close

စက်လှေ

close

December 27, 2022

ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ကျော်ပါ စက်လှေ ၁ စီး အင်ဒိုနီးရှားကမ်းခြေကို ထပ်မံရောက်ရှိလာ

အင်ဒိုနီးရှားနိုင်ငံ၊ အာချေးပြည်နယ်၊ ကမ်းခြေတနေရာမှာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၅ နာရီခွဲခန့်လောက်က ရိုဟင်ဂျာ ဒုက္ခသည် ၁၈၅ ဦးတင်ဆောင်လာတဲ့ စက်လှေတစ်စင်း ထပ်မံဆိုက်ကပ်လာလို့ ဒုက္ခသည်တွေကို အင်ဒိုနီးရှား အာဏာပိုင်တွေက အရေးပေါ် ဆေးကုသပေးနေတယ်လို့  ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR သတင်းအရ သိရပါတယ်။

အခုရောက်ရှိလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေထဲမှာ အမျိုးသား ၈၃ ဦး၊ အမျိုးသမီး အယောက် ၇၀  နဲ့ ကလေး ၃၂ ဦး ပါ၀င်ပြီး သူတို့အားလုံးနီးပါးက  ပိန်လှီနေကာ တချို့မှာ ရေဓာတ်ခမ်းခြောက်မှု ပြင်းထန်စွာ ခံစားနေကြရတယ်လို့ ဆိုပါတယ်။

အဆိုပါ စက်လှေဟာ နိုဝင်ဘာလ စတုတ္ထပတ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာ ဒုက္ခသည် စခန်းကနေ ထွက်လာခဲ့ကြတဲ့ စက်လှေ ၆ စီးထဲက တစီးဖြစ်ပြီး သူတို့နဲ့ မရှေးမနှောင်း ထွက်ခွာလာတဲ့ ရိုဟင်ဂျာ ၁၈၀ လောက်ပါတဲ့ စက်လှေတစီးကတော့ အစာရေပြတ်ပြီး ပင်လယ်မျောနေရင်းနဲ့ နစ်မြုပ်သွားပြီလို့ ယူဆရကြောင်း  UNHCR    သတင်းထုတ်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၅ ရက် နေ့ကလည်း  ရိုဟင်ဂျာ ၅၈ ယောက်ပါတဲ့ စက်လှေငယ်တစီး အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်ရှိ အင်ဒရာပတ်ထရာကမ်းခြေကို  ကမ်းကပ်လာတာကြောင့်  ဒေသခံရွာသားတွေက ကယ်ဆယ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကလည်း ရိုဟင်ဂျာ ၂၂၉ ဦး တင်ဆောင်လာတဲ့  စက်လှေ ၂ စီး ဆိုက်ရောက်လာခဲ့ပြီး  အခုဆိုရင် အင်ဒိုနီးရှားက ကယ်တင်ထားတာ စက်လှေ ၄ စီး ရှိသွားပြီ ဖြစ်ပါတယ်။

အခုနှစ် ဇန်နဝါရီလကနေ နိုဝင်ဘာလအတွင်းမှာ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားရှိ ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးဖို့ကြိုးစားတဲ့ ရိုဟင်ဂျာ အရေအတွက်ဟာ ပိုတိုးလာပြီး ရေကြောင်းခရီးနဲ့ ထွက်ခွာသူပေါင်း အယောက်  ၁၉၂၀ လောက်ရှိပြီလို့ UNHCR ရဲ့ စာရင်းတွေအရ သိရပါတယ်၊

3 months Ago

December 20, 2022

ရိုဟင်ဂျာဒုက္ခသည် ၁၀၄ ဦးပါတဲ့ စက်လှေကို သီရိလင်္ကာရေတပ် ကယ်ဆယ်

ပင်လယ်ထဲမှာမျောနေတဲ့ ရိုဟင်ဂျာ ၁၀၄ ယောက်ပါတဲ့ စက်လှေကို သီရိလင်္ကာနိုင်ငံ ကမ်းရိုးတန်း အစောင့်တွေက ကယ်ဆယ်နိုင်ခဲ့ပေမဲ့ သူတို့ကို စစ်ကောင်စီလက်ကို အပ်လိုက်မှာကို မိသားစု၀င်တွေနဲ့ ရိုဟင်ဂျာအရေး အကူအညီပေးသူ‌တွေက  စိုးရိမ်နေပါတယ်။

ပင်လယ်ထဲမှာ ရက်အတော်ကြာ မျောနေခဲ့တဲ့ ရိုဟင်ဂျာ ဒုက္ခသည်စုစုပေါင်း ၁၀၄ ယောက်ပါတဲ့ စက်လှေတစီးကို သီရိလင်္ကာရေတပ်က ဒီဇင်ဘာ ၁၈ ရက်နေ့က ကယ်ဆယ်နိုင်ခဲ့ကာ လတ်တလော ကိုဗစ်-၁၉ စစ်ဆေးပေးနေကာ နေစရာနဲ့ အစားအစာ အကူအညီပေးနေပါတယ်။

အခုတွေ့တဲ့ စက်လှေက ပင်လယ်ထဲမှာ ရက် ၂၀ ကျော် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ စက်လှေ ၂ စီးထဲက ၁ စီး ဖြစ်ပါတယ်၊ သူတို့ကို ကယ်တင်ထားတဲ့အတွက် ကျေးဇူးတင်ကြောင်းနဲ့ သူတို့ကို မြန်မာစစ်ကောင်စီလက်ကို မအပ်ဖို့အတွက် NUG ဘက်က မေတ္တာရပ်ခံထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေး၀န်ကြီးဌာန-အကြံပေး ကိုအောင်ကျော်မိုးက “အခု လုပ်ဖို့လိုတာက နီးစပ်ရာ မူဝါဒချမှတ်နိုင်တဲ့သူတွေ၊ လူ့အခွင့်အရေးဝန်ကြီးကိုလည်း ပြောပြဖို့လည်း ရှိတယ်။ ကျနော်တို့ အဓိကလုပ်ရမှာက သီရိလင်္ကာက ကယ်လိုက်တဲ့ ရိုဟင်ဂျာ ၁၀၄ ယောက်ကို စစ်ကောင်စီလက်ထဲ လွှဲမပေးဖို့ပေါ့။ လွှဲပေးလိုက်ရင် ဆိုးဝါးတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနိုင်တယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်တိုက်ရှိနေတယ်။ ဖမ်းဆီး ထောင်ချတာတွေလုပ်နိုင်လို့ စစ်ကောင်စီဘက်ကို မရောက်သွားဖို့ အရေးကြီးပါတယ်။” လို့ ပြောပါတယ်။

အခုလို ရိုဟင်ဂျာ စက်လှေတွေ ပင်လယ်ထဲမှာမျောနေပြီး၊ အစာရေစာပြတ်လပ်ကာ သေဆုံးတော့မယ့် အခြေအနေတွေနဲ့ရင်ဆိုင်နေရတဲ့ကိစ္စကို အရေးပေါ်ကူညီဖို့နဲ့၊ ဘင်္ဂလားဒေ့ရှ် စခန်းတွေကနေပဲ စေတနာ့ဝန်ထမ်းတွေ စေလွှတ်ပြီးအကူအညီပေးခွင့်ရဖို့အတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးမဟာမင်းကြီးဆီကို မိသားစု၀င်တွေက ဒီဇင်ဘာ ၁၇ ရက်က စာပေးပို့  အကူအညီ တောင်းခံထားပါတယ်။

အခု ကယ်ဆယ်ထားတဲ့ ရိုဟင်ဂျာတွေကို စစ်ကောင်စီလက်ထဲ ပြန်မပို့ဘဲ သူတို့ ဆန္ဒအတိုင်း သွားချင်တဲ့နေရာကိုသွားခွင့်ပြုပေးဖို့ ဆွေမျိုးတော်စပ်သူတွေက နိုင်ငံတကာအသိုက်အ၀န်းကို မေတ္တာရပ်ခံထားပါတယ်

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းနေ  ဦးအောင်မြိုင်က “ယူအန်အပါအဝင် နိုင်ငံတကာအနေနဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအနေနဲ့ဖြစ်ဖြစ်၊ လူ့အခွင့်အရေးအရဖြစ်ဖြစ် အမှန်တကယ် လူ့ဂုဏ်သိက္ခာရှိရှိ သူတို့ကို နေထိုင်နိုင်အောင် တခုခု ဆောင်ရွက်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံ စကစကိုပို့မယ်ဆိုရင် ဒီလူတွေအတွက် အရမ်းအန္တရာယ်များပါတယ်။ အဓိကကာယကံရှင်ရဲ့ဆန္ဒကို မေးပြီး သူတို့က ဘယ်လိုဖြစ်စေချင်တာလဲ ဆိုတာ နားထောင်ပြီးတော့ သူတို့ရဲ့ဆန္ဒအတိုင်း နိုင်ငံတကာက ကူညီဆောင်ရွက်ပေးသင့်ပါတယ်” လို့ပြောပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည်တွေက ပြီးခဲ့တဲ့ နိုဝင်ဘာ နောက်ဆုံးအပတ်တွေထဲမှာ ၃ ရက်ခြားပြီး စက်လှေ ၃ စီးနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းကနေထွက်ခွာလာတာပါ။

လူ ၁၅၄ ယောက်ပါတဲ့ ပထမတစီးကတော့ လူ ၁၀ ယောက်လောက် သေဆုံးပြီးနောက် ဗီယက်နမ် ရေနံသင်္ဘောတစီးက ကယ်တင်ကာစစ်ကောင်စီလက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

လူ ၁၈၀ ခန့်ပါတဲ့ နောက်ထပ်စက်လှေကတော့ အင်ဒိုနီးရှားနိုင်ငံရေးပိုင်နက်အနီး မာလက္ကာရေလက်ကြားမှာ ရောက်နေစဉ် အကူအညီပေးဖို့ တောင်းဆိုထားတဲ့ အသံဖိုင်တခုကို  ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ နောက်ဆုံးကြားသိခဲ့ရပြီး အခုထိ အဆက်အသွယ် မရသေးလို့ မိသားစု၀င်တွေ စိုးရိမ်နေကြပါတယ်။

အခု လူ ၁၀၄ ယောက်ပါ စက်လှေကတော့  ဒီဇင်ဘာ ၁၉ ရက်က အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတခုနဲ့ အနောက်ဘက် ကမ်းရိုးတမ်း ရေးမိုင် ၃ မိုင်ခွဲလောက်မှာ သီရိလင်္ကာရေတပ်က ကယ်ဆယ်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

ဒီလှေပေါ်မှာ အမျိုးသမီး ၃၉ ယောက်နဲ့ ကလေးငယ် ၂၃ ယောက် ပါဝင်ပြီး အသက် ၈၀ အရွယ် အဘိုးအိုတဦး၊ ကလေးမိခင် တဦးနဲ့သူ့ရဲ့ ကလေး နှစ်ယောက် ဖျားနာနေတာကြောင့် ဆေးရုံတက် ဆေးကုသမှုခံယူနေတယ်လို့လည်း ပြောပါတယ်။

ရိုဟင်ဂျာလှေစီးဒုက္ခသည်တွေဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေဆီကို သွားဖို့ ဦးတည်ထွက်ခွာလာတာ ဖြစ်ပါတယ်။ 

3 months Ago
Up