တနင်္ဿာရီတိုင်း၊ ထားဝယ်မြို့၊ ထားဝယ်လေဆိပ်မှာ ခရီးသည်တွေအနေနဲ့ ခရီးဆောင်အိတ် အလေးချိန်ချိန်ခကို ဝန်ထမ်းတွေအတွက် သီးသန့်အခကြေးငွေ ထပ်ပြီးပေးနေရတယ်လို့ ခရီးသွားတချို့ထံကနေ သိရပါတယ်။
လေဆိပ်တာဝန်ကျဝန်ထမ်းတွေက ခရီးသည်တိုင်းထံကနေ အခကြေးငွေတောင်းခံနေတာဖြစ်ပြီး သတ်မှတ်အလေးချိန် ပေါင်မပိုလည်း ငွေပေးနေရတယ်လို့ ခရီးသည်တဦးက ပြောပါတယ်။
ခရီးသွားအမျိုးသမီးတဦးကတော့ " သူတို့က လက်ဖက်ရည်ဖိုးဆို ပြီးတောင်းကြတာ၊ ဘယ်လောက်ဆိုပြီး သတ်မှတ်ထားတာတော့မရှိဘူး။ ခရီးသွားတွေကတော့ တထောင်၊ နှစ်ထောင်လောက် ပေးကြတာပဲ၊ လူတိုင်းကို တောင်းတာ။ သတ်မှတ်အလေးချိန်မကျော်လည်း ပေးရတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။
လေဆိပ်တာဝန်ကျဝန်ထမ်းတွေ အဲလိုအခကြေးငွေတောင်းနေချိန် အနီးအနားမှာ လေဆိပ်တာဝန်ကျ ရဲအရာရှိ၊ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေလည်းရှိနေပေမဲ့ ဘာမှပြောဆိုတာ မရှိဘူးလို့ဆိုပါတယ်။
ထားဝယ်ဒေသခံ လူငယ်အမျိုးသားတဦးကလည်း "သူတို့လုပ်ရမယ့် အလုပ် လုပ်တာကို ပိုက်ဆံတောင်းတာကတော့ မဖြစ်သင့်ဘူး၊ သူတို့နားမှာ ရဲတွေလည်းရှိတော့ မပေးရင် ပြဿနာရှာခံနေရမှာစိုးလို့ ပေးခဲ့တယ်၊ ပိုက်ဆံ တထောင်၊ နှစ်ထောင်နဲ့တော့ ဘယ်သူမှ ပြဿနာမဖြစ်ချင်ကြလို့ လူတိုင်းပေးနေကြတာ။ အိတ်သယ်ပေးခ ပေးရတာကတော့ ကိစ္စမရှိဘူး" လို့ ပြောပါတယ်။
အန်အယ်လ်ဒီအစိုးရလက်ထက်မှာ အဲလိုတောင်းတာမတွေ့ရဘဲ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှ ပြန်တောင်းလာကြတယ်လို့ ထားဝယ်မြို့ခံတချို့ထံက သိရပါတယ်။
ထားဝယ်မြို့ခံ လေယာဥ်လက်မှတ်အရောင်းကိုယ်စားလှယ်တဦးတော့ ကမ္ဘောဇလေကြောင်းလိုင်းမှာ အဲလိုတောင်းတာမရှိဘဲ အစိုးရပိုင် မြန်မာ့လေကြောင်းလိုင်းမှာသာ တောင်းလိမ့်မယ်လို့ ပြောပါတယ်။
မြန်မာပြည်အနှံ့ ခရီးသွားဝန်ဆောင်မှုပေးနေတဲ့ ရန်ကုန်အခြေစိုက် ကုမ္ပဏီတခုရဲ့ ဝန်ထမ်းတဦးကတော့ ခရီးဆောင်အိတ် အလေးချိန်ချိန်ခကို သီးသန့်ပေးစရာမလိုဘဲ တခြားမြို့က လေဆိပ်တွေမှာလည်း အဲလိုပေးရတာမရှိဘူးလို့ ပြောပါတယ်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အဝင် တံတားကျိုး အဖွဲ့စုံစစ်ဆေးရေးဂိတ်မှာ ကုန်စည်နဲ့ ခရီးဆောင်အိတ်တွေကို ဖွင့်ဖောက်စစ်ဆေးတဲ့နေရာမှာ ပစ္စည်းတွေ ထိခိုက်ပျက်ဆီး ပျောက်ဆုံး တာတွေရှိတယ်လို့ ခရီးသွားပြည်သူတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့က ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ ကော့ကရိတ်မြို့အဝင် တံတားကျိုးနေရာမှာ ဌာနဆိုင်ရာပါဝင်တဲ့ အဖွဲ့စုံစစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ပြီး လုံခြုံရေးအကြောင်းပြချက်နဲ့ခရီးသည်ယာဥ်နဲ့ ကုန်စည်ပို့ဆောင်တဲ့ယာဥ်ပေါ် ပစ္စည်း အားလုံးကို စစ်ဆေးနေတာပါ။
ခရီးသည်တင် ယာဥ်မောင်းတစ်ဦးက"မြဝတီနဲ့ ဘားအံက သွားနေကျ။ အခုလို ခရီးသည်တွေရဲ့ ခရီးဆောင်အိတ်တွေ ပါဆယ်တင်ပေးလိုက်တဲ့ ပစ္စည်းတွေကို လုံခြုံရေးအကြောင်းပြချက်နဲ့ စစ်တာက ရုပ်ပျက်လွန်းတယ်။ သေနတ်တကားကားနဲ့ လူကိုစားတော့ ဝါးတော့မယ်အတိုင်းပဲ"လို့ ဆိုပါတယ်။
ယာဥ်ပေါ်ပါ ခရီးဆောင်အိတ်တွေနဲ့ ကုန်ပစ္စည်းတွေကို ဓားနဲ့ထိုးခွဲတာ၊ ပါဆယ်ပစ္စည်းတွေကို တစ်ခုချင်း စိတ်ကြိုက် ဖွင့်ဖောက်ကြည့်တာတွေကြောင့် ကုန်ပစ္စည်းတွေ ပျက်စီး ပျောက်ဆုံးတာတွေရှိတဲ့အတွက် ပစ္စည်းပိုင်ရှင်တွေကို ပြန်လျော်ပေးရတာတွေရှိတယ်လို့ ယာဥ်မောင်းသမားတွေက ဆိုပါတယ်။
အရင်က ဖွင့်လှစ်ခဲ့တဲ့ သင်္ကန်းညီနောင်ဂိတ်ကို စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေက မြို့ဝင် မြို့ထွက် စစ်ဆေးရေးဂိတ်အနေနဲ့ ဆက်လက် ဖွင့်လှစ်ထားပြီး ခရီးသည်တင်ယာဥ်နဲ့ ကုန်တင်ယာဥ်မောင်းတွေဆီက ငွေကြေးတောင်းခံနေတယ်လို့ ယာဥ်မောင်းသမားတွေက ဆိုပါတယ်။
အလားတူ နိုင်ဝင်ဘာ ၂၆ ရက်က ဘုရားသုံးဆူမြို့ ထီးခီးနယ်စပ် မေတ္တာမြို့၊ မေတ္တာဂိတ်မှာ ထိုင်းနိုင်ငံကပေးပို့လိုက်တဲ့ အိမ်သုံးပစ္စည်းတွေနဲ့ စားစရာတွေကို စစ်ကောင်စီရဲ့တပ်က ဖွင့်ဖောက်စစ်ဆေးရာမှာ လိုအပ်တာထက် ဖွင့်ဖောက် ဖျက်ဆီးပြီး စစ်ဆေးတာ ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။