close

ခမောက်ကြီးမြို့

close

April 22, 2023

ခမောက်ကြီး ဒေသခံ ၇ ဦး ဖမ်းဆီးခံရ

တနင်္သာရီတိုင်း ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ရှမ်းကိုးရွာဒေသရှိ ကျေးရွာတွေမှာ ၂ ရက်အတွင်း စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ ကျေးရွာသား ၇ ဦးအထိ ရှိတယ်လို့ ဒေသခံတွက ပြောပါတယ်။

ဧပြီ ၂ဝ ရက်နေ့ မနက်က မာရမ်းကျေးရွာနေ ကိုလွင်ဦးနဲ့ ခမောက်ကြီးမြို့ အမှတ်(၄)ရပ်ကွက်က ကိုဆန်းမင်းဦးတို့ကို စစ်ကောင်စီတပ်သားတွေက စစ်ဆေး မေးမြန်းမလို့ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူ ၂ ဦးမှာ အသက် ၄ဝ ဝန်းကျင်အရွယ်ရှိပြီးတော့ ဥယျာဉ်ခြံလုပ်ငန်းနဲ့ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်နေကြသူတွေလို့ သိရပါတယ်။

ဒေသခံတဦးက "သူတို့ကိုဘာကြောင့်ဖမ်းသွားလဲတော့မသိဘူး။ ဒီမှာက တိုက်ပွဲဖြစ်ရင် မဆီမဆိုင် ရွာသားတွေကို ဝင်ဖမ်းတာပဲ" လို့ ပြောပါတယ်။

နောက်တနေ့  မနက် ၉ နာရီမှာလည်း ဆိပ်ဖူးကျေးရွာက ဦးသောင်းဝင်း အပါအဝင် သားဖြစ်သူ အသက် ၂ဝ ကျော်အရွယ် ကိုကျော်မျိုးဦး နဲ့ ကိုကျော်နိင်ဦး တို့ကို စစ်ကောင်စီ တပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။

ကော့သောင်းပြည်သူ့ကာကွယ်ရေးတာဝန်ရှိသူတဦးက "ဒေသတခု တိုက်ပွဲဖြစ်လို့ သက်ဆိုင်သူတွေ လက်နက်ကိုင်တဖက်နဲ့ တဖက်ကြားမှာ ဖမ်းဆီးစစ်ဆေးတာမျိုးက ဖြစ်သင့် ပေမဲ့ မဆိုင်တဲ့ ပြည်သူတွေကို အခုလို ဖမ်းဆီးတာကြတော့ လူ့အခွင့်အရေးချိုးဖောက်တာပါ”လို့  ပြောပါတယ်။

ဒါ့အပြင် လုံးဖောကျေးရွာက အသက် ၃ဝ အရွယ် အမျိုးသမီး ၁ ဦးနဲ့ ခမောက်ကြီးမြို့ နား ကယုဇနဆီအုန်းစိုက်ပျိုးရေးဇုန် ၂ က အသက် ၃ဝ အရွယ် ကိုညီအောင်တို့ကို ထပ်မံ ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ဧပြီ ၁၆ ရက်က ဆိပ်ဖူးကျေးရွာမှာ ပျူစောထီးခေါင်းဆောင် ၂ ဦး ရှင်းလင်း ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ ရှမ်းကိုးရွာဒေသတွေမှာ ဝင်ရောက်ရှာဖွေပြီး ဖမ်းဆီးစစ်ဆေး‌နေတာလို့ သိရပါတယ်။

2 days Ago
Up