ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့ဘက်ကနေ နိုဝင်ဘာ ၇ ရက် မနက်၁၀ နာရီလောက်က ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီ ရေယာဥ်အုပ်စုကို ကသာမြို့နယ်၊ တိုက်ကုန်းကျေးရွာအနီးမှာ Katha Drone Team (KDT) အဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ကသာမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။
ဗုံးကြဲချရာမှာ ရေယာဉ် ၆ စီးထဲက ၁ စီးပေါ်ကျသွားခဲ့ပေမဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကိုတော့ မသိရသေးတဲ့အကြောင်း၊ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးငယ်မျိုးစုံနဲ့ပြန်ပစ်ခဲ့တယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့က ထုတ်ပြန်ချက်မှာရေးသားထားပါတယ်။
"အဆန်တုန်းကတော့ ခေါင်မိုးပေါ်မှာ စက်သေနတ်ပစ်တဲ့ စခတွေပါတယ်။ အခုမပါတော့ ရေယာဥ်ပေါ်ကိုပဲပစ်ချလိုက်ရတာ။ အထိအခိုက်မသိရပေမဲ့ ပစ်ချခံရပြီးနောက် လက်နက်ကြီးငယ်မျိုးစုံ ပြန်ပစ်တာပါ။ မိုတားလေးကို ခဏကပ်ပြီး စခတွေ အတင်အချလုပ်ကာ ကသာဘက်ကို ဆက်စုန်သွားပါတယ်။ ဒီနေ့ည ကသာမှာ ညအိပ်ကြမယ်ထင်ပါတယ်"လို့ ကသာမြို့နယ် ပကဖ အဖွဲ့ကပြောပါတယ်။
စစ်ကောင်စီရေယာဥ်အုပ်စု လုံခြုံရေအတွက် ကုန်းပေါ်မှာနေတဲ့ စကစ တပ်သားတွေက ဆင်ကုန်တိုင်ကျေးရွာ၊ မိုးတားလေးကျေးရွာ၊ ခတက်ချောင်ကျေးရွာ၊ မင်းလယ်ကျေးရွာ၊ နလယ်အင်းကျေးရွာ၊ ပေါမမြိုင်ကျေးရွာနဲ့ ပုလွှေရွှေကျေးရွာတွေမှာ တပ်ဖြန့်ထားတယ်လို့ ကသာမြို့နယ် ပကဖ အဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။
နလယ်အင်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ ပစ်ခတ်တာကြောင့် သာစည်ကျေးရွာနေ ၄ နှစ်သားအရွယ် မောင်ဖြူရဲ့ လက်မောင်း မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး သာစည်လမ်းစုံဘက်ကို ကျတဲ့လက်နက်ကြီးကျည်ကတော့ မပေါက်ကွဲလို့ ကံကောင်းခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “စစ်ကောင်စီတပ်သားတွေ ရွာတွေထဲကိုဝင်လာချိန် PDF တွေက ဘာမှမလုပ်ရင် သူတို့ကလည်း ဘာမှမလုပ်ဘူး။ မိုင်းခွဲခံရရင် ရွာကိုမီးရှို့မယ် အမျိုးမျိုးပြောခဲ့ပေမယ့် ညပိုင်းအချိန်ရောက်ရင် ရွာတွေထဲကို ရည်ရွယ်ချက်ရှိရှိပစ်ခတ်နေတာကြမို့ ယုံကြည်လို့မရတော့ဘူး”လို့ပြောပါတယ်။
နိုဝင်ဘာ ၆ ရက် ညကလည်း စစ်ကောင်စီတပ်သားတွေ ပစ်ခတ်ရာမှာ နေအိမ် ၁ လုံး မီးလောင်ကျွမ်းခဲ့လို့ ဒေသခံပြည်သူတွေ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရတယ်လို့ ရွာခံတွေကဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ်၊ ဖက်ခက်ရွာအနီး မကျည်းတောင်ရိုးမှာ စက်တင်ဘာ ၁၁ ရက် မနက် ၈ နာရီက စတင်ပြီး ၉ နာရီ ၄၅ မိနစ်လောက်အထိ စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မင်းကင်းမြို့နယ်ပန်းဆက်ရွာဆိပ်ကမ်းကနေ ထွက်လာတာ စစ်ကောင်စီရဲ့ ဖလပ်ခွံ မော်တော် ၁၃ စီးဟာ မကျည်းတောင်ရိုးကနေ စတင်တိုက်ခိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံး ဒဏ်ရာရတဲ့ အရေအတွက်တော့ အတိအကျမသိရဘူးလို့ PDF တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
“စစ်ကောင်စီအကျအဆုံးကတော့ ကျနော်တို့အဖွဲ့နဲ့ပစ်ခတ်တာတော့ နှစ်ဦးကျတာတော့ လက်တွေ့ မြင်လိုက်ရတယ်။ တခြားအဖွဲ့တွေ ပစ်လို့ ဘယ်နှစ်ကောင်သေဦးမလဲ ဆိုတာကတော့မ သိရသေးဘူး။”
မင်းကင်းမြို့နယ် စစ်ကောင်စီနဲ့နီးစပ်သူတစ်ဦးကတော့ “သူတို့ကအခုလိုပစ်ခတ်ပြီး သေတဲ့သူတွေကို မင်းကင်းမြို့ပေါ်ကို သယ်လာလေ့မရှိဘူး၊ တောင်ယာတောရွာရဲ့ သင်္ချိုင်းမှာ မြေမြုပ်လေ့ရှိတယ်ဗျ။ ဒဏ်ရာရသူတွေကိုတော့ မင်းကင်းဆေးရုံမှာ ကုသပေးလေးရှိပါတယ်။ အခုလည်း ဒဏ်ရာရသူတွေပါလာတယ်ဆိုတဲ့သတင်း ကနဦးရရှိထားတယ်။ အသေစာရင်းကတော့ အတိကျမသိရသေးဘူး”လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာလို့ ဖက်ခက်ရွာ၊ ပင်နင်းရွာ၊ နှင်းကြီးရွာ၊ လက်ချိတ်ရွာစတဲ့ ကျေးရွာတွေက နေအိမ်အချို့ လက်နက်ကြီးကျည်ကျပြီး အမိုးအကာနဲ့ တွေပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အနီးနားက ကျေးရွာသားတဦးက “ဒေသခံပြည်သူတွေကတော့ စစ်ကောင်စီလာပြီဆိုတာနဲ့ ဒါပဲ စောင့်ကြည့်နေရတာ။ သူတို့က ဒီဘက်က PDF ကမပစ်လည်း သူတို့က သူတို့ကိုပစ်မယ်အထင်နဲ့ ရမ်းပစ်ခတ်နေကြတာဆိုတော့ ထွက်ပြေးဖို့ရာ စောင့်ကြည့်နေကြရတာ။ ဒီနေ့လည်း ပစ်ခတ်ကြတာတော့ ဆူညံနေတာပဲ။ စစ်ကောင်စီက ပစ်ခတ်တဲ့ လက်နက်ကျည်တွေလည်း ကျနော်တို့ စစ်ရှောင်အနီးကျတာတွေရှိတယ်။ အထိခိုက်တွေတော့မရှိဘူး”လို့ ပြောပါတယ်။
အခုအတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီ မော်တော် ၁၃ စီးဟာ ချင်းတွင်းမြစ်အထက်ပိုင်းကို ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေအပြင် လေယာဉ်ဆီတွေပါ သွားရောက်ပို့ဆောင်နေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပေမဲ့ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်း မရှိသေးပါဘူး။
အဆိုပါ မော်တော် ၁၃ စီးဟာ ကနီမြို့နယ်အတွင်းဖြတ်သန်းသွားချိန်မှာလည်း ဒေသခံ ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ ပစ်ခတ်တာခံခဲ့ရပါတယ်။