စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်က၊ စစ်ရှောင်ပြည်သူတွေနဲ့ စစ်ကောင်စီတပ်ရဲ့ နေအိမ်မီးရှို့ဖျက်ဆီးတာခံခဲ့ရတဲ့ ပြည်သူတွေအတွက် ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့က စားနပ်ရိက္ခာနဲ့ အသုံးစရိတ်တချို့ ကူညီထောက်ပံ့ပေးခဲ့ပါတယ်။
ဧပြီ၁၈ ရက်က ကလေးနယ်မြောက်ပိုင်းရှိ ပျဉ်းတော်ဦး၊ ပြည်တော်သာ၊ လက်ပံချောင်း စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဆန်၊ ဆီနဲ့ တခြားစားသောက်ကုန်တွေ အပါအဝင် ငွေကျပ်စုစုပေါင်း သိန်း ၆၀ ဖိုး ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ပြည်တွင်းပြည်ပက ထောက်ပံ့ကူညီလှူဒါန်းတဲ့ ငွေတွေနဲ့ပဲ ကျနော်တို့အဖွဲ့က လိုအပ်နေတဲ့ နေရာတွေကို ပြန်လည်ထောက်ပံ့ပေးတာပါ။ ဆက်လက်ပြီး ထောက်ပံ့ပေးကြပါဦး။ ပါဝင်လှူဒါန်းပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။”
ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်သားတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် ၃,၀၀၀ ဝန်းကျင် မီးလောင်ဆုံးရှုံးထားသလို စစ်ကောင်စီက ကလေးနယ်ကို အင်တာနက်လိုင်းတွေ ဖြတ်တောက်ပြီး သတင်းအမှောင်ချထားတာလည်း ၁ နှစ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။
ကူညီထောက်ပံ့ဖို့ ကျန်ရှိနေတဲ့ စစ်ဘေးရှောင်နဲ့ မီးဘေးသင့်ပြည်သူတွေကို ဆက်လက်ထောက်ပံ့နိုင်ဖို့ ကြိုးစားနေပြီး ပြည်တွင်းပြည်ပ အလှူရှင်တွေအနေနဲ့ ကလေးဒေသ စစ်ရှောင်ကူညီရေးအဖွဲ့ဆီ ပူးပေါင်းပါဝင် လှူဒါန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း သာစည်ရွာအနီးမှာ ဧပြီ ၁၂ ရက် ဒီနေ့မနက် အရုဏ် တက်ချိန်မှာ ကလေး PDF တပ်ဖွဲ့ဝင် ၉ ဦး ကားတစ်စီး၊ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရပြီး ၁ ဦး ကျည်ထိမှန်ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က သာစည်ရွာအတိုင်း ဝင်ရောက်ပြီး သာစည်ရွာအနီးမှာရှိတဲ့ ပကဖ စခန်းငယ်ထဲကို ပစ်ခတ်ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ တချို့ ဖမ်းဆီးခံရပြီး တချို့ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ပကဖတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
"မနက် သုံးနာရီဝင်စီးတာခံရတာ။ လွတ်တဲ့သူတွေက လွတ်ကြတယ်။ မနက်အစောကြီးဆိုတော့ မထင်မှတ်ထားကြတာ။ ဖမ်းဆီးခံရတဲ့ ပကဖအဖွဲ့ဝင်တွေကို စိတ်ပူမိတယ်။"
ဖမ်းဆီးရာမှာ ဖုန်းတွေပါ သိမ်းဆည်းခံထားရလို့ ပြောဆိုဆက်သွယ်ဆက်စပ်ရှိသူတွေအနေနဲ့ မြို့တွင်း မြို့ပြင်သတိထားကြဖို့နဲ့ စစ်ကောင်စီကလိုက်လံဖမ်းဆီးနေတယ်လို့ တော်လှန်ရေးအင်အားစုတွေ သတိပေးထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ တာဝန်သိပြည်သူတွေရဲ့ သတင်းပေးချက်အရ ပကဖ တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ အတူ အိမ်စီးကားတစ်စီး အပါအဝင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်း နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပကဖတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးနောက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီက သာစည်ကျေးရွာတွင်းက နေအိမ်တွေကို လိုက်လံမီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ- Fifty two