မကွေးတိုင်း နတ်မောက်မြို့နယ်မှာ ဧပြီ ၁၁ ရက်မနက်ပိုင်းက ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ယာယီစခန်တစ်ခု ဝင်စီးခံရတယ်လို့ သိရပါတယ်။
နတ်မောက်မြို့ တောင်ဘက်နားက ငါးပြေမပြောက်ကျားတပ်ဖွဲ့က ရဲဘော် ၆ ယောက်နေထိုင်တဲ့ ယာယီစခန်းငယ်တခုကို ဒီကနေ့ မနက် ၅ နာရီလောက်မှာ စစ်ကောင်စီတပ်သား အင်အား ၄၀ လောက်နဲ့ ဝင်ရောက်စီနင်းခံခဲ့ရတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။
“ကျနော်တို့ဆီက ကင်းသမားက အနီးကပ်သတင်းရလို့ ကြိုတင်နေရာယူပြီး ပုန်းအောင်နေရာက နောက်ဆုံးကသွားတဲ့ စစ်ကောင်စီတပ်သားနှစ်ယောက်ကို အနီးကပ်ပစ်ခတ်ရာ တစ်ယောက်သေ ပြီး တစ်ယောက် အပြင်းထန်ဒဏ်ရာရရှိသွားတယ်။”
စစ်ကောင်စီတပ်က နောက်ကနေ သေနတ်နဲ့ လိုက်ပစ်ပေမဲ့လည်း PDF ရဲဘော်တွေ အထိခိုက် အကျဆုံးမရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီလိုဝင်ရောက်စီးနင်းခံရတာကြောင့် စခန်းမှာရှိတဲ့ ဆိုင်ကယ် ၄ စီး၊ ပွိုင့်တူးတူး (4စကုတ်ပါ) ပစ္စတို ၂ လက်နဲ့ တူမီးသေနတ်တချို့ သိမ်းဆည်ခံခဲ့ရတယ်လို့ ဗိုလ်ငါးခူက ပြောပါတယ်။
နတ်မောက်မြို့ဒေသခံတယောက်က “နတ်မောက်မြို့ တောင်ဘက် နားမှာ ဒီကနေ့ မနက်ပိုင်းက သေနတ်ပစ်သံတွေကြားရတယ်ဗျ။ ဘယ်အဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်တယ်ဆိုတာတော့မသိရဘူး။ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ အများကြီး ဖြတ်သွားတာတော့ တွေ့လိုက်ရတယ်။ ကျနော်တို့လည်း ကြောက်တာနဲ့ အိမ်ထဲမှာဘဲ ပုန်းနေကြတယ်” လို့ ပြောပါတယ်။
နတ်မောက်မြို့နယ်မှာ မတ် ၂၆ ရက် မနက်ပိုင်းကလည်း ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းငယ်တခုကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့တာကြောင့် ရဲဘော် ၂ ယောက်ဖမ်းဆီးခံရပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်းခံခဲ့ရတယ်လို့ သိရပါတယ်။
မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ မတ်လ ၂၆ ရက် မနက်က ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ စခန်းငယ်တစ်ခုကို စစ်ကောင်စီတပ်တွေဝင်ရောက်စီးနင်းခဲ့လို့ PDF ရဲဘော် ၂ ယောက်ဖမ်းဆီး ခံလိုက်ရတယ်လို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ထံကနေ သိရပါတယ်။
ဒီကနေ့ မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်သားအင်အား ၁၂ ယောက်လောက်နဲ့ ဝင်ရောက်စီးနင်းခဲ့တာမှာ ရဲဘော် ၂ ယောက် အဖမ်းခံလိုက်ရတာလို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ပြောပါတယ်။
“စစ်ကောင်စီတပ်သားတွေက ဆိုင်ကယ်တွေနဲ့ လာကြတာဗျ။ သူတို့စီးလာတဲ့ ဆိုင်ကယ်တွေကို တနေရာမှာထားပြီး ခြေလျင်ဝင်ဖမ်းသွားတာ။ အဓိကတော့ သတင်းပေး ဒလန်တွေက နေရာအတိကျနဲ့ သတင်းပေးလို့ ရဲဘော်ကံကောင်းနဲ့ ခန့်ခန့်တို့ နှစ်ယောက်အဖမ်းခံခဲ့ရတာ။ အဲဒီစခန်းမှာက ကျနော်တို့ဆီက ရဲဘော်တွေကို လူခွဲပြီး ယာယီစခန်းချနေထိုင်တာ၊ ရဲဘော် ၂ ယောက်တည်းရှိတဲ့အချိန်မှာ အဖမ်းခံလိုက်ရတာပါ။ အဲဒီစခန်းက P365 သေနတ်တစ်လက်နဲ့ လက်လုပ်သေနတ်တချို့ သိမ်းဆည်း ခံလိုက်ရတယ်။”
ဖမ်းဆီးခံလိုက်ရတဲ့ ရဲဘော် ၂ ယောက်ဟာ လွတ်မြောက်နယ်မြေကို သွားချင်ပေမဲ့ နတ်မောက်မြို့နယ်ကို ပစ်မထားခဲ့နိုင်ဘူးဆိုပြီး စစ်ကောင်စီတပ်တွေကို လက်နက်ကိုင် တော်လှန်နေတဲသူတွေဖြစ်တယ်လို့ လည်းဆိုပါတယ်။
သူတို့ ၂ ယောက်ကို ရွာမွန် စစ်ကောင်စီတပ်ထဲကို ခေါ်သွားတယ်လို့ သိရပြီး နောက်ဆက်တွဲ အခြေအနေတွေကို သိရဖို့ အဆက်မပြတ်စုံစမ်းနေတယ်လို့ ဆိုပါတယ်။