ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ လူငယ် ၃ ဦးကို ဒီဇင်ဘာ ၁၄ ရက်မှာ စစ်ကောင်စီ တရားရုံးက ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တယ်တယ်လို့ မိသားစုအသိုက်အဝိုင်းကနေ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဇွန် ၂၀ ရက်က မန္တလေးတိုင်း၊ သာစည်မြို့နယ်၊ ငှက်ပျောတော ကျေးရွာရှိ ပြည်သူတွေရဲ့ နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးကာ လူငယ် ၃ ဦးကို ပစ်ခတ်ဖမ်းဆီးပြီး ရွာငံမြို့နယ်ရဲစခန်းမှာ ချုပ်နှောင်ထားတာပါ။
လူငယ် ၃ ဦးဟာ ဖမ်းဆီးခံလိုက်ရပြီး ၅ လအကြာမှာ စစ်ကောင်စီလက်အောက်ခံ တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အပြင် အကြမ်းဖက်မှုပုဒ်မတွေနဲ့ စွဲချက်တင်ခံရပြီး ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်လိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
အလားတူ ဒီဇင်ဘာ ၁၄ ရက်ကလည်း ပင်းတယမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတဲ့ အမျိုးသမီး ၂ ဦးကို ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ အောင်ပန်းမြို့မှာလည်း ဒီဇင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ရိုးမဘဏ်လမ်းဆုံမှာ ဆိုင်ကယ်စီးလာတဲ့ လူငယ် ၁၀ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားပါတယ်။
အောင်ပန်းမြို့ ဒေသခံတဦးက “အောင်ပန်းမှာဆို ရိုးမဘဏ်လမ်းဆုံနဲ့ ဦးကောင်းစတိုး လမ်းတလျှောက်မှာ အဖမ်းအဆီးများတယ်။ အဲ့နေရာတွေမှာ လူငယ်တွေ ခဏခဏ အဖမ်းခံရတာ။ အခုလည်း ဆိုင်ကယ်စီးလာတဲ့ လူငယ်တွေကို ဖမ်းတာ။ ဘာလို့ဖမ်းလဲ ဆိုတာတော့ မသိရသေးဘူး” လို့ ပြောပါတယ်။
အဆိုပါ လူငယ် ၁၀ ဦးဟာ ဘာကြောင့်အဖမ်းခံရတာလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။
အောင်ပန်းမြို့မှာ တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံ ပြည်သူတွေ မကြာခဏ ဖမ်းဆီးခံနေရပြီး ပြီးခဲ့တဲ့ အောက်တိုဘာလကစလို့ လက်ရှိအချိန်အထိ လူငယ် အယောက် ၂၀ ထက်မနည်း စစ်ကောင်စီက ဖမ်းဆီးထားပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့တွေက ဆိုင်ကယ်စီးနင်းသူတွေကို ဖမ်းဆီးစစ်ဆေးနေပြီး သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေ ကိုက်ညီနေရင်တောင် ရေမဆေးထားတဲ့ ဆိုင်ကယ်တွေနဲ့ ဆီအပြည့်ဖြည့်ထားတဲ့ ဆိုင်ကယ်တွေကို ဖမ်းဆီးပြီး အဓမ္မ ပိုက်ဆံတောင်းနေတယ်လို့ ငွေကြေးပေးခဲ့ရသူတယောက်က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလထဲက စတင်ကာ အခုလို ဖမ်းဆီးနေတာဖြစ်ပြီး ဆိုင်ကယ် ရေမဆေးထားရင် တောထဲကတက်လာတဲ့သူတွေလား ဆိုပြီး ဖမ်းဆီးသလို ဆိုင်ကယ်ဆီ အပြည့်ဖြည့်ထားပြန်ရင်လည်း တောထဲသွားမလို့လားဆိုပြီး ဖမ်းဆီးတဲ့အတွက် ပိုက်ဆံ ၃၀,၀၀၀ ပေးပြီးမှ ပြန်လွှတ်ပေးတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးတဲ့အဖွဲ့တွေက မြိတ်မြို့ လမ်းချိုးလမ်းကွေ့တွေမှာ ပုန်းအောင်းပြီး စောင့်ဖမ်းနေကာ အရပ်သားဝတ်စုံနဲ့ လူတွေအပြင် မီးသတ်၊ ရဲနဲ့ စစ်သားတွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် မြိတ်မြို့မှာ အမျိုးသားနှစ်ယောက် ဆိုင်ကယ်စီးနင်းခွင့် ပိတ်ပင်ထားပြီး အမျိုးသမီးနှစ်ယောက် ဆိုင်ကယ်စီးရင်လည်း ဆိုင်ကယ်ကို ခွပြီးစီးလို့ မရဘူးလို့ စစ်ကောင်စီက သတိပေး ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၂၄ ရက် ညနေပိုင်းကလည်း မြိတ်မြို့ပေါ်မှာ ဆိုင်ကယ်စီးပြီး အလုပ်ကနေ ပြန်လာတဲ့ အမျိုးသားနှစ်ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့လို့ ဆိုင်ကယ် မောင်းနှင်သူနဲ့ အခင်းဖြစ်တဲ့အနီးနားမှာ ဂိမ်းထိုင်ဆော့နေတဲ့ အမျိုးသားတယောက်တို့ ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။