ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ လက်ရှိချန်ပီယံ စပိန်ထိပ်သီးအသင်း ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေပေမဲ့ ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းမယ်လို့ ချဲလ်ဆီးနည်းပြပေါ်တာက ပြောပါတယ်။
အဲဗာတန်အသင်းနဲ့ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ချန်ပီယံလိဂ်ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ ရည်မှန်းချက်ကို နည်းပြပေါ်တာကပြောသွားခဲ့တာပါ။
ချန်ပီယံလိဂ်ဆုဖလားရရှိဖို့ ချဲလ်ဆီးအသင်းက ကြိုးပမ်းမှာဖြစ်သလို တခြားအသင်း ၇ သင်းကလည်း ချန်ပီယံဖြစ်ဖို့ ကြိုးပမ်းကြမှာဖြစ်ကြောင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ ပွဲမကစားခင်မှာ အထူးအာရုံစိုက်ပြီး လေ့ကျင့်ပြင်ဆင်မှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ အဲဗာတန်နဲ့ပွဲအတွက်ပဲ အာရုံစိုက်ထားကြောင်း နည်းပြပေါ်တာက ပြောပါတယ်။
လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်အသင်းဟာ လီဗာပူးကို နှစ်ကျော့စလုံးအနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ရောက်လာခဲ့တာဖြစ်ပါတယ်။
အခုနှစ်ပရီးမီးယားလိဂ် ဆုဖလားကို အာဆင်နယ်အသင်းက ရယူနိုင်ခဲ့ပြီး ချန်ပီယံဖြစ်ခဲ့မယ်ဆိုရင် အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြမယ်လို့ ဂယ်ရီနဗီးလ်ကကတိပေးသွားပါတယ်။
မန်ယူနောက်ခံလူဟောင်း နဗီးလ်ဟာ အခုနှစ်ပရီးမီးယားလိဂ်ဆုဖလားကို မန်စီးတီးက အာဆင်နယ်ကို ကျော်ဖြတ်ပြီး ရယူနိုင်လိမ့်မယ်လို့ ခန့်မှန်းထားတာပါ။
အဲဒီလိုသုံးသပ်ချက်နဲ့ ပတ်သက်ပြီး အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့ရင် နဗီးလ်အနေနဲ့ အီမရိတ်ကွင်းပေါ်မှ ကတုံးတုံးသင့်ပြီး လူမှုရေးလုပ်ငန်းတစ်ခု လုပ်ဆောင့်သင့်ကြောင်း တွစ်တာကနေ ရေးသားခဲ့ပါတယ်။
နဗီးလ်ဘက်ကတော့ အာဆင်နယ်သာ ချန်ပီယံဖြစ်ခဲ့ရင် ချန်ပီယံဆိုတဲ့စာသားပါ အာဆင်နယ်ဂျာစီကို ဝတ်ဆင်ပြမှာဖြစ်ကြောင်း၊ ချန်ပီယံ မဖြစ်ခဲ့ရင်တော့ တောင်းပန်စကား ဆိုရမှာဖြစ်ပြီး “ဆောရီး ဂယ်ရီ” လို့ပြောရမှာဖြစ်ကြောင်း ဂယ်ရီနဗီးလ်က ပြန်လည်တုံ့ပြန်ခဲ့တာပါ။
အာဆင်နယ်ဟာ လက်ကျန် ၁၃ ပွဲအလိုမှာ ဒုတိယနေရာက မန်စီးတီးကို ၅ မှတ်ဖြတ်ပြီး ဦဆောင်နေတာဖြစ်ပါတယ်။