ချဲလ်ဆီးအသင်းဟာ လာမယ့်ရာသီမှာဥရောပချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင် ဘဏ္ဍာရေး စည်းမျဉ်းနဲ့ အရေးယူခံရနိုင်တယ်လို့သိရပါတယ်။
အသင်းပိုင်ရှင်သစ် တော့ဘိုလီဟာ အခုနှစ်ရာသီမှာ ကစားသမားခေါ်ယူမှုတွေအတွက် ပေါင် ၄၄၅ သန်းအထိ အသုံးပြုခဲ့ပြီး ပရီးမီးယားလိဂ်မှာ စံချိန်သစ်တင်ခဲ့တာပါ။ ပရီးမီးယားလိဂ်က သတ်မှတ်ထားတဲ့ ဘဏ္ဍာရေးစည်းမျဉ်းမှာ သုံးနှစ်အတွင်း ပေါင် ၁၀၅ သန်းအရှုံးပေါ်ခွင့်ရှိပြီး အခြေခံအဆောက်အအုံတွေ၊ အမျိုးသမီးအသင်းတွေနဲ့ အကယ်ဒမီတွေ၊ တခြားလူမှုရေး လုပ်ငန်းတွေမှာ အသုံးပြုမယ်ဆိုရင်တော့ ကင်းလွတ်ခွင့်ပေးထားပါတယ်။
ချဲလ်ဆီးအသင်းဟာ ၂၀၂၁ ခုနှစ်က ဥရောပချန်ပီယံဖြစ်စဉ်က ပေါင် ၁၀၆ သန်း ရရှိခဲ့ပြီး မနှစ်တုန်းက ကွာတားဖိုင်နယ်တက်ခဲ့ရာမှာလည်း ပေါင်သန်း ၈၀ လောက်ဝင်ငွေရခဲ့ပါတယ်။
အခုနှစ် ရာသီမှာလည်း ဒေါ့မွန်အသင်းကို ကျော်ဖြတ်ပြီး ကွာတားဖိုင်နယ်တက်မယ်ဆိုရင် ဝင်ငွေရရှိလာနိုင်ပေမဲ့ ပေါင် ၄၄၅ သန်းအထိ အသုံးပြုခဲ့မှုကြောင့် အခြေအနေကို စောင့်ကြည့်ရဖို့ရှိပါတယ်။
နောက်ပြီးလာမယ့်ရာသီမှာချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့ဘူးဆိုရင်တော့ ဝင်ငွေထိခိုက်သွားမှာဖြစ်လို့ ဘဏ္ဍာရေးစည်းမျဉ်းနဲ့ အရေးယူခံရနိုင်ကြောင်း ဗြိတိန်သတင်းတွေမှာဖော်ပြခဲ့ကြပါတယ်။
ချဲလ်ဆီးအသင်းဆီ ပြောင်းရွှေ့နိုင်ခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ကြောင်း ကစားသမားသစ်မူဒရစ်ခ်က ပြောပါတယ်။
အသက် ၂၂ နှစ်ရှိ ယူကရိန်းတောင်ပံတိုက်စစ်မှူးဟာ ချဲလ်ဆီးအသင်းဆီကို ပေါင် ၈၈ သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ကျောနံပါတ် ၁၅ ၀တ်ဆင်သွားမှာပါ။
အသင်းနဲ့ ၈ နှစ်ခွဲ စာချုပ်ချုပ်ဆိုအပြီးမှာတော့ ချဲလ်ဆီးအသင်းက ထိပ်တန်းအသင်းကြီးတစ်သင်းဖြစ်ပြီး ပြောင်းရွှေ့ခွင့်ရခဲ့တဲ့အပေါ် အလွန်ပျော်ရွှင်ကြောင်းပြော သွားတာပါ။
ရှက်တာဒိုနက်ကြယ်ပွင့်ကို အာဆင်နယ်ကလည်း တရားဝင် ကမ်းလှမ်းမှုတွေ ၃ ကြိမ်လောက်ပြုလုပ်ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းက ကြိုက်ဈေးပေးပြီး ကြားဖြတ်ခေါ်ယူနိုင်ခဲ့တာပါ။
“ဒီအသင်းကအသင်းကြီးတစ်သင်းဖြစ်သလို လိဂ်ပြိုင်ပွဲကလည်း နှစ်သက်စရာကောင်းပါတယ်။ ဒါက ကျနော် ကစားသမားဘဝအတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အစီအစဉ်တစ်ခုဖြစ်တယ်။ အသင်းဖော်သစ်တွေနဲ့ အမြန်ဆုံးတွေ့ချင်မိသလို နည်းပြဂရေဟမ်ပေါ်တာနဲ့ နည်းပြအဖွဲ့ဝင်တွေရဲ့ လက်အောက်မှာလည်း အလုပ်တွေ အတူတွဲလုပ်ရင်း ရှေ့ဆက်သွားချင်ပါတယ်”လို့ မူဒရစ်ခ်ကပြောပါတယ်။
ချဲလ်ဆီးဟာ ခရစ္စတယ်ပဲလေ့ကို အနိုင်ရတဲ့ပွဲ မတိုင်ခင်မှာ မူဒရစ်ကို ကွင်းထဲခေါ်ပြီး ပရိသတ်တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။