နည်းပြအလုပ်ဟာ လမ်းပတ်နဲ့ အဆင်မပြေကြောင်း ချဲလ်ဆီးအသင်းပရိသတ်တွေက ဆိုရှယ်မီဒီယာမှာ ဝေဖန်နေကြပါတယ်။
ချဲလ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် တကျော့ပြန်ရောက်ရှိလာတဲ့ အသင်းဂန္ထဝင်ကစားသမား လမ်းပတ်ဟာ သူကိုင်တွယ်ခဲ့တဲ့ပွဲစဉ် ၅ ပွဲစလုံး ရှုံးနိမ့်ခဲ့ရတာပါ။
လမ်းပတ်ဟာ အဲဗာတန်အသင်းမှာကတည်းက ရလဒ်တွေဆိုးရွားလာခဲ့တာဖြစ်ပြီး သူ့ရဲ့နည်းပြဘဝ နောက်ဆုံး ၁၉ ပွဲမှာ တစ်ပွဲသာအနိုင်ရခဲ့ပြီး ၂ ပွဲသရေ၊ ၁၆ ပွဲရှုံးနိမ့်ခဲ့တာပါ။
Red Rose လို့ အမည်ပေးထားတဲ့ ချဲလ်ဆီးပရိသတ်တစ်ဦးကတော့ ဖရန့်လမ်းပတ်ရဲ့ ရှုံးပွဲဆက်မှုတွေဟာ အလွန်ဆိုးရွားလွန်းတာကြောင့် ရုပ်သံတွေမှာ ပွဲသုံးသပ်တင်ဆက်သူအဖြစ် ပြန်လည်လုပ်ကိုသင့်ကြောင်း၊ နည်းပြအလုပ်ဟာ လမ်းပတ်အတွက်မဟုတ်ကြောင်း ဝေဖန်ခဲ့တာပါ။
နောက်ထပ်ချဲလ်ဆီးပရိသတ်တစ်ဦးကလည်း အဲဗာတန်အသင်းမှာကတည်းက ၃၆ ဂိုးပေးရပြီး ၈ ဂိုးသာသွင်းယူနိုင်ခဲ့လို့ အဆင့် ၁၉ မှာ ကျန်ရစ်ခဲ့ရပြီး ချဲလ်ဆီးအသင်းကိုလည်း အဆင့်၁၁ ဆီတွန်းပို့ခဲ့ကာ နည်းပြအလုပ်ဟာ လမ်းပတ်အတွက် အဆင်မပြေကြောင်း ဝေဖန်ခဲ့ပါတယ်။
နောက်ခံလူမက်ဂွဲယားကို မန်ယူပရိသတ်တွေက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပေးလိုပေမယ့် ချဲလ်ဆီးပရိသတ်တွေက လက်မခံဘဲအငြင်းအခုန်ဖြစ်ပွားနေကြပါတယ်။
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက မန်ယူနောက်ခံလူ မက်ဂွဲယားကိုခေါ်ယူဖို့အတွက် မေးမြန်းစုံးစမ်းမှုလုပ်ခဲ့ ကြောင်း သတင်းထွက်ပေါ်လာခဲ့တာပါ။
အဲဒီသတင်းထွက်ပေါ်လာပြီးနောက်မှာ မန်ယူပရိသတ်တွေက မက်ဂွဲယားကို ပြောင်းရွှေ့ကြေမပေးဘဲခေါ်ယူနိုင်ကြောင်းတွစ်တာမှာရေးသားခဲ့ကြပြီး ချဲလ်ဆီးပရိသတ်တွေက လက်မခံဘဲပြန်လည်တုံ့ပြန်ခဲ့ကြတာပါ။
မန်ယူပရိသတ်တယောက်ရဲ့ တွစ်တာစာမျက်နှာမှာတော့ ချဲလ်ဆီးဘက်က မက်ဂွဲယားကို ခေါ်ယူချင်တာဟာ အံ့အာသင့်စရာမဟုတ်ဘဲ သူဟာထိပ်တန်းနောက်ခံလူဖြစ်နေဆဲမလို့ ဘာစီလိုနာက လက်မဦးခင် အမြန်ခေါ်ယူသင့်ကြောင်း တိုက်တွန်းရေးသားခဲ့ပါတယ်။
နောက်ထပ်မန်ယူပရိသတ်တစ်ဦးကတော့ မက်ဂွဲယားအသင်းပြောင်း မယ်ဆိုရင် ပြန်မလာနိုင်တဲ့မူဝါဒနဲ့ ထွက်ခွါခွင့်ပေးသင့်ကြောင်း အရွှန်းဖောက်ပြီးရေးသားခဲ့ပါတယ်။
ချဲလ်ဆီးပရိသတ်တွေကတော့ မက်ဂွဲယားကိုခေါ်ယူချင်တယ်ဆိုတာ သတင်းမှားသာဖြစ်ပြီး လိုအပ် မယ်ဆိုရင် ပရိသတ်တွေဘက်က လက်မှတ်ထိုးပြီး တားဆီးကြဖို့ တိုက်တွန်းခဲ့ပါတယ်။