မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၃ ရက် အရုဏ်တက်ချိန်မှာ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်ပစ်လွှတ်ရေး လေ့ကျင့်မှုကို ပြုလုပ်ခဲ့ကြောင်း သူ့ရဲ့ အစိုးရပိုင် ရုပ်မြင်သံကြား KRT က ဖေဖော်ဝါရီ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
လေ့ကျင့်မှုအတွင်းမှာ ရန်လိုနေတဲ့ တပ်ဖွဲ့တွေကို နျူးကလီးယား တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို ပြသဖို့ ဒီဇိုင်းထုတ်ထားတဲ့ မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်လေးစင်းကို စမ်းသပ် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဆိုပါတယ်။
ဒီလေ့ကျင့်မှုမှာ ကိုရီးယားပြည်သူ့တပ်မတော်ရဲ့ စစ်ဆင်ရေး ဗျူဟာမြောက် ခရုဇ်ဒုံးကျည်တပ်ဖွဲ့က ပါဝင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး “Hwasal-2” ဒုံးကျည် ၄ စင်းကို မြောက်ပိုင်း ဟမ်ယောင်ခရိုင် ကင်မ်ချက်ခ်မြို့ ဧရိယာကနေ ကိုရီးယားကျွန်းဆွယ် အရှေ့ဘက်ကမ်းရိုးတန်း ပင်လယ်ဘက်ကို ဦးတည်ပစ်လွှတ်ခဲ့တာဖြစ်ကြောင်း KRT က ပြောပါတယ်။
မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည် ၄ စင်းဟာ ကီလိုမီတာ ၂,၀၀၀ ရှည်လျားတဲ့ ဘဲဥပုံလမ်းကြောင်းနဲ့ အက္ခရာ ၈ ပုံသဏ္ဌာန် ပတ်လမ်းအတိုင်း ပျံသန်းသွားခဲ့ပြီးနောက်မှာ ကြိုတင်သတ်မှတ်ထားတဲ့ ပစ်မှတ်ကို ထိမှန်ခဲ့တယ်လို့ KRT အစီရင်ခံစာက ဆိုပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုမှာ ရန်လိုတဲ့ အင်အားစုတွေကို တုံ့ပြန်ဖို့ သူ့ရဲ့ သေစေနိုင်တဲ့ နျူးကလီးယား တန်ပြန်တိုက်ခိုက်နိုင်စွမ်းကို နည်းမျိုးစုံနဲ့ မြှင့်တင်ပေးမယ့် မြောက်ကိုရီးယားရဲ့ နျူးကလီးယား တိုက်ခိုက်ရေးတပ်ဖွဲ့ရဲ့ တိုက်ပွဲဝင်ပုံစံကို သရုပ်ပြခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အသံထက်မြန်တဲ့ ခရုဇ်ဒုံးကျည် မျိုးဆက်သစ်တွေ တပ်ဆင်ထားတဲ့ ရုရှားအလံတပ် စစ်သင်္ဘောဟာ တရုတ်ပါဝင်မယ့် စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့ တောင်အာဖရိကရဲ့ ရစ်ချတ်စ်ဘေးမြို့ ဆိပ်ကမ်းကို ရောက်ရှိလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
တောင်အာဖရိကဟာ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သောကြာနေ့ စတင်မှာဖြစ်ပါတယ်။ ဒါဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုလို့ ခေါ်ဆိုပေမဲ့လည်း ပြည်တွင်းမှာ ဝေဖန်မှုတွေ တိုးလာပြီးတော့ အနောက်တိုင်း မိတ်ဘက်တွေနဲ့ ဆက်ဆံရေးတွေကို အန္တရာယ်ဖြစ်စေနိုင်မှာကိုလည်း စိုးရိမ်ကြပါတယ်။
စစ်ရေးလေ့ကျင့်မှုရဲ့အစဟာ ယူကရိန်းမှာ ရုရှားရဲ့ အထူးစစ်ဆင်ရေးလို့ နာမည်ခံထားတဲ့ ကျူးကျော်စစ် ပထမဆုံး နှစ်ပတ်လည်နေ့နဲ့ တိုက်ဆိုင်နေပြီး အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားရဲ့ နောက်ဆုံး နျူးကလီးယားလက်နက်ထိန်းချုပ်ရေးစာချုပ်ကို ရပ်ဆိုင်းထားဖို့ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ ၂၁ ရက်မှာ ကြေညာခဲ့အပြီး ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။
ဆိုဗီယက်သမ္မတနိုင်ငံ ရေတပ်ရဲ့ ရေတပ်ဗိုလ်ချုပ်ကြီး ဂေါ်ရှ်ကို့ဗ်လို့ နာမည်ပေးထားတဲ့ စစ်သင်္ဘောကြီးဟာ ခရီးရှည်ကြီး တာဝန်တွေကို ထမ်းဆောင်ဖို့ ရစ်ချတ်စ်ဘေးကို ရောက်ရှိလာပြီဖြစ်ကြောင်း ရုရှားမြောက်ပိုင်းရေတပ်ရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး RIA သတင်းဌာနက ထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၄ ရက်မှာ ရုရှားကနေ ရွက်လွှင့်လာတဲ့ ဂေါ်ရှ်ကို့ဗ် စစ်သင်္ဘောကြီးဟာ ဇာကန် ဒုံးကျည်တွေကို သယ်ဆောင်ခဲ့တာပါ။ အဲဒီဒုံးကျည်တွေဟာ အကွာအဝေး မိုင် ၅၆၀ အတွင်း ပစ်ခတ်နိုင်ပြီး အသံရဲ့အမြန်နှုန်းထက် အဆများစွာ သွားလာနိုင်တာကြောင့် သူတို့ကို ကာကွယ်နိုင်ဖို့ ခက်ခဲပါတယ်။
ဇန်နဝါရီလနှောင်းပိုင်းမှာ သင်္ဘောဟာ အတ္တလန္တိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းမှာ သူ့ရဲ့တိုက်ခိုက်မှုစွမ်းရည်ကို စမ်းသပ်ခဲ့ပါတယ်။