close

စစ်ရေးလေ့ကျင့်

close

April 5, 2023

အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်တို့ ပူးပေါင်းပြီး ရေငုပ်သင်္ဘောတိုက်ခိုက်ရေး လေ့ကျင့်

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန်နိုင်ငံတို့က ရေတပ်တွေဟာ မြောက်ကိုရီးယားရဲ့ နျူးကလီးယားနဲ့ ဒုံးကျည်စွမ်းဆောင်ရည်အတွက် ပိုကောင်းမွန်တဲ့ ကြိုတင်ပြင်ဆင်ထားမှု ဖြစ်ဖို့ ဧပြီ ၄ ရက်က ရေငုပ်သင်္ဘောတိုက်ခိုက်ရေး လေ့ကျင့်ခန်းတွေကို ပြုလုပ်ခဲ့တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က အရှေ့တောင်ဘက်က ဘူဆန်ကို ရောက်ရှိလာခဲ့တဲ့ USS Nimitz လေယာဉ်တင်သင်္ဘောကြီး ဦးဆောင်တဲ့ ရေတပ်တိုက်ခိုက်ရေးတပ်ဖွဲ့လည်း ပါဝင်တဲ့ ၂ ရက်တာ စစ်ရေးလေ့ကျင့်မှုတွေကိုတောင်ကိုရီးယားတောင်ပိုင်းရှိ ဂျယ်ဂျူကျွန်းက နိုင်ငံတကာရေပိုင်နက်မှာ ဧပြီ ၃ ရက်ကစပြီး ပြုလုပ်ခဲ့တာပါ။

ပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားဟာ သစ်လွင်ပြီး ပိုသေးငယ်တဲ့ နျူးကလီးယား ထိပ်ဖူးအသစ်တွေကို ထုတ်ပြခဲ့ပြီး သူ့ရဲ့လက်နက်တိုက်ကို တိုးချဲ့ထည့်သွင်းဖို့ လက်နက်အဆင့်ရှိ နျူးကလီးယားပစ္စည်းတွေကို ထုတ်လုပ်ဖို့ ကတိပြုလိုက်ပြီး နျူးကလီးယား စွမ်းဆောင်ရည်ရှိ ရေအောက်တိုက်ခိုက်ရေး ဒရုန်းလက်နက်ကိုလည်း ထုတ်ကြွားခဲ့တာကြောင့် ခုလို ၃ နိုင်ငံပေါင်း ရေတပ်လေ့ကျင့်ရေးကို လုပ်လာတာပါ။

အခုတပတ် လေ့ကျင့်ခန်းတွေဟာ မြောက်ကိုရီးယားရဲ့ ရေအောက်ခြိမ်းခြောက်မှုတွေကို ရှာဖွေတွေ့ရှိပြီး ခြေရာခံဖျက်ဆီးဖို့အတွက် လိုအပ်တဲ့စွမ်းရည်တွေကို တိုးတက်စေဖို့ မိုဘိုင်းလ် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးဆိုင်ရာ စစ်ဆင်ရေးကို အသုံးပြုခဲ့တာဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောပါတယ်။

တောင်ကိုရီးယား၊ အမေရိကန်နဲ့ ဂျပန် ၃ နိုင်ငံတို့ဟာ မြောက်ကိုရီးယားရဲ့ ကြိုတင်မခန့်မှန်းနိုင်တဲ့ မကြာခဏ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေကြောင့် တင်းမာမှုတွေ ရှိနေတဲ့ကြားမှာ ၅ နှစ်အတွင်း ပထမဆုံးအဖြစ် ပြီးခဲ့တဲ့ စက်တင်ဘာလက ၃ နိုင်ငံပေါင်း ရေငုပ်သင်္ဘောဆန့်ကျင်ရေး လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပါတယ်။

2 weeks Ago

March 29, 2023

အမေရိကန်နှင့် တောင်ကိုရီးယားတို့ ပူးပေါင်းပြီး အကြီးစားစစ်ရေးလေ့ကျင့်မှု စတင်

အမေရိကန်နဲ့ တောင်ကိုရီးယားတို့က ကုန်းကြောင်း ရေကြောင်း တိုက်ခိုက်မှုပါဝင်တဲ့ အကြီးစား စစ်ရေးလေ့ကျင့်မှုတခုကို တောင်ကိုရီးယား အရှေ့တောင်ပိုင်းမှာ မတ် ၂၉ ရက် ဒီနေ့စတင်လိုက်ပြီး လာမယ့်အပတ် တနင်္လာနေ့အထိ ပြုလုပ်သွားမယ်လို့ NHK ဂျပန်သတင်းဌာနက ဖော်ပြပါတယ်။

ဒီအတောအတွင်းမှာ မြောက်ကိုရီးယားက နျူးကလီးယားလက်နက်တွေ ဒုံးကျည်ပစ်ခတ်မှုတွေနဲ့အတူ ခြိမ်းခြောက်နေတဲ့အတွက် ခြိမ်းခြောက်မှုတွေကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းသွားမယ်လို့ အမေရိကန်နဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။

အခုတခေါက် စစ်ရေးလေ့ကျင့်မှုကို နဂါးနှစ်ကောင်စစ်ဆင်ရေးလို့ ခေါ်ဆိုပြီး ဒီကနေ့မှာ နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေဟာ ကုန်းကြောင်း ရေကြောင်း တိုက်ခိုက်ဆင်းသက်မှု လေ့ကျင့်ခန်းတွေ ပြုလုပ်ခဲ့ရာမှာ သံချပ်ကာယာဉ်၊ စစ်သင်္ဘောတွေနဲ့ ရဟတ်ယာဉ်တွေ ပါဝင်လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။

လာမယ့်ရက်မှာ အမေရိကန်ရဲ့ နျူးကလီးယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ပါဝင်မယ့် စစ်ရေးလေ့ကျင့်မှုတွေ လုပ်သွားမှာဖြစ်ပြီး အခုတကြိမ် စစ်ရေးလေ့ကျင့်မှုကို စစ်ရေယာဉ် အစင်း ၃၀ နဲ့ လေယာဉ် ၇၀ ပါဝင်တယ်လို့ တောင်ကိုရီးယားစစ်တပ်က မီဒီယာတွေကို ပြောပါတယ်။

မတ်လ ၁၃ ရက်ကလည်း တောင်ကိုရီးယားနဲ့ အမေရိကန်တို့က ၁၀ ရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပြီး အခုလို စစ်ရေးလေ့ကျင့်မှုနဲ့ပတ်သက်လို့ မြောက်ကိုရီးယားက ကြိမ်ဖန်များစွာ ရှုတ်ချပြောဆိုကာ ကျူးကျော်စစ်ဆင်နွှဲဖို့ပဲလို့ စွပ်စွဲထားပါတယ်။

3 weeks Ago
Up