ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စက်လှေတိမ်းမှောက်လို့ ကလေးတယောက် သေဆုံးကာ တယောက် ပျောက်ဆုံးနေတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အမှတ် ၃ တူးမြောင်းထဲမှာ လူ ၉ ယောက် လိုက်ပါလာတဲ့ စက်လှေဟာ မနက် ၁၁ နာရီလောက်မှာ တိမ်းမှောက်ခဲ့တာကြောင့် ခုချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကလေး အလောင်းတလောင်းတော့ ပြန်ရပြီ၊ နောက်ကလေးတယောက်ကတော့ ပျောက်နေတုန်းပဲ။ သူတို့လည်း လိုက်တော့ရှာနေတယ်၊ ပျောက်တာ တနာရီကျော်ပြီဆိုတော့ စိတ်ပူရတဲ့ အနေအထားမှာရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စက်လှေတိမ်းမှောက်မှု ဖြစ်ပွားတဲ့နေရာကို ဆားမလောက်မီးသတ်စခန်းက မီးသတ်တွေ လာရောက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေပါတယ်။
စက်လှေတိမ်းမှောက်မှုကြောင့် သေဆုံးသွားတဲ့ ကလေးရဲ့ အလောင်းကို ဆားမလောက်ဆေးရုံကို ပို့ဆောင်ထားပါတယ်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ လေးမြို့ချောင်း၊ လေးမြို့မြစ်ခွဲ မြက်ရိတ်ကျွန်းအနီးမှာ ဒီဇင်ဘာ ၂၅ ရက် မနက် ၉ နာရီခွဲက စက်လှေမှောက်ပြီး ၁၇ နှစ်အရွယ် အမျိုးသမီးငယ်တဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပျောက်ဆုံးနေသူမှာ မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်နေ အသက် ၁၇ နှစ်အရွယ် မစိုးစိုးဆန်းဖြစ်ပြီး ကယ်ဆယ်ရေးအဖွဲ့တွေက လိုက်လံရှာဖွေနေရာမှာ ဒီကနေ့အထိ ပြန်မတွေ့သေးပါဘူး။
ရှာဖွေရေးလုပ်နေတဲ့ မြောက်ဦးဒေသခံတဦးက “လှေနှစ်တဲ့ နေ့ကတည်းက သူ့အလောင်းကို ရှာနေကြတာ။ ဒီနေ့အထိ ရှာမတွေ့သေးဘူးဗျ။ ဒီနေ့ဆို တရက်ကျော်လာပြီ” လို့ ပြောပါတယ်။
နစ်မြုပ်သွားတဲ့စက်လှေမှာ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၆ ဦး လိုက်ပါလာပြီး တခြားသူတွေ အသက်ရှင်ပေမဲ့ မစိုးစိုးဆန်းတဦးတည်း ပျောက်ဆုံးနေတာလည်း ဖြစ်ပါတယ်။
လေးမြို့ချောင်း ဒေသခံတဦးက “သူက မြောက်ဦးက၊ လေးမြို့ချောင်းကို အဒေါ်ဖြစ်သူနဲ့ အလည်သွားတာမှာ စက်လှေနစ်ပြီး ပျောက်ဆုံးနေတာ။ စက်လှေမှာ စက်လှေသမား အပါအဝင် လူ ၁၀ ယောက်ကျော်ပါတယ်။ တယောက်မှမသေကြဘူး။ သူတယောက်တည်း ရေနစ်သွားတာ” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၂၃ ရက်ကလည်း ကျောက်ဖြူမြို့နယ် ကုလာဘာရွာမှာ ကိုယ်ပိုင် ဥယျာဉ်ခင်းအနီး စမ်းချောင်းအတွင်း ရေနစ်ပြီး အသက် ၃ နှစ်အရွယ် မစုမြတ်နှင်း၊ ၁၆ နှစ်အရွယ် ကိုးတန်းကျောင်းသူ မစုမြတ်လှိုင်နဲ့ မိခင်ဖြစ်သူ အသက် ၃၈ နှစ်အရွယ် ဒေါ်မဖြူတို့ သားအမိသုံးယောက် သေဆုံးခဲ့ပါတယ်။