စပါးအသင်းခေါင်းဆောင် ဟာရီကိန်းဟာ အသင်းနဲ့အတူ ဆုဖလားတစ်လုံး သေချာပေါက်ရယူနိုင်လိမ့်မယ်လို့ အသင်းဥက္ကဋ္ဌလီဗိုင်းက ပြောသွားပါတယ်။
ဟာရီကိန်းဟာအသင်းနဲ့ တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့ပြီး ဆုဖလားလက်မဲ့ဖြစ်နေတဲ့ စပါးအသင်းကနေ ထွက်ခွါနိုင်တယ်လို့ သုံးသပ်ကြတာပါ။
အသင်းဥက္ကဋ္ဌလီဗိုင်းကတော့ ဟာရီကိန်းကို ဆက်လက်ထိန်းသိမ်းလိုနေပြီး အနည်းဆုံးဆုဖလား တလုံးလည်း သေချာပေါက်ရယူနိုင်မှာဖြစ်ကြောင်း ပြောခဲ့တာပါ။
အသင်းဥက္ကဋ္ဌလီဗိုင်းက “ဆုဖလားတစ်လုံးသေချာ ပေါက်ရယူနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ပိုအရေးကြီးတာက သူကအသင်းရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်တယ်။ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်ပြီး သူဟာ သမိုင်းသစ်ရေးထိုးနေသူဖြစ်တယ်။ တစ်နေ့မှာ ဟာရီကိန်းရဲ့ရုပ်တုတစ်ခု ကွင်းရဲ့အပြင်ဘက်မှာ ထားရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောပါတယ်။
ဟာရီကိန်းကိုခေါ်ယူဖို့ မန်ယူအသင်းက ပစ်မှတ်ထားနေတယ်လို့ သိရပြီး တခြားထိပ်တန်းအသင်းတွေကလည်း စောင့်ကြည့်နေပါတယ်။
စပါးအသင်းအားကစားဒါရိုက်တာ ပါရာတီချီဟာ ဂျူဗင်တပ်အသင်းမှာ တာဝန်ယူစဉ်က ဖြစ်ရပ်တွေကြောင့် ဘောလုံးလောကနဲ့ ၂ နှစ် ပတ်သက်ခြင်းမပြုဖို့ ဖီဖာက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။
ပါရာတီချီဟာ ဂျူဗင်တပ်အသင်းကို တာဝန်ယူစဉ်က ကစားသမားအပြောင်းအရွှေ့တွေမှာ စာရင်းအမှားတွေ ပြုလုပ်ခဲ့တာပါ။
ဒါကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလကတည်းက ဘောလုံးလောကနဲ့ ၂ နှစ်ခွဲ ပတ်သက် ခြင်းမပြုဖို့ အီတလီအက်ဖ်အေက ဆိုင်းငံပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
အဲဒီအချိန်ကတည်းက ဂျူဗင်တပ်အသင်းကိုလည်း ၁၅ မှတ် လျော့ခဲ့တာဖြစ်ပြီး အီတလီ အက်ဖ်အေရဲ့ တောင်းဆိုမှုနဲ့ အတူ ဖီဖာဘက်ကလည်း ပါရာတီချီကို တကမ္ဘာ့လုံးအတိုင်းအတာနဲ့ အရေးယူပေးခဲ့တာဖြစ်ပါတယ်။
ပါရာတီချီနဲ့အတူ ဂျူဗင်တပ်ဥက္ကဋ္ဌဟောင်း အန်ဒရီယာအန်နယ်လီနဲ့ အမှုဆောင်အရာရှိချုပ်အာရီ ဗာဘီနီ တို့ကို ၂ နှစ်ကြာ ဘောလုံးလောကနဲ့ ပတ်သက်ခြင်းမပြုဖို့ ပြစ်ဒဏ်ချမှတ်ခဲ့သလို ဒုတိယဥက္ကဋ္ဌ ဟောင်းနဲ့ ကစားသမားဟောင်းဖြစ်သူ နက်ဗက်ဒ်ကိုတော့ ၈ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခဲ့တာဖြစ်ပါတယ်။
ပါရာတီချီအနေနဲ့ အယူခံဆက်လက်ဝင်ဖို့ရှိနေပေမဲ့ နည်းပြကွန်တီနဲ့ လမ်းခွဲထားတဲ့ စပါးအသင်းအတွက်တော့ အခက်အခဲရှိလာတော့မှာဖြစ်ပါတယ်။