close

ကျဆင်း

close

March 1, 2023

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့နယ်စပ်ကုန်သွယ်မှု သိသိသာသာ ကျဆင်းနေ

ပုံမှန်နှစ်တွေမှာ တနှစ်ကို ပျမ်းမျှတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော် ရှိခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုပမာဏဟာ စစ်တပ်အာဏာသိမ်းပြီးနောက်မှတော့ ဘီလီယံနဲ့ချီပြီး သိသိသာသာ လျော့နည်း ကျဆင်းလာပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုစာရင်းအရ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် တနှစ်ပြည့်ဖို့ တလကျော်အလိုမှာ မြန်မာ့နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံကျော်သာ ရှိပါတယ်။ ဒီပမာဏက စစ်တပ်အာဏာမသိမ်းမီ ပုံမှန်နှစ်တွေမှာရှိခဲ့တဲ့ နယ်စပ်ကုန်သွယ်မှု တန်ဖိုးရဲ့ ၇၀ ရာခိုင်နှုန်းဝန်းကျင်ပဲ ရှိပါတယ်။

မြန်မာ့နယ်စပ်ကုန်သွယ်မှုကို နှစ်အလိုက် ပြန်ကြည့်မယ်ဆိုရင် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၂၈၇ ဘီလီယံ၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆၃၅ ဘီလီယံ ဒေါ်လာ၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၁၆၇ ဘီလီယံ အသီးသီးရှိခဲ့ပြီး စစ်ကောင်စီလက်ထက် ၂၀၂၁-၂၀၂၂ မီနစ်ဘတ်ဂျက် (၆လ) မှာတော့ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆၁၅ ဘီလီယံကျော်သာ ရှိခဲ့ပါတယ်။

နယ်စပ်ကုန်သွယ်ရေး အခုလို နှောင့်နှေးကျဆင်းလာရတဲ့အပေါ် ကုန်သွယ်ရေးလုပ်ငန်း အသိုင်းအဝိုင်းက ကိုဗစ်ရောဂါ သက်ရောက်မှု၊ ကုန်သွယ်ရေးနဲ့ ငွေကြေးမူဝါဒ အပြောင်းအလဲတွေ၊ ကုန်သွယ်ရေးဆိုင်ရာ ကန့်သတ်ချက်တွေ၊ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲတွေနဲ့ သက်ဆိုင်နေတယ်လို့ ထောက်ပြ သုံးသပ်ကြပါတယ်။

ကုန်သည်လုပ်ငန်းရှင်တဦးက “ပထမက ငွေကြေးမူဝါဒပေါ့၊ ခုတမျိုး တော်ကြာတမျိုးတွေ ပြောင်းနေတာလေ။ နောက်တခုက ကုန်ပို့မယ်ဆိုရင် ပို့ကုန်လိုင်စင်ရဖို့၊ နယ်စပ်ကို သယ်ယူခွင့်ရဖို့အတွက်က အဆင့်ဆင့်တွေ လုပ်ရတယ်။ မလိုအပ်ဘဲ ကုန်ကျစရိတ်တွေ ပိုများလာတယ်” လို့ ပြောပါတယ်။

အရင်က နယ်စပ်ကုန်သွယ်ရေးမှာ တရုတ်-မြန်မာ ကုန်သွယ်ရေးက အများဆုံးဖြစ်နေရာက ၂၀၂၁–၂၀၂၂ မီနီဘတ်ဂျက်ကနေစပြီး မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးက သိသိသာသာ တိုးတက်လာပြီး မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးပမာဏကို ကျော်တက်သွားပါတယ်။ ဒါဟာလည်း ကိုဗစ်ကပ်ရောဂါကြောင့် တရုတ်ဘက်က ကန့်သတ်လိုက်တာတွေကြောင့်လည်း ပါပါတယ်။

စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကုန်သွယ်မှုစာရင်းတွေ အရဆိုရင် အခု ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၇ ရက်အထိ ၁၀ လကျော်အတွင်းမှာ တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော်ရှိပြီး မြန်မာ−ထိုင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်အထိ ရှိပါတယ်။

ဒါပေမဲ့ လက်ရှိနိုင်ငံရေးအခြေအနေအရ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ လုံခြုံရေးဆိုင်ရာ အခက်အခဲတွေကြောင့် မြန်မာ-ထိုင်း ကုန်သွယ်ရေးရဲ့ အဓိကဖြစ်တဲ့ မြဝတီ ကုန်သွယ်ဂိတ်မှာ ကုန်သွယ်ရေး နှောင့်နှေးမှုတွေ၊ မရေရာမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကုန်သည်တွေထံက သိရပါတယ်။

ကုန်သည်လုပ်ငန်းရှင်တဦးက “မူဝါဒတွေ ကန့်သတ်ချက်တွေကြောင့်လည်း အခက်အခဲဖြစ်တယ်။ ပြီးတော့ မြန်မာ-ထိုင်း ကုန်သွယ်ရေးက လမ်းကြောင်းလုံခြုံရေး အခြေအနေအပေါ် မူတည်နေတယ်။ အခုတော့ လမ်းကြောင်း ပုံမှန်ပြန်ဖြစ်နေပြီဆိုပေမဲ့ ဘယ်ချိန် ထဖြစ်မလဲ မသိဘူးလေ။ ဒီလိုပဲ အခြေအနေစောင့်ကြည့်ပြီး ကုန်သည်တွေကတော့ အဆင်ပြေအောင် လုပ်နေကြတာပေါ့။ ကုန်ပစ္စည်းကားအရေအတွက်တော့ အရင်ထက်စာရင် နည်းသွားတယ်” လို့ ပြောပါတယ်။

မကြာသေးခင်ကတော့ ကိုဗစ်ကြောင့် ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့တဲ့ နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို တရုတ်ဘက်က ပြန်ဖွင့်လိုက်ပြီး ကိုဗစ်စည်းကမ်းချက်တွေကိုလည်း ဖြေလျေှာ့လိုက်တာကြောင့် တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ကုန်သွယ်ဂိတ်ဖြစ်တဲ့ မူဆယ်မှာ ကုန်သွယ်ရေး ပြန်အားကောင်းလာပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းခင် ပုံမှန်နှစ်တွေနဲ့ ယှဉ်ရင်တော့ မူဆယ်ကုန်သွယ်ရေးက သိသိသာသာ လျော့နည်း ကျဆင်းနေဆဲပါ။

မူဆယ်ကုန်သွယ်ရေးမှာ ပုံမှန်နှစ်တွေက တနှစ်ကို ပျမ်းမျှကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဘီလီယံကျော် ရှိခဲ့ပေမဲ့ စစ်ကောင်စီ တာဝန်ယူထားတဲ့ ၂၀၂၁-၂၀၂၂ မီနစ်ဘတ်ဂျက် ၆ လမှာ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်သာ ရှိခဲ့ပြီး အခုဘဏ္ဍာနှစ် ၁၀ လကျော်မှာလည်း ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်သာ ရှိပါတယ်။ ဒါကြောင့် စစ်တပ်အာဏာသိမ်းပြီးနောက်မှာ ကုန်သွယ်မှု ထက်ဝက်ကျော် လျော့နည်း ကျဆင်းလာတာပါ။ အလားတူ မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်း ၁၅ ခုရှိတဲ့အထဲ အများစုမှာ ကုန်သွယ်မှု လျော့ကျ ကျဆင်းနေတာ တွေ့ရပါတယ်။

စစ်ကောင်စီလက်အောက်ခံ စီးပွားရေးနဲ့ ကူးသန်းရောင်း၀ယ်ရေး ဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်တဲ့ တရားဝင်စာရင်းတွေအရ အခု ၂၀၂၂−၂၀၂၃ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်ကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့အထိ ၁၀ လကျော်အတွင်းမှာ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉ ဘီလီယံကျော်ရှိပြီး ပင်လယ်ရေကြောင်း ကုန်သွယ်မှုက အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၇ ဘီလီယံကျော် ရှိပါတယ်။

1 week Ago

February 21, 2023

မြန်မာပြည်တွင်း ကြက်သွန်နီဈေးနှုန်း ကျဆင်း

ပြည်ပကို တင်ပို့မှု ရှိနေပေမဲ့ ကြက်သွန်နီစျေးနှုန်းတွေ  နှစ်လကျော်ကာလအတွင်းမှာ တစ်ပိဿာကို ကျပ် ၃၀၀၀ ကျော်အထိ ပြန်လည်ကျဆင်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းက ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြက်သွန်နီ တစ်ပိဿာကို အမြင့်ဆုံးစျေး ကျပ် ၄၇၀၀ ထိရှိခဲ့ပေမဲ့ လက်တလောမှာတော့ တစ်ပိဿာကို အမြင့်ဆုံးစျေး ၁၆၀၀ ကျပ်ထိ ကျဆင်းနေတာပါ။

ရန်ကုန် လက်လီစျေးကွက်မှာလည်း ပြီးခဲ့တဲ့လအနည်းငယ်က ကြက်သွန်တစ်ပိဿာကို ကျပ် ၆၀၀၀ အထက်အထိ စံချိန်တင် မြင့်တက်ခဲ့ပေမဲ့ အခုအခါ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ပြန်ကျဆင်း နေပါတယ်။ တောင်သူစျေး အခင်းစျေးအနေနဲ့ကတော့ ဆိပ်ဖြူ‌ဒေသမှာ တစ်ပိဿာကို ကျပ် ၉၅၀ ဝန်းကျင်သာ ပေါက်စျေးရှိနေတယ်လို့ သိရပါတယ်။

အခုနှစ်မှာ ဓာတ်မြေသြဇာ၊ စက်သုံးဆီနဲ့ အထွေထွေကုန်ကျစရိတ်တွေ ကြီးမြင့်ပြီး စိုက်ပျိုးစရိတ် ပိုကုန်ကျခဲ့တာကြောင့် တစ်ပိဿာကို ကျပ် ၂၀၀၀ ရရှိမှသာ တောင်သူ တွက်ခြေကိုက်နိုင်မယ်လို့ စိုက်ပျိုးတောင်သူတွေထံက သိရပါတယ်။

ဆိပ်ဖြူမြို့နယ်က ကြက်သွန်စိုက်တောင်သူတစ်ဦးက“ ကြက်သွန်စျေးက တောက်လျှောက် ဆင်းနေတာ။ အရင်နှစ်တွေက ဒီစျေးပေါက်ရင်တော့ ဒါမဆိုးဘူပေါ့။ အခုက မြေသြဇာစျေး၊ ဆီစျေးတွေ စျေးကြီးနေတော့ စိုက်စရိတ်က ပိုကြီးလာတယ်။ ဒီကုန်ကျစရိတ်နဲ့ဆို ကြက်သွန်တစ်ပိဿာ ၂၀၀၀ လောက်ဖြစ်မှ တောင်သူ အလုပ်ဆက်လုပ်နိုင်မယ်” လို့ ပြောပါတယ်။

ဒါ့အပြင်လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ် ကြီးမြင့်မှုကလည်း ပြည်တွင်းကြက်သွန်နီစျေးကွက်အပေါ် သက်ရောက်မှုတွေရှိနေတယ်လို့ ကြက်သွန်ကုန်သည်တွေ ထံက သိရပါတယ်။

မြန်မာနိုင်ငံမှာ ကြက်သွန်နီဧက ၁ ဒသမ ၇ သိန်းကျော် စိုက်ပျိုးပြီး၊ နှစ်စဉ်တန်ချိန် တစ်သန်းကျော် ထွက်ရှိပေမဲ့ ပြည်ပတင်ပို့မှုကတော့ တစ်နှစ်ကို တန်ချိန် တစ်သိန်း ဝန်းကျင်သာရှိတယ်လို့ သိရပါတယ်။

ဒါကြောင့် ကြက်သွန်နီအထွက်နှုန်းနဲ့ ပြည်ပတင်ပို့နိုင်မှုတို့အပေါ် မူတည်ပြီး ကြက်သွန်စျေး အပြောင်းအလဲ ဖြစ်ပေါ်လေ့ ရှိပါတယ်။ လာမယ့် မတ် ၊ ဧပြီနဲ့ မေလတွေ‌‌ကလည်း နွေကြက်သွန်နီ ထွက်ရှိချိန်ဖြစ်ပြီး စျေးလျေ့ာနည်းလေ့ ရှိပါတယ်။

ပြီးခဲ့တဲ့ သီးတင်းပတ်က ပြည်တွင်း ကြက်သွန်နီစျေး တည်ငြိမ်ဖို့နဲ့ ဖိလစ်ပိုင်အပါအဝင် ပြည်ပဈေးကွက်တိုးမြှင့်တင်ပို့နိုင်ဖို့ အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနဲ့ စားဖိုချောင်သီးနှံတွေ စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းနဲ့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာန တာဝန်ရှိ သူတွေ တွေ့ဆုံ ဆွေး‌နွေးခဲ့ကြပါတယ်။

ကြက်သွန်ကုန်သည်တစ်ဦးက “ဖိလစ်ပိုင်ကို တင်ပို့မယ်လို့ သတင်းတွေ ထွက်လာတယ်။ တစ်ခြားနိုင်ငံ ဝယ်လက်များများရှိမှ အဆင်ပြေမှာ၊ ပြည်တွင်းသုံးပဲ ဆိုရင်တော့ မလွယ်ဘူး”လို့ မှတ်ချက်ပြုပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ ကြက်သွန်ကို ပြည်တွင်းဈေးကွက် အပြင် ပြည်ပဈေးကွက်တွေဖြစ်တဲ့ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ဗီယက်နမ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝယ်ယူနေတာပါ။

အခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကို ကြက်သွန်နီတန်ချိန် ၈၀၀၀၀ ကျော် တင်ပို့ရောင်းချထားပြီးဖြစ်တယ်လို့ သိရပြီး လာမယ့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာတော့ ပြည်ပကို ကြက်သွန်နီတန်ချိန် တစ်သိန်း တင်ပို့ရောင်းချ သွားဖို့ရှိနေပါတယ်။

မြန်မာကြက်သွန်နီဈေးဟာ ပြီးခဲ့တဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်မှာလည်း ကိုဗစ်ရောဂါဂယက်ကြောင့် စိုက်ပျိုးစရိတ် အောက်ထိ ရောက်ခဲ့ရပြီး တောင်သူတွေ အရှုံးပေါ်ခဲ့ရပါတယ်။ 

3 weeks Ago
Up