စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီပေးဖို့ ဂျပန်နိုင်ငံရောက် Beyond the Chindwin Organization (B.C.O) အဖွဲ့ဝင်တွေက ဧပြီ ၃၀ ရက်မှာ ဂျပန်နိုင်ငံ၊ အုအဲနိုပန်းခြံရှေ့မှာ အလှူငွေကောက်ခံခဲ့ရာမှာ ဂျပန် ယန်းငွေ ၁၂၂၉၈၈ လက်ခံ ရရှိခဲ့ပါတယ်လို့ BCO အဖွဲ့က ထုတ်ပြန်ပါတယ်။
အလှူငွေတွေကို စစ်ကိုင်းတိုင်းက စစ်ဘေးသင့်ပြည်သူတွေကို တိုက်ရိုက်ပေးပို့ကူညီ လှူဒါန်းသွားမယ်လို့ BCO ဂျပန် တာဝန်ခံ မအိတုန်ကပြောပါတယ်။
“အဓိက လုပ်ဖြစ်တာက ၅/ ပေါ့နော်။ ဘာကြောင့်ဆို စစ်ကိုင်းတိုင်းက အများဆုံး စစ်ဘေးခံနေရတာရယ်၊ ကျနော်တို့ အဖွဲ့မှာ ၅/ က များတာရယ် ကြောင့်ပါ။ ယနေ့ အလှူခံ ရရှိငွေကတော့ ပျမ်းမျှ မြန်မာငွေ ကျပ် ၂၅ သိန်းနဲ့ ၂၆ သိန်းကြား ရှိပါတယ်။”
BCO ကို ဖွဲ့စည်းတည်ထောင်တာ တစ်လလောက်ပဲ ရှိပြီး စစ်ကိုင်းတိုင်းမှာလည်း BCO ရဲ့ မြေပြင်အဖွဲ့ရှိတာကြောင့် မြေပြင်ကို ကျပ် ၁၅ သိန်း ပေးပို့လှူဒါန်းထားပြီးကြောင်း၊ ရှေ့ဆက်ပြီး လုပ်ဆောင်သွားကြဖို့ ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။
အခုနှစ် ဧပြီလဆန်းပိုင်းကမှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ Beyond The Chindwin Organization (BCO)အဖွဲ့အနေနဲ့ ဧပြီ ၁၆ ရက်က အုအဲနိုပန်းခြံရှေ့၊ ဧပြီ ၂၃ ရက်မှာ အိခဲဘုခုရို ဘူတာရှေ့တို့မှာ အလှူခံခဲ့ဖူးပြီး အခု ဧပြီ ၃၀ ရက်မှာတော့ တတိယအကြိမ်ဖြစ် အုအဲနိုပန်းခြံရှေ့မှာ အလှူခံခဲ့ကြတာဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း သောက်သုံးရေ ခက်ခဲနေတဲ့ ပြည်သူတွေ အဆင်ပြေစေဖို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီ စောင့်ရှောက်ရေး မြေပြင်အဖွဲ့က ရေတွင်းတွေ တူးဖော်ပေးနေတယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ ၂၂ ရက်နေ့က ရေတွင်းတွေ စတင်လှူဒါန်းတာဖြစ်ပြီး မြိုနယ် ၅ မြိုနယ်က ကျေးရွာတွေရော၊ စစ်ရှောင်စခန်းတွေရောမှာ တူးဖော်ပေးနေတာလို့ ဆိုပါတယ်။
"လက်ရှိ အုပ်ကန်ပါ ရေတွင်းဆို ၄ တွင်း တူးဖော် လှူဒါန်းပြီးပါပြီ။ အုပ်ကန်ပါဆို ကျပ် ၂၅ သိန်း ဝန်းကျင် ကုန်ကျပါမယ်ဗျ။ လက်ရေတွင်း တတွင်းဆို ၅ သိန်း ဝန်းကျင် ကုန်ကျနိုင်ပြီး စက်ရေတွင်းကတော့ ၃၀ သိန်းမှ သိန်း ၇၅ သိန်း ဝန်းကျင် ရှိနိုင်ပါတယ်။ သိန်း ၃၀ တန် နဲ့ ၇၅ သိန်း တန်ကို အခု နေ့ည တူးဖော်နေပါတယ်။ ၅ သိန်းဝန်းကျင် ရေတွင်းတွေကတော့ မတူးဖော်ရသေးပါဘူး" လို့ S&C မီးဘေး စစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့က ဒီဗွီဘီ ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း အညာဒေသဟာ ရေရှားပါးတာကြောင့် ပေ ၄၀၀ မှ ပေ ၅၀၀ အထိ တူးရပြီး ရေတွင်းတတွင်း ရရှိဖို့ တူးချိန် ၇ ရက်မှ ၁၅ ရက်အတွင်း ကြာတတ်ပါတယ်။
ဘယ်လိုပင် ခက်ခဲပါစေ ပြည်သူ့အတွက် အမြဲ အသင့်ရှိမှာ ဖြစ်သလို အားသွန်ခွန်စိုက် ကြိုးစားလျက်ရှိပါကြောင်း S&C မီးဘေးစစ်ဘေး ပညာရေးကူညီစောင့်ရှောက်ရေး အဖွဲ့သားတွေက ပြောပါတယ်။