နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် ရမှတ်နှစ်မှတ်လျော့ခဲ့ရတဲ့အပေါ် ဝမ်းနည်း စိတ်ပျက်မိကြောင်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
မန်စီးတီးဟာ ပထမပိုင်းကတည်းက ဘာနာဒိုဆေးလ်ဗားရဲ့ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပြီး အပိုင် ကန်သွင်းခွင့် ၅ ကြိမ်လောက်အထိရခဲ့ပေမဲ့ ဂိုး ထပ်မသွင်းနိုင်ခဲ့ပါဘူး။ နော်တမ်ဟမ်ဖောရက်စ် ဘက်က အပိုင်အခွင့်အရေး တကြိမ်ကို တစ်ဂိုးရခဲ့တာကြောင့် ပွဲအပြီးမှာ တဖက် တဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ရတာပါ။
ပထမပိုင်းကတည်း ၂ ဂိုး ၃ ဂိုး အထိသွင်းယူနိုင်ခဲ့သင့်ပြီး ခြေစွမ်းပြသနိုင်ခဲ့ပေမဲ့ ဂိုးမရခဲ့တာက ပြဿနာဖြစ်ခဲ့ကြောင်း၊ ဒီလိုအခြေအနေဟာ တခါတရံမှာဖြစ်လေ့ဖြစ်ထရှိပြီး ဘာမှဆင်ခြေမှ မပေးချင်ကြောင်း နည်းပြဂွါဒီယိုလာက ပြောပါတယ်။
ဂိုးမသွင်းနိုင်ခဲ့တဲ့ တိုက်စစ်မှူးဟာလန်းနဲ့ ပတ်သက်လို့ စိုးရိမ်စရာမရှိဘဲ လာမယ့်ပွဲစဉ်တွေမှာ ဂိုးပြန်ရမှာဖြစ်ကြောင်း ဂွါဒီယိုလာက မှတ်ချက်ပေးခဲ့ပါတယ်။
မန်ယူနိုက်တက်ကွင်းလယ်လူ တွန်မီနေး ခြေစွမ်းပြနိုင်ခဲ့တဲ့အပေါ် အသင်းဖော်အဲရစ်ဆင်က ချီးကျူးစကားပြောကြားလိုက်ပါတယ်။
တွန်မီနေးဟာ လိဂ်အဖွင့်နှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့ချိန်က ဝေဖန်မှုတွေ ခံခဲ့ရသူပါ။ အဲရစ်ဆန်ကတော့ တွန်မီနေးဟာ ခြေစွမ်းကောင်းတွေပြသနေတာကို ပွဲစဉ်တွေမှာမြင်တွေ့နိုင်ပြီး အသင်းသားတွေထဲကြားမှာ ကောင်းမွန်တဲ့ချိတ်ဆက်မှုတွေရနေပြီဖြစ်ကြောင်း ပြောပါတယ်။
“ပထမဆုံးအနေနဲ့ ကျနော်တို့အသင်းဖော်တွေအပေါ်မှာ အာရုံစိုက်ဖို့လိုအပ်ပြီး တချိန်တည်းမှာပဲ နည်းပြကစားစေချင်တဲ့ပုံစံကို အာရုံစိုက်ဖို့လည်းလိုအပ်တယ်။ နိုင်ပွဲတွေပြန်လည်ရရှိနေချိန်မှာ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရတာကလွယ်ပါတယ်။ အမှားနည်းနည်းလေးတွေကို မေ့လျော့စေပြီး ကောင်းတဲ့အချက်လေးတွေကိုပဲသတိရစေတယ်။ ကျနော်တို့ တိုးတက်ဖို့လို အပ်နေပေမဲ့ လမ်းကြောင်းမှန်ပေါ်ပြန်ရောက်နေပြီ”လို့ အဲရစ်ဆင်ကပြောပါတယ်။
အဲရစ်ဆင်နဲ့ တွန်မီနေး ကွင်းလယ်အတွဲဟာ အဖွင့်ပွဲစဉ် ၂ ပွဲမှာ ရှုံးပွဲတွေ့ခဲ့ပေမယ့် နောက်ဆုံး ၄ ပွဲဆက်တိုက် နိုင်ပွဲရရှိခဲ့ရမှာ အတွဲညီညီခြေစွမ်းပြသနိုင်ခဲ့ပါတယ်။