close

ချန်ပီယံလိဂ်ဗိုလ်လုပွဲ

close

March 8, 2023

ချန်ပီယံလိဂ်ဗိုလ်လုပွဲက ဖြစ်ရပ်အတွက် လီဗာပူးပရိသတ်ကို UEFAက ငွေပြန်အမ်းမည်

၂၀၂၂ ခုနှစ်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်ရပ်တွေအတွက် လီဗာပူးပရိသတ်တွေအားလုံးကို UEFAက ငွေပြန်အမ်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲဒီချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ရီးရဲလ်မက်ဒရစ်က လီဗာပူးကို အနိုင်ရပြီး ချန်ပီယံဖြစ်ခဲ့တာပါ။ ပွဲမစခင်မှာ ကွင်းထဲဝင် ရောက်ဖို့အတွက် ပရိသတ်များစွာ ပရမ်းပတာဖြစ်ခဲ့ရပြီး ပြင်သစ်ရဲတွေက မျက်ရည်ယိုဗုံးတွေနဲ့ လူစုခွဲခဲ့ရတဲ့အထိဖြစ်ခဲ့တာပါ။

ဒါကြောင့်ပွဲစဉ်ကိုလည်း ၃၆ မိနစ်နောက်ကျပြီးမှာ ကျင်းပခဲ့ရပြီး အဲဒီဖြစ်ရပ်အတွင်းမှာ လီဗာပူးပရိသတ်အများအပြားဟာ လက်မှတ်ကိုင်ဆောင်ထားပေမဲ့ ကွင်းထဲဝင်ခွင့်မရခဲ့ဘဲ အိမ်ပြန်ခဲ့ရတာပါ။

အဲဒီဖြစ်ရပ်အပေါ် ပရိသတ်တွေရဲ့သောင်းကျန်းပုံကို ယူအီးအက်ဖ်အေက အပြစ်ဖို့ခဲ့ပေမဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး လုပ်ဆောင်ခဲ့ပြီးနောက်မှာ ပြိုင်ပွဲကျင်းပရေးအပေါ်မှာပဲ တာဝန်ရှိကြောင်း ပေါ်ပေါက်ခဲ့တာပါ။

ဒီကြောင့် ဝင်ခွင့်မရတဲ့ လီဗာပူးပရိသတ်တွေအပါအဝင် ဗိုလ်လုပွဲလာကြည့်တဲ့ ပရိသတ်စုစုပေါင်း ၁၉၆၁၈ ယောက်အတွက်  လက်မှတ်ခတွေကို ပြန်လည်ပေးအပ်သွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ လက်မှတ်ခငွေ ပြန်ရကြမယ့်အပေါ် လီဗာပူး ပရိသတ်အဖွဲ့တွေကလည်း ကြိုဆိုခဲ့ကြပြီး ယူအီးအက်ဖ်အေက ပြန်အမ်းရမယ့်ပမာဏဟာ စုစုပေါင်း ပေါင် ၃ သန်းခွဲအထိရှိပါတယ်။ 

6 mins Ago

May 29, 2022

လာမယ့်နှစ် ဗိုလ်လုပွဲ ပြန်ရောက်မည်ဟု ယုံကြည်ကြောင်း လီဗာပူးနည်းပြ ကလော့ပ်ပြော

လာမယ့်နှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပြန်လည်တက်ရောက်နိုင်ဖို့ ယုံကြည်ကြောင်း လီဗာပူး နည်းပြ ယာဂန်ကလော့ပ်က ပြောပါတယ်။ 

လီဗာပူးအသင်းဟာ ဒီကနေ့မနက်အစောပိုင်း ကစားသွားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းကို ခြေစွမ်းအရ အသာစီးရခဲ့ပေမယ့် အဆုံးသတ်မှာ တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ရပါတယ်။ 

ချန်ပီယံလိဂ် ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာက မဆိုးဘူးလို့ ဆိုနိုင်ပေမယ့် လိုချင်တဲ့အောင်မြင်မှုတော့ မဟုတ်ကြောင်း၊ လာမယ့်နှစ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲတက် ရောက်နိုင်မယ်လို့ ယုံကြည်ကြောင်း နည်းပြကလော့ပ်ကပြောပါတယ်။ 

“ဒီလို ဗိုလ်လုပွဲကို ပြန်လာနိုင်မယ်လို့ ခိုင်မာစွာယုံကြည်ထားတယ်။ ကစားသမားတွေက ပြိုင်ဆိုင်လိုစိတ်ပြင်းထန်ကြပြီး ထူးချွန်တဲ့  ကစားသမားတွေရှိတဲ့ အသင်းလည်းဖြစ်တယ်။ လာမယ့်နှစ်မှာလည်း ထူးချွန်တဲ့အသင်းတသင်းဖြစ်လာမှာပါ။ လာမယ့်နှစ်ဗိုလ်လုပွဲက ဘယ်နေရာမှာ ကျင်းပမှာလဲ၊ အစ္စတန်ဘူလ်မှာလား၊ ဟိုတယ်ကို ကြိုတင်ငှားထားရုံပါပဲ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။ 

လာမယ့်နှစ် ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြိုမှာ ကျင်းပသွားမှာဖြစ်ပြီး ၂၀၀၅ ခုနှစ်မှာ လီဗာပူးက အဲဒီကွင်းမှာပဲ ချန်ပီယံဆုဖလားရယူနိုင်ခဲ့ဖူးပါတယ်။ 

9 months Ago
Up