အာဆင်နယ်အသင်း အခုနှစ် ချန်ပီယံမဖြစ်ခဲ့ရင် ဝက်စ်ဟမ်းနဲ့ပွဲမှာ ဆာကာ ပင်နယ်တီမဝင်ခဲ့တာက အမှတ်ရစရာ အခိုက်အတန့် ဖြစ်စေလိမ့်မယ်လို့ ဂိုးသမားဟောင်း ဒေးဗစ်ဆီးမင်းက ပြောပါတယ်။
အာဆင်နယ်ဟာ အဲဒီပွဲစဉ်မှာ ပင်နယ်တီရခဲ့ပြီး ဝင်အောင်ကန်သွင်းနိုင်ခဲ့မယ်ဆိုရင် ၃ ဂိုး ၁ ဂိုး ရလဒ်နဲ့ ဦးဆောင်နိုင်မှာဖြစ်ပေမဲ့ လွဲချော်ခဲ့တာပါ။
အဲဒီနောက် မိနစ်ပိုင်းအတွင်းမှာပဲ ဝက်စ်ဟမ်းက ချေပဂိုးရသွားပြီး ၂ ဂိုးစီ သရေကျခဲ့ရတာပါ။ ဆာကာအနေနဲ့ ပင်နယ်တီမဝင်ခဲ့တာက အလှည့်အပြောင်းဖြစ်ခဲ့ပြီး ချန်ပီယံသာ မဖြစ်ခဲ့ဘူးဆိုရင် အမှတ်ရစရာ အခိုက်အတန့်တခုအနေနဲ့ ပြန်လည်သတိရနေကြလိမ့်မယ်လို့ ဂိုးသမားဟောင်း ဆီးမင်းက ပြောပါတယ်။
ဒါပေမဲ့ ချန်ပီယံမျှော်လင့်ချက်က ပြီးဆုံးသွားတာမဟုတ်ဘဲ အာဆင်နယ်အသင်း ရယူနိုင်ဖို့ အခွင့်အရေး ရှိနေဆဲဖြစ်ကြောင်း ဒေးဗစ်ဆီးမင်းက ပြောသွားပါတယ်။
အာဆင်နယ်တိုက်စစ်ကစားသမား ဘူကာရိုဆာကာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ညာ တောင်ပံကစားသမားဖြစ်လာပြီလို့ အင်္ဂလန်ကစားသမားဟောင်း ခရစ်ဆပ်တန်က ပြောပါတယ်။
ဘယ်တောင်ပံကစားသမားတွေထဲမှာ လီဗာပူးက ဆာလာဟာ အရင်ကလိုခြေစွမ်းမရ သေးသလို မန်စီးတီးကမာရက်ဇ်က ခြေစွမ်းပြသနေပေမဲ့ ဆာကာလောက် မကောင်းသေးကြောင်း ခရစ်ဆပ်တန်က ပြောပါတယ်။
ဒါ့အပြင် မန်ယူညာတောင်ပံကစားသမား အန်တိုနီဟာလည်း ကမ္ဘာ့အကောင်းဆုံးဆိုတဲ့ စာရင်းမှာထည့်သွင်းလို့မရနိုင်သေးတဲ့သူဖြစ်ကြောင်း ခရစ္စဆပ်တန်က ဒေးလီးမေးလ် သတင်းမှာ သုံးသပ်သပ်ချက်ရေးသားခဲ့ပါတယ်။
ဘယ်တောင်ပံတိုက်စစ်ကစားသမားတွေထဲမှာတော့ အမ်ဘာပေ၊ ဗင်နီဆီးယက်စ်၊ ခဗာရက်စ်ခီလီယာနဲ့ ရက်ရှ်ဖို့ဒ်တို့ဟာ ခြေစွမ်းပြနေပြီး ညာတောင်ပံ ကစားသမားတွေထဲမှာတော့ ဆာကာဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားဖြစ်တယ်လို့ ဆပ်တန်ကပြောပါတယ်။
ဆာကာဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၁၂ ဂိုးသွင်း ၁၀ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ခဲ့ပြီး အင်္ဂလန်အသင်းမှာလည်း ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။