ရန်ကုန်မြို့လယ်၊ ဆူးလေဘုရားလမ်းထောင့်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဂျပန်နိုင်ငံသား နှစ်ယောက် အုပ်စုဖွဲ့ လုယက်ခံရပြီး တယောက်က ဓားနဲ့အထိုးခံရလို့ ဆေးရုံတင်ထားရတယ်လို့ ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးထံက သိရပါတယ်။
ကျောက်တံတားမြို့နယ် (၁) ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းနဲ့ ဆူးလေဘုရားလမ်းထောင့်မှာ ဇန်နဝါရီ ၁၄ ရက် ည ၉ နာရီက လမ်းလျှောက်လာတဲ့ ဂျပန်နိုင်ငံသားနှစ်ယောက်ကို အမည်မသိအမျိုးသား ၅ ယောက်က အုပ်စုဖွဲ့ လုယက်ခဲ့တာ ဖြစ်ပါတယ်။
ဂျပန်နိုင်ငံသား အမျိုးသားနှစ်ယောက် လုယက်ခံရတဲ့ဖြစ်စဥ် မှန်ကန်ပြီး တယောက် ဓားနဲ့ထိုးခံရကာ ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေတယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိတစ်ဦးက ပြောပါတယ်။
“ရှန်ဂရီလာဟိုတယ်နားက ခုံးကျော်တံတားနားမှာ ဖြစ်သွားတာ ဖုန်းတလုံးနဲ့ ငွေအနည်းငယ် ပါသွားတယ်။ တဦးက ဓားနဲ့ထိုးခံရတယ်။ တဦးက အရိုက်ခံရတယ်။”
လုယက်ခံရတဲ့ ဂျပန်နိုင်ငံသားနှစ်ယောက်ဟာ ပြည်တွင်းဏုမ္ပဏီတခုမှာ အလုပ်လုပ်ကိုင်နေသူတွေ ဖြစ်ပြီး အလုပ်ကိစ္စနဲ့ ပြန်လာချိန်မှာ လုယက်ခံရတာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်တိုင်း မြို့နယ်တချို့မှာ လုယက်မှု ရာနဲ့ချီဖြစ်ခဲ့ပြီး လုယက်သူတွေကြောင့် သေဆုံးသူနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာ အစိုးရရဲ့ ကိုဗစ်-၁၉ အမတော်ကြေးရန်ပုံငွေ အမေရိကန်ဒေါ်လာ ၇ သန်းကျော်ကို လိမ်လည်ရယူမှုခဲ့မှုနဲ့ စွပ်စွဲခံထားရတဲ့ ဂျပန်နိုင်ငံသား မစ်ဆုဟိရို တာနိငုချိကို အင်ဒိုနီးရှား လူဝင်မှုကြီးကြပ်ရေးဌာနက ဇွန် ၂၂ ရက်မှာ ဂျပန်နိုင်ငံဆီ ပြန်ပို့လိုက်ပါတယ်။
အသက် ၄၇ နှစ်အရွယ် ဂျပန်အမျိုးသားဟာ သူ့မိသားစုနဲ့အတူ အစိုးရ အမတော်ကြေး အစီအစဉ်အတွက် ထောင်ချီတဲ့ လျှောက်လွှာအတုတွေ တင်သွင်းခဲ့ပြီး ငွေလိမ်ခဲ့ကာ အဲဒီနောက် ဂျပန်ယန်းငွေ သန်း ၉၆၀ ကျော်ကို ရယူပြီး အင်ဒိုနီးရှားမှာ ငါးမွေးမြူရေးလုပ်ငန်း စတင်ဖို့ ငွေတွေကို သုံးခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
တာနိငုချိဟာ ၂၀၂၀ အောက်တိုဘာမှာ ဂျပန်နိုင်ငံထဲကနေ ထွက်ပြေးတိမ်းရှောင်ခဲ့သူဖြစ်ပြီး သူ့ကို ဂျပန်ရဲတပ်ဖွဲ့ကလည်း အလိုရှိနေခဲ့တာဖြစ်ပါတယ်။
ဒီလအစောပိုင်းမှာတော့ ဂျပန်အစိုးရက သူ့နိုင်ငံကူးလက်မှတ်ကို ပြန်ရုပ်သိမ်းခဲ့အပြီး အင်ဒိုနီးရှား အာဏာပိုင်တွေက လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနဲ့ သူ့ကို ဖမ်းခဲ့ပါတယ်။