တရုတ်နိုင်ငံအလယ်ပိုင်း ဟီနန်ပြည်နယ် ကျန့်ကျိုးမြို့ရှိ ကျန်းရှင်းဟွမ်းဟာ တံတားပေါ်မှာ ဒီဇင်ဘာ ၂၈ ရက်က မော်တော်ကားတွေ ဒါဇင်နဲ့ချီ တိုက်မိပြီး လူတဦး သေဆုံးခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ကြေညာပါတယ်။
ကယ်ဆယ်ရေးသမားတွေက ကားအစီးရေ ၂၀၀ ကျော် အချင်းချင်းတိုက်မိခဲ့ကြောင်း ပြောကြပြီး နိုင်ငံပိုင်မီဒီယာကတော့ ခုလို ကားတွေတိုက်မိကြရခြင်းရဲ့ အကြောင်းရင်းက မြူတွေ အရမ်းမှိုင်းနေတာကြောင့်လို့ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံရဲ့ တွစ်တာလို့ဆိုရမယ့် ဝေဘို ပလက်ဖောင်းပေါ်မှာ မျှဝေထားတဲ့ ဗွီဒီယိုဖိုင်မှာ ကျန်းရှင်းဟွမ်းဟာ တံတားပေါ်မှာ ကားတွေ၊ ထရပ်ကားတွေ အများအပြား တွန့်ခေါက်ကြေနေအောင် တိုက်မိထားပြီး ထိပ်တဖက်စီမှာ စုပုံနေကာ လူတွေလည်း ကွေ့ပတ်ရှောင်ကွင်း သွားလာနေကြတာတွေကို တွေ့ရပါတယ်။
ရိုက်တာအနေနဲ့ ဖိုင်ထဲကပုံတွေနဲ့ကိုက်ညီတဲ့ ဗွီဒီယိုဖိုင်ထဲမှာမြင်တွေ့ရတဲ့ ဆိုင်းဘုတ်တွေ၊ ရဲယူနီဖောင်းတခုနဲ့ ကားလိုင်စင်ပြားတွေပေါ်က အညွှန်းတွေကနေ တည်နေရာ ရှာဖွေနိုင်ခဲ့ပါတယ်။
ဗွီဒီယိုထဲက ရာသီဥတုကလည်း မိုးလေဝသ သတင်းရင်းမြစ် အသီးသီးက ဖော်ပြထားတဲ့ လက်ရှိခန့်မှန်းချက်နဲ့ ကိုက်ညီနေတာပါ။
ကျန့်ကျိုး အပါအဝင် နေရာအများအပြားမှာ မြင်နိုင်စွမ်း မီတာ ၅၀၀ နဲ့ တချို့နေရာတွေမှာ ဒီနေ့မနက်ပိုင်းက မီတာ ၂၀၀ အောက်သာ မြင်နိုင်စွမ်းရှိကြောင်း ဒေသဆိုင်ရာ မိုးလေဝသဌာနမှ သိရပါတယ်။
ဒဏ်ရာရသူ အများစုဟာ သူတို့ရဲ့ယာဉ်တွေအတွင်း ပိတ်မိနေပြီး သူတို့ကို ကူညီပေးဖို့ မီးသတ်ဦးစီးဌာနက မီးသတ်ကား ၁၁ စီးနဲ့ မီးသတ်ကယ်ဆယ်ရေးဝန်ထမ်း ၆၆ ဦးတို့ကို စေလွှတ်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
အမေရိကန်နိုင်ငံ၊ မက်ဆာချူးဆက်ပြည်နယ်၊ ဟင်းင်ဟမ်မှာရှိတဲ့ Apple စတိုးဆိုင်ထဲကို နိုဝင်ဘာ ၂၁ ရက်က ယာဉ်ဝင်တိုက်မှုဖြစ်ပွားပြီး လူတဦးသေဆုံးကာ အနည်းဆုံး ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ရဲတပ်ဖွဲ့ဟာ ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာက ဓာတ်ပုံတွေမှာတော့ စတိုးဆိုင်အပြင်ဘက်မှာ မှန်ချပ်တွေကို ထိုးခွဲဝင်တိုက်ခဲ့တဲ့ SUV တစီးကို ရဲတွေက ယာယီတဲတွေ တပ်ဆင်ထားပါတယ်။ ဒဏ်ရာရသူတွေကို ကုသပေးမယ့် ဆေးမှူးတွေလည်း အခင်းဖြစ်ရာမှာ ရောက်ရှိနေပါတယ်။
အနက်ရောင် SUV ကားဟာ စတိုးဆိုင်ရဲ့ ပြတင်းမှန်ချပ်တွေကို ထိုးဝင်လာပြီး လူအများအပြားကို တိုက်မိခဲ့တယ်လို့ ပလိုင်းမောက်သ်ကောင်တီ ခရိုင်ရှေ့နေ တင်မ်ခရုဇ်က သတင်းစာရှင်းလင်းပွဲတခုမှာ ပြောပါတယ်။
ဈေးဝယ်သူ ၁၆ ယောက်လောက် ဆေးရုံမှာ ဆေးကုသမှု ခံယူနေရကာ အဲဒီယာဉ်မောင်းကို ရဲက ဖမ်းဆီးထားတယ်လို့ ခရုဇ်က ပြောပါတယ်။
ယာဉ်တိုက်မှုဖြစ်ပွားချိန်မှာ စတိုးဆိုင်အတွင်း လူဘယ်လောက်ရှိကြောင်း အာဏာပိုင်တွေက အတည်မပြုနိုင်သေးပေမဲ့ ဒေသတွင်း မီဒီယာတွေမှာတော့ အထဲမှာ လူအများအပြား ပိတ်မိနေတယ်လို့ ဖော်ပြပါတယ်။ ကားဝင်တိုက်မှုဖြစ်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။