ခရိုအေးရှားနိုင်ငံဟာ ရှန်ဂန်နယ်မြေနဲ့ ယူရိုဇုန်ထဲကို အဖွဲ့ဝင်အဖြစ် ဝင်လာတဲ့အတွက် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဇန်နဝါရီ ၁ ရက်မှာ ဂုဏ်ပြုစကား ပြောကြားလိုက်ပါတယ်။
“ဒါဟာ အစပြုမှုအသစ်တွေနဲ့ ကဏ္ဍသစ်တွေရဲ့ ရာသီတခုပါပဲ” လို့ ဆလိုဗေးနီးယားနယ်စပ်က ဘရက်ဂါနာ နယ်စပ်ဖြတ်ကျော်ရေးစခန်းမှာ ဗွန်ဒါေလယန်က ပြောလိုက်တာပါ။
ခရိုအေးရှားဝန်ကြီးချုပ်က သူ့နိုင်ငံဟာ ရှန်ဂန်နဲ့ ယူရိုဇုန် နှစ်ခုစလုံးမှာ ပထမဆုံးပါဝင်တဲ့နိုင်ငံ ဖြစ်ပြီလို့ အဲဒီနေ့မှာ ပြောခဲ့ပြီး ဆလိုဗေးနီးယားသမ္မတကလည်း အောင်မြင်မှုအတွက် ခရိုအေးရှားနိုင်ငံသားအားလုံးကို ဂုဏ်ပြုတယ်လို့ ပြောခဲ့ပါတယ်။
တနင်္ဂနွေနေ့ သန်းခေါင်ယံမှာ ရဲတွေက ဆိုင်းဘုတ်တွေကို ဖယ်ရှားခဲ့ပြီး ဘရက်ဂါနာ နယ်စပ်စခန်းမှာ ‘လွတ်လပ်စွာ ဖြတ်သန်းခွင့်’ ဆိုတဲ့ ဆိုင်းဘုတ်စာတန်းကို မစိုက်ထူမီ နောက်ဆုံး အတားအဆီးတခုကို ရုပ်သိမ်းလိုက်ပါတယ်။
ဥရောပသမဂ္ဂ ၂၂ နိုင်ငံအပြင် ဥရောပပေါင်းစည်းမှုရဲ့ အဓိကအောင်မြင်မှုတွေထဲက တခုအဖြစ် ရှုမြင်ခံထားရတဲ့ ကမ္ဘာ့အကြီးဆုံး လွတ်လပ်စွာ ခရီးသွားလာရေးနယ်မြေဖြစ်တဲ့ ရှန်ဂန်နယ်မြေထဲမှာ လစ်ချ်တန်စတိန်း၊ အိုက်စလန်၊ နော်ဝေနဲ့ ဆွစ်ဇာလန်တို့လည်း ပါပါတယ်။
ခရိုအေးရှားနဲ့ အိမ်နီးချင်း အီတလီ၊ ဟန်ဂေရီနဲ့ ဆလိုဗေးနီးယားတို့ကြား ကုန်းကြောင်းနဲ့ ရေကြောင်း နယ်နိမိတ် ထိန်းချုပ်မှုတွေကို ရပ်ဆိုင်းလိုက်ပြီလို့ ဗွန်ဒါေလယန်က ပြောခဲ့ပါတယ်။
ခရိုအေးရှားနဲ့ တခြား ရှန်ဂန်နိုင်ငံတွေအကြား ပျံသန်းမှုဆိုင်ရာ နိုင်ငံကူးလက်မှတ်ထိန်းချုပ်မှု ကတော့ မတ်လမှ ကုန်ဆုံးမှာပါ။
ခရိုအေးရှားက ဥရောပဗဟိုဘဏ်ငွေကြေးအစုအဖွဲ့ရဲ့ နံပါတ် ၂၀ မြောက် အဖွဲ့ဝင်အဖြစ် ယူရိုဇုန်ထဲဝင်လာတာ ဖြစ်ပါတယ်။
ကာတာကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဒီနေ့ မနက်အစောပိုင်းကန်သွားတဲ့ အာဂျင်တီးနားနဲ့ ခရိုအေးရှားတို့ ပွဲစဉ်မှာ အာဂျင်တီးနားအသင်းက ( ၃–၀) ဂိုးနဲ့အနိုင်ရပြီး နောက်ဆုံးဗိုလ်လုပွဲကို တက်ရောက်သွားပါတယ်။
အာဂျင်တီးနားအသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ပထမပိုင်း ပွဲချိန် ၃၄ မိနစ်မှာ မက်ဆီက ပင်နယ်တီကနေတဆင့် အဖွင့်ဂိုးကန်သွင်းပေးခဲ့ပြီး ပွဲချိန် ၃၉ မိနစ်မှာ အယ်လ်ဗာရက်ဇ်က ဒုတိယမြောက်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် ပထမပိုင်းမှာ အာဂျင်တီးနားက (၂-၀) ဂိုးနဲ့ အနိုင်ရနေတာဖြစ်ပါတယ်။
ဒုတိယပိုင်းပွဲချိန် ၆၉ မိနစ်မှာလည်း အယ်လ်ဗာရက်ဇ်က မက်ဆီရဲ့ပေးပို့မှုကနေ နောက်ထပ် အနိုင်ဂိုး တဂိုး ထပ်မံ သွင်းယူပေးခဲ့ကာ ပွဲအပြီးမှာတော့ အာဂျင်တီးနားအသင်းက ၃ ဂိုးပြတ်နဲ့ အနိုင်ရသွားတာဖြစ်ပါတယ်။
ဒီပွဲမှာ တဂိုးသွင်းပေးခဲ့တဲ့ အာဂျင်တီးနားအသင်းခေါင်းဆောင် မက်ဆီဟာ ဒီနှစ်ပြိုင်ပွဲမှာ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေနဲ့အတူ သွင်းဂိုး ၅ ဂိုးအထိရှိလာသလို၊ အာဂျင်တီးနားလက်ရွေးစင်အသင်းသမိုင်းတလျှောက်မှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ကမ္ဘာ့ဖလားသွင်းဂိုးအများဆုံး ကစားသမားအဖြစ် စံချိန်သစ်နိုင်ခဲ့ပါတယ်။
ဒီပွဲမှာ အနိုင်ရသွားတဲ့ အာဂျင်တီးနားအသင်းဟာ မနက်ဖန်ကန်မယ့် ပြင်သစ်နဲ့ မော်ရိုကို ပွဲစဉ်မှာ အနိုင်ရတဲ့ အသင်းနဲ့ နောက်ဆုံးဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။