောင်း နမခ ကို ဝင်ရောက်ချိန် ဖန်ခါးကျင်းကျေးရွာ နဲ့ မီတာ ၁၅၀၀ အကွာကနေ ဒေသခံကာကွယ်ရေးတပ်တွေ စုပေါင်းကာ ရှေ့ထွက်မိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၄ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ပူးပေါင်းတပ်ဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 

Chindwin Brothers Drone တပ်ဖွဲ့နဲ့ ကျောင်းသားလက်ရုံးတပ်တော်အပါအဝင် Anonymous Heros အဖွဲ့တို့စုပေါင်းပြီး စစ်ကောင်စီစစ်ကြောင်းကို ဒရုန်းတွေနဲ့ ကင်းထောက်စောင့်ကြည့်ခဲ့ပြီး ဗုံးသီးတွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။ 

1 week Ago

April 28, 2023

ကန့်ဘလူတွင် စစ်ရှောင်ပြည်သူ ၄ ဦး မြွေကိုက်ခံရပြီး ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ ဧပြီ ၁ ရက်ကနေ ၂၅ ရက်နေ့အထိ စစ်ဘေးရှောင်ပြည်သူ ၄ ဦး မြွေကိုက်ခံရပြီး ၂ ဦး သေဆုံးခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင်က ထုတ်ပြန်ပါတယ်။

အဆိပ်ရှိမြွေကိုက်ခံရသူ ၄ ယောက်မှာ ကိုးတောင်ဘို့တိုက်နယ်က ကလေး ၂ ယောက်၊ မလည်တိုက်နယ်က ၁ ယောက်နဲ့ ထန်းကုန်းတိုက်နယ်က ၁ ယောက်ဖြစ်ပြီး ၂ ယောက်ကတော့ အချိန်မီ ဆေးမကုသနိုင်လို့ အသက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

မြေပြင်စစ်ဘေးရှောင်တွေကို ကူညီရေးအဖွဲ့ဝင်တဦးက“၂၅ ရက်နေ့ ည ၁၀ နာရီလောက်မှာ အသက် ၃၄ နှစ်ရှိ အမျိုးသား ၁ ယောက် မြွေကိုက်ခံရတာ၊ ခြေထောက်မှာ ၃ ချက်၊ ကံကောင်းချင်တော့ စစ်ဘေးရှောင်တွေကို ဆေးကုပေးနေတဲ့ ဆရာမက မပြန်သေးဘဲ ညအိပ်တာကြောင့် ဆေးကုခွင့် အချိန်မီရတာ၊ ဟိုလိုဆိုမလွယ်ဘူး။ ဒါတောင် မြွေဆိပ်ဖြေဆေးက အဆင်သင့်မရှိလို့ ဘေးနားရွာတွေမှာ အကူအညီတောင်း ချေးငှားရတယ်။ ဒီဘက်မှာ BPI တော့မရှိဘူး၊ အိန္ဒိယ မြွေဆိပ်ဖြေဆေးပဲ ရတယ်။ မြွေကလည်း ကြီးတယ်၊ ၃ ချက် အကိုက်ခံရတာကြောင့် အိန္ဒိယမြွေဆိပ်ဖြေဆေး အလုံး ၂၀ ထိုးထားပြီး ဒီနေ့မနက်မှာ သက်ဆိုင်ရာ မြေပြင်ကျန်းမာရေးဌာနကို လွှဲပြောင်းပို့ဆောင်ထားတယ်” လို့ ပြောပါတယ်။

မြွေကိုက်ခံရသူ အမျိုးသားမှာ ကလေး ကျန်းမာရေးမကောင်းလို့ စစ်ဘေးရှောင်တဲကနေ မြေပြင်ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ ဆေးပေးခန်းကို ဆေးသွားယူရာကနေ မြွေကိုက်ခံရတာပါ။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကလည်း မလည်တိုက်နယ် ထန်းတောရွာက စစ်ဘေးရှောင်နေတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသား ၁ ဦး တောထဲမှာ စစ်ဘေးတိမ်းရှောင်နေရင်း မြွေကိုက်ခံရပြီး ကုသမှု အချိန်မီမရလို့ ၂၃ ရက်နေ့မှာ သေဆုံးသွားတယ်လို့ ဒေသခံ နီးစပ်သူက ဆိုပါတယ်။

မလည်တိုက်နယ်မှာ ဆက်တိုက် စစ်ကြောင်းထိုးနေတဲ့အတွက် စစ်ရှောင်နေရလို့ တနေရာနဲ့ တနေရာကို အလွယ်တကူ သွားလို့မရသလို ဆေးကုသခွင့် အချိန်မီမရကြတဲ့အပြင် မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိတဲ့အတွက် အသက်မသေဆုံးသင့်ဘဲ သေဆုံးရတဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ဒေသခံအမျိုးသားတဦးက ဆိုပါတယ်။

ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် သတင်းနဲ့ ပြန်ကြားရေး တာဝန်ရှိသူက “စစ်ကြောင်းထိုးနေတာ တပတ်ကျော်ပါပြီခင်ဗျ။ ထိတွေ့မှုတော့ နေ့တိုင်းလိုလို ရှိနေတယ်ဗျ။ ခုတော့ စကျင်ရွာတောင်ဘက်ကို စစ်ကြောင်းက ဦးတည်ထွက်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ကန့်ဘလူခရိုင်အတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် ယနေ့အချိန်ထိ စစ်ဘေးရှောင်နေရတဲ့ ၁ နှစ်ခွဲကျော်ကာလမှာ အမျိုးသား ၄၅ ယောက်နဲ့ အမျိုးသမီး ၁၆ ယောက် စစ်ဘေးရှောင်ပြည်သူ ၆၁ ယောက် မြွေဆိုးကိုက်ခံရကာ ဆေးကုသမှု အချိန်မီမရတဲ့အတွက် အမျိုးသား ၃ ယောက်နဲ့ ၈ နှစ်နဲ့ ၉ နှစ်အရွယ် ကလေး ၂ ယောက်၊ ပေါင်း ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဒါဟာ ချိတ်ဆက်မှတ်တမ်းယူနိုင်တဲ့ အချက်အလက်သာဖြစ်ပြီး ခရိုင်တခုလုံး စာရင်းပြုစုနိုင်တဲ့ အခြေအနေ မရှိသေးတာကြောင့် မြေပြင်မှာ ဒီ့ထက်မက မြွေဆိုးအန္တရာယ် ကြုံ‌တွေ့နိုင်ကြတယ် လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ - ကန့်ဘလူခရိုင် က ပြောပါတယ်။

1 week Ago
Up