close

ဆန္ဒပြပွဲ

close

January 14, 2023

ဆန္ဒပြပွဲအတွင်း လူဒါဇင်ချီ သေဆုံးမှုအပေါ် ပီရူးသမ္မတ တောင်းပန်

ပီရူးသမ္မတ ဒီနာဘိုလွာတေးဟာ လတ်တလော ရက်သတ္တပတ်တွေအတွင်း နိုင်ငံတဝန်းမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေမှာ လူဒါဇင်နဲ့ချီ သေဆုံးခဲ့ရမှုတွေအတွက် တောင်းပန်ကြောင်း ဇန်နဝါရီ ၁၃ ရက် ညနှောင်းပိုင်းမှာ တိုင်းပြည်ကို အသံလွှင့် မိန့်ခွန်းပြောကြားခဲ့ပါတယ်။ 

“ဆန္ဒပြပွဲတွေမှာ ပီရူးနိုင်ငံသားတွေ သေဆုံးမှုအတွက် ထပ်ခါတလဲလဲ နောင်တရလို့ မဆုံးကြောင်းနဲ့ ဒီအခြေအနေအတွက်၊ ဒီလို ကြေကွဲစရာ ဖြစ်ရပ်တွေကို ရှောင်ရှားဖို့ မလုပ်နိုင်ခဲ့တာတွေအတွက် တောင်းပန်ပါကြောင်း” ဘိုလွာတေးက ပြောပါတယ်။ 

ဇန်နဝါရီ ၁၂ ရက်က လူထောင်ပေါင်းများစွာဟာ ကွန်ဂရက်လွှတ်တော်ကို ပိတ်သိမ်းဖို့နဲ့ ဘိုလွာတေး နုတ်ထွက်ပေးဖို့ လီမာမြို့ရဲ့လမ်းတွေတစ်လျှောက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။

ဘိုလွာတေးက သူ ရာထူးကနေ ဆင်းမှာ မဟုတ်ကြောင်းနဲ့ ကွန်ဂရက်ကို ပိတ်ပစ်ဖို့ကလည်း ဥပဒေဆိုင်ရာ အခြေအနေတွေ မရှိကြောင်း ညမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

“အကြမ်းဖက်တဲ့ အစွန်းရောက် အဖွဲ့တွေက ဖြုတ်ချခံသမ္မတ ကက်စ်တီလို ကို လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြပေမယ့် သူ့အနေနဲ့ လွှတ်ပေးလို့ မရကြောင်း၊ ကက်စ်တီလိုရဲ့ အမှုကလည်း တရားရုံးမှာ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်တယ်” လို့ ဘိုလွာတေးက ပြောပါတယ်။ 

သမ္မတဟောင်း ပေဒရို ကက်စ်တီလိုဟာ ကွန်ဂရက်ကို တရားမ၀င် ဖျက်သိမ်းဖို့ ကြိုးစားခဲ့ပြီး နောက်မှာ ဖြုတ်ချခံရပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာကြောင့် ဒီဇင်ဘာလ အစောပိုင်းကတည်းက ဆန္ဒပြမှုတွေ ရက်သတ္တပတ်ချီ ကြာမြင့်ခဲ့ပြီး အနည်းဆုံး လူ ၄၂ ဦး သေဆုံးခဲ့ရတာပါ။

နိုင်ငံရဲ့ အပြင်းထန်ဆုံး ဆန္ဒပြပွဲတွေအတွင်းမှာ အရပ်သားအများစု အပါအဝင် သေဆုံးမှုပေါင်း ၃ ဒါဇင်ကျော်အတွက် တာဝန်ရှိသူတွေကို ဖော်ထုတ်ဖို့ ပီရူးရှေ့နေချုပ်က စုံစမ်းမေးမြန်းမှု ၁၁ ခုကို စတင်ခဲ့ကြောင်း သမ္မတရုံးက ဇန်နဝါရီ ၁၃ ရက်မှာ ပြောကြားခဲ့ပါတယ်။

လီမာမြို့တော်အပြင် ပူနို၊ ကုစ်ကို၊ အာရေကီးပါ၊ အာပူရီမာ နဲ့ အူယာကာလီ စတဲ့ တောင်ပိုင်းက မြို့တွေမှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေအကြား ပြင်းထန်တဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့မှုတွေအပေါ် အဓိကထား စုံစမ်းစစ်ဆေးနေကြောင်း ရှေ့နေချုပ် ပက်ထရစ်ရှာ ဘီနာဗီဒက်စ် က ကြေညာခဲ့ပါတယ်။ 

လူ့အခွင့်အရေးအဖွဲ့တွေကတော့ ရဲတပ်ဖွဲ့နဲ့စစ်သားတွေဟာ ရဟတ်ယာဉ်တွေကနေ မျက်ရည်ယိုဗုံး ကြဲချခြင်းနဲ့ ကျည်ဆန်တွေနဲ့ပစ်ခတ်ခြင်းတွေ အပါအဝင် အင်အား အလွန်အကျွံ သုံးတယ်လို့ စွပ်စွဲထားပြီး လုံခြုံရေးတပ်ဖွဲ့တွေကလည်း ပီရူးတောင်ပိုင်း အန်ဒီးစ်တောင်တန်းဒေသက ဆန္ဒပြသူအများစုဟာ လက်လုပ်လက်နက်တွေနဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို အသုံးပြုခဲ့ကြတယ် လို့ ပြောပါတယ်။ 

3 months Ago

January 6, 2023

ဆန္ဒပြပွဲများကို ထောက်ပံ့မှုဖြင့် ဘယ်လာရုစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် တရားရင်ဆိုင်နေရ

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် အားလက်စ် ဘီယဲလီယက်စကီးဟာ ဇန်နဝါရီ ၅ ရက်က ဘယ်လာရုစ်နိုင်ငံမှာ ထောင်ဒဏ် ၁၂ နှစ်အထိ ကျခံရနိုင်တဲ့အမှုနဲ့ တရားရင်ဆိုင်ခဲ့ပါတယ်။

Viasna လူ့အခွင့်အရေးအဖွဲ့ကို ပူးတွဲတည်ထောင်သူ အသက် ၆၀ အရွယ် နိုဘယ်လ်ဆုရှင်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ နွေရာသီမှာ ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက် ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ရာနဲ့ချီတဲ့ ဘယ်လာရုစ် နိုင်ငံသားတွေထဲက တဦးဖြစ်ပါတယ်။

မနှစ် အောက်တိုဘာလမှာ ရုရှားလူ့အခွင့်အရေးအဖွဲ့ မန်မိုရီရယ်နဲ့ ယူကရိန်း ပြည်သူ့လွတ်လပ်ရေးစင်တာတို့နဲ့အတူ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ပူးတွဲရရှိခဲ့တဲ့ ဘီယဲလီယက်စကီးဟာ ၂၀၂၁ ခုနှစ်မှာ Viasna လူ့အခွင့်အရေးအဖွဲ့က လုပ်ဖော်ကိုင်ဘက် နှစ် ဦးနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာပါ။

သူတို့ ၃ ဦးဟာ ဆန္ဒပြပွဲတွေကို ငွေကြေးထောက်ပံ့မှုအပြင် ငွေကြေးမှောင်ခိုမှုတို့နဲ့အတူ ထောင်ဒဏ် ၇ နှစ်ကနေ ၁၂ နှစ်အထိ ကျခံရနိုင်တဲ့ စွဲဆိုချက်တွေနဲ့ ရင်ဆိုင်နေရပါတယ်။

ဘီယဲလီယက်စကီးက အဲဒီစွပ်စွဲချက်တွေအပေါ် လူသိရှင်ကြား မှတ်ချက်ပေးတာမျိုး မရှိသလို သူ့ရဲ့ရှေ့နေကိုလည်း ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ထုတ်မပြောဖို့ တားမြစ်ထားပါတယ်။

သူ့ရဲ့မိတ်ဆွေတွေကတော့  ဒီအမှုဟာ သူ့ရဲ့ လူ့အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအတွက် နိုင်ငံရေးအရ ဒဏ်ခတ်ခံရမှုလို့ ရှုမြင်ကြပါတယ်။

ဘယ်လာရုစ်နိုင်ငံကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ ၄ ယောက်မြောက် လူအခွင့်အရေး ကာကွယ်သူ တဦးကိုတော့ အလားတူပြစ်မှုတွေအတွက် မျက်ကွယ်တရားစီရင်မှာ ဖြစ်ပါတယ်။

ဒီတရားခွင်မှာ တရားသူကြီးက ရုရှားဘာသာအစား ဘယ်လာရုစ်ဘာသာနဲ့ ရုံးတင်စစ်ဆေးဖို့ ငြင်းပယ်ခဲ့ပြီး ဘီယဲလီယက်စကီးရဲ့ ဘာသာပြန်တဦး တောင်းဆိုမှုကိုလည်း ပယ်ချခဲ့တယ်လို့ Viasna အဖွဲ့က တွစ်တာလူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက အာဏာရရှိခဲ့တဲ့ သက်တမ်းရှည်ခေါင်းဆောင် အလက်စ်ဆန်းဒါး လူကာရှန်ကိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြို အနိုင်ရရှိတယ်လို့ အတည်ပြုချိန်မှာပဲ ဆန္ဒပြပွဲအများအပြား ပေါ်ပေါက်လာခဲ့တာဖြစ်ပြီး Viasna လူအခွင့်အရေးအဖွဲ့က လက်ရှိ ရာနဲ့ချီပြီး ထောင်ကျနေတဲ့ ဘယ်လာရုစ်နိုင်ငံသားတွေအတွက် ဥပဒေကြောင်းအရရော ဘဏ္ဍာရေးအရပါ ထောက်ပံ့ခဲ့ပြီး ဦးဆောင်မှုကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

လူ့အခွင့်အရေးကာကွယ်သူ မိတ်ဘက်တွေက ဘီယဲလီယက်စကီးနဲ့ လုပ်ဖော်ကိုင်ဘက်တွေကို “နိုင်ငံရေးအကျဉ်းသားတွေ” အဖြစ် သတ်မှတ်ခဲ့ပြီး ဘယ်လာရုစ် အကျဉ်းထောင်တွေမှာလည်း နိုင်ငံရေးအကျဉ်းသား ၁,၅၀၀ ဝန်းကျင်အထိ ရှိနေပြီလို့ လူ့အခွင့်အရေးဆိုင်ရာ အားပေးထောက်ခံသူတွေက ခန့်မှန်းထားပါတယ်။

3 months Ago
Up