close

ဆိုင်ကလုန်းမုန်တိုင်း

close

May 11, 2023

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေးရေယာဉ်များ ရပ်နား

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်အားလုံးကို မေ ၁၁ ရက်ကစပြီး ရပ်နားထားကြဖို့ ညွှန်ကြားထားတယ်လို့ ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတွေက ပြောပါတယ်။

အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ” ဟာ မေလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားမြို့နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနီးက ဖြတ်သန်းနိုင်တယ်လို့ မေ ၁၁ ရက် နေ့လယ်ပိုင်းမှာ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်ရှိ ရေကြောင်းပို့ဆောင်ရေး ရေယာဉ်အားလုံးကို မေ ၁၁ ရက်မှာ ရပ်နားထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ရခိုင်တပြည်လုံးက ရေကြောင်းပို့ဆောင်ရေး ရေယာဥ်တွေကို ရပ်နားထားဖို့ အကြောင်းကြားထားပြီး ဖြစ်ပါတယ်။ မုန်တိုင်းပြီးတဲ့အထိ ရပ်နားထားဖို့ ဖြစ်တယ်။ ခရီးသည်တင်ရေယာဥ်၊ ကုန်စည်ပို့ဆောင်ရေး ရေယာဥ်နဲ့ ပင်လယ်ကူးသင်္ဘောတွေ အကုန်းလုံးကို ရပ်နားခိုင်းထားတာ။”

ရခိုင်ပြည်နယ်မှာ ဆိုင်ကလုန်း “မိုခါ” မုန်တိုင်း ရှိတာကြောင့် ပေါက်တောမြို့နယ်နဲ့ မြေပုံမြို့နယ်ရှိ ဒေသခံ ၅,၀၀၀ ခန့် စစ်တွေမြို့၊ ​ပေါက်တောမြို့၊ မြေပုံမြို့နဲ့ မင်းပြားမြို့နယ်ရှိ နီးစပ်ရာ ကျေးရွာတွေကို မုန်တိုင်းရှောင်ဖို့အတွက် ဘေးလွတ်ရာကို ရွှေ့ပြောင်းသွားကြပြီလို့ ဒေသခံတွေက ပြောပါတယ်။

ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း မနက်ဖြန်ကစပြီး ရေကြောင်းခရီးစဉ် အကုန်လုံးကို ရပ်နားသွားမယ်လို့ ရွှေပြည်တန် အမြန်ရေယာဥ်မှ မန်နေဂျာ ဦးစံမော်သိန်းက ပြောပါတယ်။

“မုန်တိုင်းရှိတာကြောင့် ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွှန်ကြားချက်တွေကြောင့် မနက်ဖြန်ကစပြီး ရေကြောင်းခရီးစဉ်အားလုံး ရပ်နားသွားမှာ ဖြစ်ပါတယ်။ မုန်တိုင်း ပြီးတဲ့အထိ ရပ်နားသွားမှာပါ။”

မုန်တိုင်း ဖြတ်ကျော်နေစဉ် တနာရီကို လေတိုက်နှုန်း မိုင် ၉၀ မှ မိုင် ၁၀၀ အထိ တိုက်ခတ်နိုင်ပြီး ဒီရေမှာလည်း ရခိုင်ပြည်နယ် စစ်တွေခရိုင်၊ ကျောက်ဖြူခရိုင်ရှိ မြစ်လက်တက်တွေမှာ အမြင့်ပေ ၁၀ ပေမှ ၁၄ ပေအထိ မြင့်တက်နိုင်ကာ ကျောက်ဖြူခရိုင်အတွင်းက မြစ်ဝ၊ မြစ်လက်တက်တွေမှာ ၇ ပေမှ ၁၀ ပေအထိ မြင့်တက်နိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

12 hours Ago

မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနေ

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ ပိုမိုအားကောင်းလာကာ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”အဖြစ်သို့ ရောက်ရှိခဲ့ပြီလို့ မိုးဇလဌာနက မေလ ၁၁ ရက် ဒီနေ့မနက် ထုတ်ပြန်ပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”ရဲ့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိလို့ လိမ္မော်ရောင်အဆင့် သတ်မှတ်ထားပါတယ်။

မုန်တိုင်းဟာ ဒီနေ့ ညပိုင်းမှာ အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း “မိုခါ(MOCHA)”အဖြစ်သို့ လည်းကောင်း၊  မေလ ၁၂ ရက်မှာ မြောက်-အရှေ့မြောက်ဘက်သို့ တဖြည်းဖြည်းကွေ့ကာ ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းမှာ အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ လည်းကောင်း ရောက်ရှိနိုင်ပြီး မေလ ၁၄ ရက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းနဲ့ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့  မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

မုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၃၆၅ မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ အနောက်-အနောက်တောင်ဘက် ရေမိုင် ၄၇၅ မိုင်ခန့်၊ စစ်တွေမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၁၅ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း အနောက်-အနောက်မြောက်ဘက် ရေမိုင် ၄၁၅ မိုင်ခန့်၊ ပို့ပလဲယား အနောက်-အနောက်တောင်ဘက် ရေမိုင် ၂၈၀ မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင် ၆၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတာ ဖြစ်ပါတယ်။ 

“မိုခါ(MOCHA)”မုန်တိုင်းရဲ့ အမြင့် ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်းခန့် ဖြစ်ပြီး မုန်တိုင်း အရှိန်ကြောင့်  ဒီနေ့မနက်မှ မေ ၁၅ ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက် မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။

လေတိုက်နှုန်းကတော့ မုန်တိုင်းဗဟိုချက်အနီး ၉၆ မိုင်ကနေ မိုင် ၁၁၀ လောက်အထိ တိုက်ခတ်နိုင်ပြီးတော့  မုန်တိုင်းအန္တရာယ်ဇုန် ၃ ခုကို အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ထားပါတယ်။

အန္တရာယ်အများဆုံးဇုန်အဖြစ် ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း (မောင်တောခရိုင်၊ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်) စစ်တွေခရိုင် (စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ပေါက်တောမြို့နယ်)တွေဖြစ်ပြီး ဒုတိယအန္တရာယ်အများဆုံးဇုန်အဖြစ် ကျောက်ဖြူခရိုင် (ကျောက်ဖြူမြို့နယ်၊ အမ်းမြို့နယ်တောင်ပိုင်း၊ ရမ်းဗြဲမြို့နယ်၊ စနဲမြို့နယ်၊ မာန်အောင်မြို့နယ်၊ သံတွဲမြို့နယ်)နဲ့ တတိယအန္တရာယ်အများဆုံးဇုန်အဖြစ် သံတွဲခရိုင်(ကျိန္တလီမြို့နယ်ခွဲ၊ ဂွမြို့နယ်)၊ ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ (ရွှေသောင်ယံမြို့နယ်ခွဲ၊ ငရုတ်ကောင်းမြို့နယ်ခွဲ၊ ဟိုင်းကြီးကျွန်း၊ လပွတ္တာမြို့နယ် ကမ်းခြေဒေသများ)တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

အဆိုပါအန္တရာယ်ဇုန် ၃ ခုလုံးမှာ တူညီစွာကြုံတွေ့ရမယ့် အခြေအနေတွေထဲမှာတော့ လေပြင်းတိုက်ခတ်တာ၊ လှိုင်းကြီးပြီးတော့ မိုးသက်လေပြင်း ကျရောက်တာ၊ မြေပြိုတာ၊ ရေလွှမ်းတာတွေ စတဲ့ အန္တရာယ်တွေ ကြုံတွေ့နိုင်တဲ့အတွက် အထူးသတိပြု နေထိုင်ကြဖို့ နှိုးဆော်ထားတာပါ။

ဒါ့အပြင် သဘာဝဘေးနဲ့ ပတ်သက်တဲ့ သတင်းတွေကို အများပြည်သူ အထိတ်တလန့် ဖြစ်စေဖို့ ချဲ့ကား ရေးသားတာတွေ မပြုကြဘဲ တတ်နိုင်သမျှ တိကျမှန်ကန်တဲ့ ထုတ်ပြန်ချက်တွေကို ကြည့်ရှုနားထောင်ပြီးတော့ တုံ့ပြန်ဆောင်ရွက်မှုတွေ ပြုလုပ်သင့်တဲ့အပြင် ဘေးအန္တရာယ်ရဲ့ အတိုင်းအဆနဲ့ အခြေအနေပေါ် မူတည်ပြီးတော့ ပြောင်းလဲနိုင်မှုကိုလည်း ဉာဏ်မျက်စိ၊ ဉာဏ်နားနဲ့ သတိပြုသင့်ကြောင်းလည်း အကြံပြုထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးခြင်းနဲ့အတူ မြေပြိုနိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကို ကြိုတင်သတိပြုနေထိုင်ကြဖို့ မိုးဇလဌာနက တိုက်တွန်းပါတယ်။

ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ အကြံပြုထားပါတယ်။

20 hours Ago

May 10, 2023

ဆိုင်ကလုန်းမုန်တိုင်း ကော့ဘဇားနှင့် ကျောက်ဖြူအကြား ဖြတ်ကျော်ဝင်ရောက်နိုင်ဟုခန့်မှန်း၊ လိမ္မော်ရောင် အဆင့်သတ်မှတ်

အားအလွန်ကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံ၊ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းကမ်းခြေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တို့ကြားကနေ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ မိုးဇလဌာနက မေလ ၁၀ ရက် ဒီနေ့မနက် ခန့်မှန်းထုတ်ပြန်ပါတယ်။

ဒီနေ့မနက် တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၄၁၀)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၅၃၀)မိုင်ခန့်၊ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၁၀) မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်းရဲ့ အနောက်-အနောက်မြောက်ဘက် ရေမိုင်(၃၁၀)မိုင်ခန့်၊ ပို့ပလဲယားရဲ့ အနောက်တောင်ဘက် ရေမိုင်(၂၈၀)မိုင်ခန့်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့ တောင်-အနောက်တောင်ဘက် ရေမိုင်(၇၇၀)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ဆိုပါတယ်။

မုန်တိုင်းငယ်ရဲ့ လက်ရှိအခြေအနေမှာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်တဲ့ အခြေအနေရှိလို့ လိမ္မော်ရောင် အဆင့် သတ်မှတ်ထားပြီး မုန်တိုင်း ဗဟို ချက်လေဖိအား (၁၀၀၂) ဟက်တိုပါစကယ်နဲ့  အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီ လျှင် ၃၅ မိုင်နှုန်းဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

အဆိုပါမုန်တိုင်းငယ်ဟာ နောက် ၉ နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ ဒီနေ့ညပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၁ ရက်မနက်မှာ အားကောင်းသေ ာဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့လည်းကောင်း၊ မေလ ၁၂ ရက်မနက်မှာ အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပြီး မေလ ၁၄ ရက်မှာ ကော့ဘဇားမြို့နဲ့ ကျောက်ဖြူမြို့တို့ကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ 

မုန်တိုင်းအရှိန်ကြောင့် မေ ၁၁ ရက်မှ ၁၅ ရက်အတွင်း  နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊‌ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့တွင် နေရာ စိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီးတချို့ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်။ 

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ဆိုပါတယ်။ 

ဆိုင်ကလုန်းမုန်တိုင်း၏ အရှိန်ကြောင့် လေပြင်းတိုက်ခတ်၊ မိုးကြီး၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုနိုင်လို့ ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူတွေ မြေပြိုမှုအန္တရာယ်ကို လည်းကောင်း၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူတွေ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်တာကို ကြိုတင်သတိပြုနေထိုင်ကြဖို့ တိုက်တွန်းပါတယ်။

ပြည်တွင်းလေကြောင်း ပျံသန်းရေးနဲ့ မြန်မာ့ ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်း ရေယာဉ်၊ သင်္ဘောတွေ ကြိုတင်သတိပြု ရှောင်ရှားနိုင်ဖို့ အကြံပြုထားပါတယ်။

2 days Ago
Up