ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီဟာ အခုတစ်ပတ်လီဂူးဝမ်းပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် ရော်နယ်ဒိုရဲ့ ဥရောပထိပ်သီးလိဂ်သွင်းဂိုးအရေအတွက်ကို လိုက်မီခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဥရောပထိပ်သီးလိဂ် ၅ ခုထဲကနေ ပရီးမီးယားလိဂ်၊ လာလီဂါနဲ့ စီးရီးအေပြိုင်ပွဲတွေမှာ စုစုပေါင်း ၆၂၆ ပွဲ ကစားခဲ့ပြီး ၄၉၅ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
မက်ဆီဟာလည်း လန်းစ်နဲ့ပွဲစဉ်မှာ တစ်ဂိုးသွင်းခဲ့ပြီး နောက် လာလီဂါနဲ့ ပြင်သစ်လီဂူးဝမ်းပြိုင်ပွဲတွေမှာ ၄၉၅ ဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
မက်ဆီဟာ ဂိုးဖန်တီးမှုအပိုင်းမှာတော့ ၂၄၅ ကြိမ်ရှိခဲ့ပြီး ၁၅၁ ကြိမ်ပဲရှိတဲ့ရော်နယ်ဒိုထက် အသာရရှိထားပါတယ်။
ရော်နယ်ဒိုဟာ လက်ရှိအချိန်မှာ အာရှတိုက်က ဆော်ဒီကလပ် အယ်လ်နာဆာအသင်းမှာ ပြောင်းရွှေ့ကစားနေတာပါ။ ပြင်သစ်လိဂ်မှာကစားနေတဲ့ မက်ဆီက နောက်ထပ်တစ်ဂိုးသွင်းရုံနဲ့ ရော်နယ်ဒိုကို ကျော်ဖြတ်သွားမှာဖြစ်ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့စဉ်းစားခဲ့သေးကြောင်း ပေါ်တူဂီ အသင်းခေါင်းဆောင် စီရော်နယ်ဒိုကပြောပါတယ်။
ရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီအသင်းဟာ ကာတာကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ်အဆင့်နဲ့သာ ကျေနပ်ခဲ့ရပြီး ရော်နယ်ဒိုကတော့ ၁၆ သင်းအဆင့်နဲ့ ကွာတားဖိုင်နယ်ပွဲတွေမှာ ပွဲထွက်ခွင့်မရခဲ့ဘဲ လူစားဝင် ကစားခွင့်သာရခဲ့တာပါ။
ကမ္ဘာ့ဖလားအပြီးမှာ နိုင်ငံအသင်းကနေ အနားယူဖို့အတွက် မိသားစုနဲ့အတူ စဉ်းစားခဲ့ပေမဲ့ အဆုံးသတ်မှာတော့ ပြန်လည်ကစားဖို့ဆုံးဖြတ်ခဲ့ပြီး အဲဒီအတွက်ကျေနပ်ပျော်ရွှင်ရကြောင်း ရော်နယ်ဒိုကပြောပါတယ်။
“နည်းပြရောဘတ်တို မာတီနက်ဇ်က ကျနော့်ကိုအသင်းမှာ ဆက်ပြီးရွေးချယ်ခဲ့တယ်။ ကျနော်ဟာ အသင်းအတွက် အမြဲတမ်းကစားချင်ခဲ့ပါတယ်။ နည်းပြက ကျနော်အပါအဝင်အားလုံးနဲ့ဆွေးနွေးခဲ့ပြီး ကျနော့်အနေနဲ့လည်း နိုင်ငံအတွက်အများကြီး ပေးဆပ်ဖို့လိုတယ်ဆိုတာ သိမြင်လာပါတယ်။ ကျနော့်ဆန္ဒက ပေါ်တူဂီကို အမြင့်မားဆုံးအဆင့်ကို တွန်းတင်ပေးဖို့ပါပဲ။ အသင်းက ကျနော့်ကိုလိုအပ်လာတိုင်း ကောင်းဆုံးပေးဆပ်သွားပါမယ်”လို့ ရော်နယ်ဒိုကပြောပါတယ်။
ရော်နယ်ဒိုဟာ မတ်လ ၂၄ ရက်မှာကစားမဲ့ လက်ချင်စတိန်းနဲ့ပွဲမှာ ကစားခွင့်ရမယ်ဆိုရင် ပေါ်တူဂီအတွက် ၁၉၇ ပွဲမြောက်ဖြစ်ပြီး သမိုင်းတစ်လျှောက်ပွဲအများဆုံး ကစားသမားအဖြစ် မှတ်တမ်းဝင်မှာ ဖြစ်ပါတယ်။