ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း ဂျူလီယန် နာဂယ်စမန်းဟာ ချဲလ်ဆီးအသင်းရဲ့ နည်းပြရာထူးကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဂရေဟမ်ပေါ်တာ နေရာမှာ အစားထိုးဖို့အတွက် ရေပန်းအစားဆုံး ဖြစ်နေတယ်လို့ တနင်္လာနေ့က ဗြိတိန်မီဒီယာတွေမှာ ဖော်ပြပါတယ်။
ပရီးမီးယားလိဂ်မှာ ငွေကြေးအမြောက်အမြား အကုန်ကျခံပြီး အသင်းကို တည်ဆောက်ခဲ့ပေမဲ့လည်း အမှတ်ပေးဇယားရဲ့ အဆင့် ၁၁ နေရာမှာ ရပ်တည်နေသလို ရလဒ်တွေလည်း ဆက်တိုက်ဆိုးရွားလာတာကြောင့် ချဲလ်ဆီးအသင်းက ပေါ်တာကို အခုလို ထုတ်ပယ်လိုက်တာပါ။
ချဲယ်ဆီးအသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ ဘရူနိုဆယ်တာ ကတော့ နည်းပြအသစ် မခန့်အပ်ခင်အထိ ယာယီနည်းပြအဖြစ် တာဝန်ယူသွားမှာဖြစ်ပြီး လာမယ့်အင်္ဂါနေ့ကျရင်လည်း လီဗာပူးအသင်းနဲ့ စတန်းဖို့ဘရစ်ချ် အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရဖို့ ရှိပါတယ်။
ချဲလ်ဆီးအသင်းပိုင်ရှင်အသစ်တွေဟာ ပေါ်တာကို ဘရိုက်တန်အသင်းကနေ ပြီးခဲ့တဲ့နှစ်၊ စက်တင်ဘာလမှာ ခေါ်ယူခဲ့တာဖြစ်ပြီး ဒီအင်္ဂလိပ်လူမျိုးနည်းပြအနေနဲ့ ချဲယ်ဆီးအသင်းကို ၃၁ ပွဲ ကိုင်တွယ်ရာမှာ ၁၂ ပွဲသာ အနိုင်ရရှိခဲ့တာကြောင့် ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာပါ။
ချဲလ်ဆီးနည်းပြရာထူးအတွက် သတင်းတွေထွက်ပေါ်နေတဲ့အထဲမှာ စပါးနဲ့ ပီအက်စ်ဂျီအသင်း နည်းပြဟောင်း ပိုချက်တီနို၊ စပိန်နဲ့ ဘာစီလိုနာအသင်း နည်းပြဟောင်း လူးဝစ် အန်းနရစ်၊ ရီးရဲလ်မက်ဒရစ်အသင်း နည်းပြဟောင်း ဇီဒန်း၊ ဖရန့်ဖတ်အသင်းရဲ့ လက်ရှိနည်းပြ အော်လီဗာ ဂလက်စ်နာ၊ စပို့တင်းနည်းပြ ရူဘင် အမိုရင်မ်တို့နဲ့အတူ လက်စတာစီးတီးအသင်းကနေ ထုတ်ပယ်ခံလိုက်ရတဲ့ ဘရန်ဒန် ရော်ဂျာလည်း ပါဝင်နေပါတယ်။
ချဲလ်ဆီးအသင်းနည်းပြ ဂရေဟမ်ပေါ်တာနဲ့က လိုက်ဖော်ကိုင်ဘက်တွေဖြစ်လို့ သူ့ရဲ့အခြေအနေအပေါ် စာနာကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။
ချဲလ်ဆီးနည်းပြ ပေါ်တာဟာ ရလဒ်ဆိုးရွားမှုတွေကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်မှုတွေပါ ခံနေရပြီး ထုတ်ပယ်ဖို့ ပရိသတ်တွေက ဆန္ဒရှိနေကြတာပါ။
အာတီတာကတော့ နည်းပြ ဂရေဟမ်ပေါ်တာဟာလည်း ပရီးမီးယားလိဂ်ရဲ့ နည်းပြတဦးဖြစ်ပြီး လုပ်ဖော်ကိုင်ဘက် အချင်းချင်းတွေဖြစ်လို့ စာနာမိကြောင်း၊ ဒီလို ခက်ခဲတဲ့အခြေအနေမှာ အကူအညီပေးမှုတွေ လုပ်ဆောင်ဖို့လိုပြီး ကိုင်တွယ်ရတာ မလွယ်ကူနိုင်ကြောင်း အာတီတာက ပြောပါတယ်။
ရလဒ်ဆိုးရွားတာနဲ့ပဲ နည်းပြချုပ်အပြင် မိသားစုဝင်တွေကိုပါ အသက်အန္တရာယ် ခြိမ်းခြောက်တာမျိုးဟာ မဖြစ်သင့်တဲ့ကိစ္စဖြစ်ကြောင်း အာတီတာက မှတ်ချက်ပေးသွားခဲ့ပါတယ်။