close

ကိုရာဇာ

close

December 30, 2022

NCA HIV/AIDS ဂေဟာတာဝန်ခံ ကိုရာဇာကို စစ်ကောင်စီက ထောင်ဒဏ် ၃ နှစ်ချမှတ်

ရန်ကုန်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မှာ မိဘမဲ့ကလေးငယ်တွေနဲ့ ဝေဒနာရှင်တွေကို ကူညီစောင့်ရှောက်ပေးနေတဲ့ NCA HIV/AIDS  ဂေဟာတာဝန်ခံ ကိုရာဇာ (ခ) ကိုစိုးရာဇာထွန်းကို  ဒီဇင်ဘာ ၂၈ ရက် မနက်က အင်းစိန်အကျဥ်းထောင် အထူးတရားရုံးကနေ ထောင်ဒဏ် ၃  နှစ်ချလိုက်တယ်လို့ ရှေ့နေ အသိုက်အဝန်းကနေ သိရပါတယ်။

ကိုရာဇာကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (ဂ)နဲ့ ထောင်ဒဏ် ၃ နှစ်ချလိုက်တာဖြစ်တယ်လို့  ရှေနေတစ်ဦးက  ပြောပါတယ်။

NAC စင်တာတာဝန်ရှိသူတစ်ဦးကလည်း "သူ့ကို ပုဒ်မ ၅၂ (ဂ)နဲ့ပဲချတာ တခြားအမှုတော့ မရှိတော့ ဘူးလို့သိရတယ်။ တစ်မှုတည်းပဲချတာ နှစ်မှုမဟုတ်ဘူး" လို့ ရှင်းပြပါတယ်။

ကိုရာဇာကို စစ်ကောင်စီတပ်က မတ်လ ၂ ရက်မှာ ဖမ်းဆီးခဲ့ပြီး  အရှေ့ဒဂုံမြို့မရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

9 mins Ago

March 3, 2022

HIV/AIDS ဝေဒနာရှင်များကို ကူညီစောင့်ရှောက်ပေးနေသည့် ကိုရာဇာကို စစ်ကောင်စီ ဖမ်းဆီး

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းနဲ့အတူ HIV/AIDS ဝေဒနာရှင်တွေကို ရန်ကုန်မြို့မှာ ကူညီစောင့်ရှောက်ပေးနေတဲ့ အန်အယ်လ်ဒီပါတီဝင် ကိုရာဇာကို မတ်လ ၂ ရက်နေ့ မနက်ပိုင်းမှာ ဒဂုံမြို့သစ်အရှေ့ပိုင်း ရဲစခန်းက ဖမ်းဆီးသွားပါတယ်။

ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ဒေါ်ဖြူဖြူသင်း ထူထောင်ထားတဲ့ HIV လူနာတွေကို ကူညီစောင့်ရှောက်ပေးတဲ့ဂေဟာမှာ ကိုရာဇာကို လာရောက်ဖမ်းဆီးသွားတာဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ၊ PDF တွေကို ငွေကြေးထောက်ပံ့မှုတွေနဲ့ တရားစွဲထားတယ်လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“ဒဂုံအရှေ့က HIV လူနာတွေအတွက် ဒေါ်ဖြူဖြူသင်း ထူထောင်ထားတဲ့ ဂေဟာမှာပဲ ဖမ်းသွားတာ။ မတ်လ ၂ရက်နေ့ မနက်ပိုင်းက ဖမ်းသွားတယ်။ ဖမ်းတယ်ဆိုတာထက် မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတာ။ ဒဂုံအရှေ့ရဲစခန်းကနေ လာခေါ်တာ။ လတ်တလောအထိ ရဲစခန်းမှာ ရိုက်တာနှက်တာမျိုး မရှိဘူး။ သူ့ကိုသွားတွေ့ပြီး ကူညီပေးတဲ့တယောက်ကို ပြောလိုက်တာက ရှေ့နေခေါ်ပြီး ရင်ဆိုင်ဖို့ပဲ ကြိုးစားရမယ်တဲ့။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေရယ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်မှု ကိစ္စရယ် အဲ့ဒီ ၂ ခုနဲ့ တရားစွဲတယ်လို့ ပြောလိုက်တယ်။” လို့ မိသားစုဝင်တယောက်က ပြောပါတယ်။

ကိုရာဇာဟာ နဝတ၊ နအဖ စစ်အစိုးရ လက်ထက်ကတည်းက နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အန်အယ်လ်ဒီ လူငယ်တယောက်ဖြစ်ပြီး ပရဟိတလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်သူဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် မဖြူဖြူသင်း မရှိချိန်မှာ ဂေဟာမှာ ခိုလှုံနေကြတဲ့ မိဘမဲ့ကလေးငယ်တွေအပါအဝင်   HIV/AIDS ဝေဒနာရှင်တွေကို ကူညီစောင့် ရှောက်ပေးနေတာ ဖြစ်ပါတယ်။

10 months Ago
Up