ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံး၊ စီမံအုပ်ချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ လုံလောက်တဲ့ ကူညီပံ့ပိုးမှုတွေ မရရှိသလို ကလေးသူငယ်တွေဟာ မိုးရာသီမှာ အဖြစ်များတဲ့ တုပ်ကွေးရောဂါတွေ ဖြစ်နေကြတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ တပ်တွေက နယ်မြေကျော်ဝင်ရောက်ခဲ့တဲ့အတွက် KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ကျေးရွာတွေအတွင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် ကလေးသူငယ်တွေ အခုလို တုပ်ကွေးရောဂါတွေ ဖြစ်ပွားနေတာပါ။
ကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတဦးက “လက်ရှိ ကြုံတွေ့နေရတဲ့ ပြဿနာက ကလေးသူငယ်အများစု တုပ်ကွေးရာသီ တုပ်ကွေးရောဂါတွေ အဖြစ်များတယ်။ ပြီးတော့လည်း အမိုးအကာတွေ မလုံလောက်တာတွေရှိတယ်။ လက်ရှိအခြေအနေကို ကျနော်က ပိုသိလာရတယ်” လို့ ပြောပါတယ်။
စစ်ဘေးရှောင်တွေဟာ လုံလောက်တဲ့ဆေးဝါးမရှိတာ၊ ဆရာဝန်မရှိတာတွေကြောင့် ဆေးဝါးကျွမ်းကျင်သူတွေနဲ့ပဲ အဆင်ပြေသလို ဆေးကုသနေရသလို စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေရဲ့ ရှေးဦးကုသမှုနည်းနဲ့ပဲ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေရပ်မပြန်နိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကျန်းမာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရသလို မသန့်ရှင်းတဲ့ရေတွေကို သောက်သုံးနေရတာ၊ ကျန်းမာရေးအတွက် အိမ်သာမရှိတာတွေကြောင့် နောက်ဆက်တွဲရောဂါ ဖြစ်ပွားမှာကို စိုးရိမ်နေရပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းက စစ်ဘေးရှောင်ပြည်သူတွေဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်မှာကို စိုးရိမ်ရပေမဲ့ နေထိုင်စားသောက်ရေးအတွက် လယ်ယာလုပ်ငန်းခွင် ပြန်လည်ဝင်ရောက်ဖို့ နေရပ်ပြန်သူတွေရှိတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။
ဇူလိုင် ၂၉ ရက် မနက် ၉ နာရီလောက်က စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။
ကျောက်ကြီးမြို့နယ်အတွင်းက သောတူဒေး၊ ကွီးဒိုကယ်ခို၊ ခလယ်ကွီးကယ်ခိုကျေးရွာ ၃ ရွာကို စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၄ ဦး အသက်အန္တရာယ် မစိုးရိမ်ရ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
စစ်ကောင်စီရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၉ ဦးရှိပြီး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အရပ်သားပြည်သူ စုစုပေါင်း ၁၂ ဦးရှိကာ စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးခံခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း ၃၄ ဦးရှိပြီး ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်ပြည်သူ စုစုပေါင်း ၁၆,၀၃၆ ဦးရှိတယ်လို့ ကေအန်ယူက ထုတ်ပြန်ထားပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်မှာ စစ်ဘေးရှောင်ကလေးတွေကို ပညာသင်ပေးဖို့ကြိုးစားနေပြီး အခက်အခဲတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေကြတာမှာ စစ်ကောင်စီတပ်က လေယာဉ်တွေပါသုံးပြီး ပြည်သူတွေကိုလည်း တိုက်ခိုက်နေတာကြောင့် မြို့နယ်ထဲက ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။
စစ်ဘေးရှောင်ကလေးအတွက် ပညာသင်ကြားခွင့်ရဖို့ ရပ်ရွာတာဝန်ရှိသူတွေက ကြိုးစားနေပြီး အထွေထွေ လိုအပ်ချက်တွေ ရှိနေကြပါတယ်။
“အဆောက်အအုံကတော့ တောတောင်ထဲက သစ်ဝါးတွေနဲ့ ဆောက်ကြတယ်။ ရွာသားတွေကပဲ လုပ်အားပေးကြတာပေါ့။ ကျောင်းသားတွေသုံးဖို့ ရေကန်လည်းဆောက်ရမယ်။ အမိုးအကာအတွက်၊ ပြီးတော့ ကျောင်းသားတွေအတွက် စာအုပ်စာတမ်းတွေလိုပါတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျောင်းသား ၂၀၀ ကျော်အတွက် ရွာက CDM လုပ်ထားတဲ့ ဆရာ ၂ ယောက်က သင်ကြားပေးဖို့ စီစဉ်ထားပြီး ကျောင်းသားတွေထဲမှာ သူငယ်တန်းကနေ ၇ တန်းအထိပါတယ်လို့လည်း ဆိုပါတယ်။