close

ကမ္ဘောဒီးယာဆီးဂိမ်းစ်

close

April 29, 2023

ကမ္ဘောဒီးယာဆီးဂိမ်းစ်မှာ မြန်မာအားကစားအဖွဲ့ ရွှေတံဆိပ်ဘယ်နှစ်ခု ရနိုင်မလဲ

၃၂ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်းစ်)ကို  ဧပြီ ၂၉ ရက် ဒီကနေ့  ကမ္ဘောဒီးယားနိုင်ငံမှာ အိမ်ရှင်အဖြစ် စတင်လက်ခံကျင်းပမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ မြန်မာအပါအဝင် အာဆီယံဒေသတွင်း နိုင်ငံပေါင်း  ၁၁ နိုင်ငံက အားကစားနည်း ၃၇ မျိုးမှာပါဝင် ယှဉ်ပြိုင်ကြမှာပါ။

မြန်မာအားကစားအဖွဲ့တော့ အားကစားနည်း ၁၉ မျိုးမှာပဲ  အုပ်ချုပ်၊ နည်းပြနဲ့ ကစားသမား ၄၀၀ ကျော်နဲ့ ပါဝင်ယှဉ်ပြိုင်မှာဖြစ်ပြီး ဆုတံဆိပ်မျှော်မှန်းနိုင်မယ့် အားကစားနည်းတွေမှာပဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့ အခြေအနေဖြစ်တယ်။

မြန်မာအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် အားကစားနည်း ၁၉ မျိုးက ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ အလေးမ၊ အပြည်ပြည်ဆိုင်ရာလက်ဝှေ့၊ တိုက်ကွမ်ဒို၊ ဂျူဒို၊ ဝူရှူး၊ ဗိုဗီနမ်၊ ခမာလက်ဝှေ့၊ ရိုးရာလှေ၊ ပိုက်ကျော်ခြင်းနဲ့ ခြင်းလုံး၊ ပီတန်း၊ ကြက်တောင်၊ တင်းနစ်၊ ဘိလိယက်နှင့်စနူကာ၊ စစ်တုရင်၊ E-Sports နဲ့ ခရစ်ကတ်အားကစားနည်းတွေဖြစ်တယ်။

ရိုးရာအားကစားနည်းတွေ

ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာ Martial Art ပြိုင်ပွဲအောက်ကနေ ရိုးရာအားကစားနည်းတွေ အများအပြား ပါဝင်နေပြီး ဝေဖန်စရာဖြစ်ခဲ့တယ်။ ရိုးရာအားကစားနည်းတွေက ဆီးဂိမ်းပြိုင်ပွဲတိုင်းမှာ အနည်းနဲ့ အများ ပါဝင်လေ့ရှိပေမဲ့ ကမ္ဘောဒီးယားဆီးဂိမ်းမှာတော့ တခြားပြိုင်ပွဲတွေထက်ပိုပြီး ရွှေတံဆိပ်အများပြား ပေးထား တာတွေ့ရတယ်။

မွေထိုင်းပြိုင်ပွဲအမည်အစား ကမ္ဘောဒီးယားအမည်နဲ့ ခွန်ခမာ ပြိုင်ပွဲဆိုပြီး ပြောင်းလဲကျင်းပမဲ့အပြင် Kun Bokator ဆိုတဲ့ပြိုင်ပွဲလည်း ထည့်သွင်းထားတယ်။ အားနစ်၊ ဂျူဂျစ်ဆု၊ ကစ်ဘောင်ဆင်၊ ဗိုဗီနမ်၊ ပီတန်း၊ ပန်ကြတ်ဆီလက်တို့လို အိုလံပစ်အားကစားမဟုတ်တဲ့ ရိုးရာအား ကစားနည်းတွေလည်း ထည့်သွင်းထားပြီး အဲဒီပြိုင်ပွဲတွေကနေ ရွှေတံဆိပ်စုစုပေါင်း ၁၃၄ ခုအထိ ချီးမြှင့်မှာဖြစ်တယ်။ မြားပစ်၊ သေနတ်ပစ်၊ မြင်းစီး၊ ကနူးကယက်လှေ အစရှိတဲ့ အိုလံပစ်အား ကစားနည်းတွေကိုတော့ ထည့်သွင်းကျင်းပခြင်းမရှိပါဘူး။

ဆုတံဆိပ်ပိုရနိုင်ပေမဲ့ 

ကမ္ဘောဒီးယားဆီးဂိမ်းစ်မှာ ရိုးရာအားကစားနည်းတွေကနေ ရွှေတံဆိပ် ၁၃၄ ခုအထိ ချီးမြှင့်မယ့် အခြေအနေက  မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်ပိုရနိုင်မယ့် အခြေအနေလို့ ဆိုနိုင်တယ်။ မြန်မာအားကစားအဖွဲ့ဟာ အိုလံပစ် အားကစားနည်းတွေကနေ ဆုတံဆိပ်ရရှိမှုနည်းပါးပြီး ရိုးရာအားကစားနည်းတွေကနေသာ ဆုတံဆိပ် အများဆုံးမျှော်လင့်နိုင်တာဖြစ်တယ်။

ရိုးရာအားကစားနည်းတွေမှာ ပြိုင်ပွဲဝင်နိုင်ငံကလည်း နည်းတဲ့အတွက် ရွှေတံဆိပ်မရခဲ့ရင်တောင် ဆုတံဆိပ်ပြေးမလွတ်တာကြောင့်ဖြစ်တယ်။ ဥပမာအားဖြင့် ဗိုဗီနစ်၊ ပီတန်း၊ အားနစ်၊ ရိုးရာလှေ၊ ခြင်းလုံးနဲ့ မွေထိုင်းခေါ် ခမာလက်ဝှေ့အားကစားနည်းတွေကနေ မြန်မာအားကစားအဖွဲ့အတွက် ဆုတံဆိပ်တွေရရှိနိုင်တာကြောင့်ဖြစ်တယ်။ ဒါပေမဲ့ မြန်မာ အားကစားအဖွဲ့ရဲ့ အဓိကပြိုင်ဘက်နိုင်ငံက အိမ်ရှင်ကမ္ဘောဒီးယားဖြစ်နေတာကြောင့် ဆုတံဆိပ်ပိုရနိုင်ပေမဲ့ အိမ်ရှင်ကို ကျော်တက်နိုင်ဖို့တော့ လွယ်ကူမှာမဟုတ်ပါဘူး။

ရွှေတံဆိပ်မျှော်လင့်ချက်

မြန်မာအားကစားအဖွဲ့ဟာ အားကစားနည်း ၁၉ မျိုးကနေ ရွှေတံဆိပ် ၁၇ ခု၊ ငွေတံဆိပ်၂၉ ခု၊ ကြေးတံ ဆိပ် ၃၆ ခုနဲ့ စုစုပေါင်း ဆုတံဆိပ် ၈၂ ခု ရရှိဖို့ မျှော်မှန်းထားကြောင်း စကစ လက်အောက်ခံ အားကစားနဲ့ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးအောင်က ပြောထားတယ်။

ပိုက်ကျော်ခြင်းနဲ့ ခြင်းလုံး၊ ပီတန်း၊ ရိုးရာလှေ၊ ဗိုဗီနမ်၊ ဝူရှူး၊ ဘိလိယက်နဲ့ စနူကာပြိုင်ပွဲတွေမှာ မြန်မာအားကစားအဖွဲ့က ရွှေတံဆိပ်မျှော်လင့်နိုင်ပြီး တခြားအားကစားနည်းတွေမှာတော့ ရွှေတံဆိပ်ရဖို့ မလွယ်ကူနိုင်ပါဘူး။ 

မြန်မာအားကစားအဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ်မှာ ရွှေတံဆိပ်၉ ခု၊ ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းမှာ ရွှေတံဆိပ် ၄ခု၊ ၂၀၁၇ မလေးရှားဆီးဂိမ်းမှာ ရွှေ့တံဆိပ်၇ ခု၊ ၂၀၁၅ စင်ကာပူဆီးဂိမ်းမှာ ရွှေ့ဆိပ်၁၂ခု သာရရှိခဲ့ပြီး နိုင်ငံအလိုက် အဆင့် ၇ နေရာတွေမှာပဲ ၄ ကြိမ်ဆက်တိုက်ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲနှစ်ကြိမ်မှာတော့ ရွှေတံဆိပ်ရယူနိုင်မှုမှာ ကမ္ဘောဒီးယားနဲ့ တူညီခဲ့ပေမဲ့ ငွေနဲ့ကြေးရရှိမှုမှာ ပိုများခဲ့တာကြောင့်သာ အဆင့် ၈ နေရာ မရောက်ခဲ့တာပါ။ ဒါပေမဲ့ အခုနှစ် ဆီးဂိမ်းအိမ်ရှင်က ကမ္ဘောဒီးယားဖြစ်တာကြောင့် အိမ်ရှင်အသင်းပီပီ တခြားပြိုင်ပွဲတွေထက် ရွှေတံဆိပ် အရေအတွက် ပိုမိုများပြားမှာသေချာနေပြီး မြန်မာအားကစားအဖွဲ့ထက် ရွှေတံဆိပ်ပိုမိုရရှိမှာကလည်း သေချာနေပါတယ်။ ဒီအခြေအနေက မြန်မာအားကစားအဖွဲ့အတွက် နိုင်ငံအလိုက် အဆင့် ၈ နေရာကို ရောက်ရှိစေမှာဖြစ်ပြီး လာအို၊ ဘရူနိုင်းနဲ့ အရှေ့တီမော အသင်းတို့ရဲ့အထက်မှာပဲရပ်တည်နိုင်ဖို့ရှိ နေပါတယ်။

အိမ်ရှင်လုပ်ခဲ့တဲ့ ၂၀၁၃ ပြိုင်ပွဲကလွဲရင် ၁၉၉၃ ခုနှစ် စင်ကာပူဆီးဂိမ်းစ်ကနေ လက်ရှိ အချိန်အထိ နှစ်ပေါင်း ၃၀ အတွင်းမှာ မြန်မာအသင်းရဲ့ နိုင်ငံအလိုက်အဆင့်ရပ်တည်မှုက အဆင့်၇ ထက် မပိုခဲ့ပါဘူး။ ဒါပေမဲ့ ၁၉၉၉ ဘရူနိုင်းဆီးဂိမ်းစ်၊ ၂၀၀၉ လာအိုဆီးဂိမ်းစ်တွေမှာ မြန်မာအားကစား အဖွဲ့က အဆင့် ၈ နေရာကို နှစ်ကြိမ်ရောက်ခဲ့ဖူးတယ်။ ဒီနှစ်ဆီးဂိမ်းစ်မှာလည်း ကမ္ဘောဒီးယားက အိမ်ရှင် နိုင်ငံဖြစ်တဲ့အတွက် မြန်မာအားကစားအဖွဲ့ အဆင့်ရပ်တည်မှုကျဆင်းဦးမှာဖြစ်ပြီး နိုင်ငံအလိုက် အဆင့် ၈ နေရာပဲ ရယူနိုင်ဖို့ရှိနေပါတယ်။

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲ ၁၀ ကြိမ်မှာ မြန်မာအားကစားအဖွဲ့ရဲ့ ဆုတံဆိပ်ရရှိမှု

၂၀၀၃ ဗီယက်နမ်ဆီးဂိမ်းစ် ရွှေ၁၆၊ ငွေ၄၃၊ ကြေး၅၀၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၀၅ ဖိလစ်ပိုင်ဆီးဂိမ်းစ် ရွှေ၁၇၊ ငွေ၃၄၊ ကြေး၄၈၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၀၇ ထိုင်းဆီးဂိမ်းစ် ရွှေ၁၄၊ ငွေ၂၆၊ ကြေး၄၇၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၀၉ လာအိုဆီးဂိမ်းစ် ရွှေ၁၂၊ ငွေ၂၂၊ ကြေး၃၇၊ နိုင်ငံအလိုက်အဆင့် ၈

၂၀၁၁ အင်ဒိုနီးရှားဆီးဂိမ်းစ် ရွှေ၁၆၊ ငွေ၂၇၊ ကြေး၃၇၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၁၃ မြန်မာဆီးဂိမ်းစ် ရွှေ၈၄၊ ငွေ၆၃၊ ကြေး၈၄၊ နိုင်ငံအလိုက်အဆင့် ၂

၂၀၁၅ စင်ကာပူဆီးဂိမ်းစ် ရွှေ၁၂၊ ငွေ၂၆၊ ကြေး၃၁၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၁၇ မလေးရှားဆီးဂိမ်းစ် ရွှေ၇၊ ငွေ၁၀၊ ကြေး၂၀၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းစ် ရွှေ၄၊ ငွေ၁၈၊ ကြေး၅၁၊ နိုင်ငံအလိုက်အဆင့် ၇

၂၀၂၁ ဗီယက်နမ်ဆီးဂိမ်းစ် ရွှေ၉၊ ငွေ၁၈၊ ကြေး၃၅၊ နိုင်ငံအလိုက်အဆင့် ၇

2 days Ago
Up