close

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲ

close

December 7, 2022

ဘရာဇီးကို ကြောက်ရွံ့နေမည်မဟုတ်ဟု ခရိုအေးရှား နည်းပြဒါလစ်ပြော

ကာတာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်မှာ တွေ့ဆုံရမယ့် ဘရာဇီးအသင်းကို ကြောက်ရွံ့နေမှာမဟုတ်ဘူးလို့ ခရိုအေးရှားနည်းပြ ဒါလစ်ကပြောပါတယ်။

ခရိုအေးရှားအသင်းဟာ ဂျပန်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကျော်ဖြတ်လာခဲ့တာဖြစ်ပြီး တောင်ကိုရီးယားကို အနိုင်ယူခဲ့တဲ့ ဘရာဇီးနဲ့ ဒီဇင်ဘာ ၉ ရက်၊ သောကြာ နေ့မှာ ယှဉ်ပြိုင်သွားရမှာပါ။

ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားမှာ အတောင့်တင်းဆုံးနဲ့ အကောင်းဆုံးအသင်းဆိုတာ သိပေမယ့် ကြောက်ရွံ့နေမှာမဟုတ်ကြောင်းနဲ့ ယုံကြည်မှုအပြည့်နဲ့ အခွင့်အရေး ကောင်းတွေကို ရှာဖွေပြီး ဘရာဇီးလိုအသင်းနဲ့ ပွဲစဉ်ကို စိတ်ပျော်ရွှင်စွာနဲ့ ကစားသွားမှာဖြစ်ကြောင်း နည်းပြဒါလစ်က ပြော ပါတယ်။

ဒါ့အပြင် ဘရာဇီးအသင်းကို စိန်ခေါ်နိုင်တယ်လို့ ယုံကြည်ပြီး နောက်တစ်ဆင့်တက်ဖို့ ၅၀- ၅၀ အခြေအနေမဟုတ်ပေမယ့်  အနိုင်ယူဖို့ မဖြစ်နိုင်တဲ့အသင်းလည်းမဟုတ်ကြောင်း နည်းပြ ဒါလစ်က ပြောသွားပါတယ်။ 

2 days Ago

November 27, 2022

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားနှင့် ပိုလန်တို့ နိုင်ပွဲရ

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒီနေ့မနက် အစောပိုင်း ယှဉ်ပြိုင်သွားတဲ့ အုပ်စု (စီ)ပွဲစဉ်တွေမှာ အာဂျင်တီးနားနဲ့ ပိုလန်တို့ အနိုင်ရသွားပြီး မက္ကစီကိုနဲ့ ဆော်ဒီအသင်းတို့ကတော့ ရှုံးပွဲတွေ့ခဲ့ပါတယ်။

ဆော်ဒီအသင်းဟာ ပိုလန်ကို အပြန်အလှန် ခြေရည်တူ လိုက်ကစားနိုင်ခဲ့ပြီး  ပိုလန်အတွက် ဦးဆောင်ဂိုးကိုတော့  ဇယ်လန်းစကီးက သွင်းယူပါတယ်။

ဒီပွဲမှာ ဆော်ဒီအသင်းဘက်ကရတဲ့ ပင်နယ်တီအပါအဝင် အပိုင်ကန်သွင်းချက်တွေကို ပိုလန် ဂိုးသမား လက်စွမ်းပြကာကွယ်နိုင်ခဲ့ပါတယ်။

ပိုလန်အတွက် ဒုတိယဂိုးကိုတော့  ဆော်ဒီနောက်တန်းအမှားကနေ တိုက်စစ်မှုး လီဝမ်းဒေ့ါစကီးက သွင်းယူပါတယ်။

ဒီပွဲနိုင်တဲ့ ပိုလန်ဟာ အုပ်စု (စီ) မှာ ၄ မှတ်နဲ့ ဦးဆောင်နေပြီး အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့ အာဂျင်တီးနားနဲ့ပွဲမှာ သရေတမှတ်ရရုံနဲ့  ပိုလန်အနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ 

အုပ်စု (စီ)မှာတခြားပွဲစဉ်မှာတော့  နာမည်ကြီး အာဂျင်တီးနားက မက္ကဆီကိုအသင်းကို ၂ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးကို တိုက်စစ်မှူး မက်ဆီက ဒုတိယပိုင်း ၆၄ မိနစ်ကျမှ  သွင်းယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ အာဂျင်တီးနားအသင်း ဘောလုံးပိုင်ဆိုင်မှု အသာစီး ယူနိုင်ပေမဲ့ ဂိုးပေါက် ကန်သွင်းချက် ၃ ကြိမ်ပဲ ရပြီး ၂ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယဂိုးကို ဖာနန်ဒက်စ်က သွင်းယူပါတယ်။ 

ဒီပွဲနိုင်လို့ အာဂျင်တီးနားဟာ ၃ မှတ်ရပြီး အုပ်စုကနေ နောက်တဆင့် တက်ရေးအတွက် မျှော်လင့်ချက် ရှိသွားပါတယ်။  ဒီပွဲနိုင်တဲ့ အာဂျင်တီးနားက အုပ်စု (စီ)မှာ ၃ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။ 

2 weeks Ago
Up