ဆန်စပါးဥပဒေမူကြမ်းကို စစ်ကောင်စီက ရေးဆွဲထားပြီး အဲ့ဒီမူကြမ်းကို မနက်ဖြန် မတ် ၆ ရက်နေ့ကနေစပြီး ရန်ကုန်နဲ့ ပုသိမ်မြို့တွေမှာ တပြိုင်တည် ဆွေးနွေးသွားဖို့ ပြင်ဆင်ထားပါတယ်။
မတ်လကနေ ဧပြီလဆန်းအထိ စပါးအဓိကစိုက်တဲ့ဒေသတွေမှာ ဆွေးနွေးပွဲတွေကို တောက်လျှောက်ပြုလုပ်သွားမှာဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ပြည်၊ ဟင်္သာတ၊ ပဲခူး၊ မော်လမြိုင်၊ စစ်တွေ စတဲ့ဒေသတွေမှာ ဆက်လက် ကျင်းပသွားဖို့ ရှိပါတယ်။
ဆန်စပါးဥပဒေကြမ်းမှာ အဓိကအချက်နှစ်ချက်ကို အတိပြုပြဋ္ဌာန်းဖို့ ထည့်သွင်းရေးဆွဲထားပြီး အဲ့ဒါတွေကတော့ ဆန်စပါးလုပ်ငန်းဖွံ့ဖြိုးလာဖို့ရည်ရွယ်ပြီး ရန်ပုံငွေသီးသန့်ထူထောင်ဖို့နဲ့ စပါးဈေးတွေကျလာရင် အရန်ဆန် ဝယ်ယူရတဲ့အခြေအနေမှာ ငွေကြေး ထည့်ဝင်ရမယ့်အပိုင်းကို မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ ဖြစ်ပါတယ်။
မြန်မာ့ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုမှာ မျိုးကွဲများတဲ့ပြဿနာ၊ တနိုင်ငံလုံးမျိုးကောင်း၊ မျိုးသန့်စိုက်ပျိုးနိုင်မှု နည်းပါးတဲ့ပြဿနာ၊ စနစ်ကျလယ်ယာမြေများ ပြုပြင်သုံးစွဲနိုင်တဲ့ အခြေအနေနည်းပါးတဲ့ပြဿနာ၊ စိုက်ပျိုးရေမရရှိနိုင်တဲ့ပြဿနာ၊ စပါးဈေးမတည်ငြိမ်နိုင်တဲ့ စတဲ့ ဖြေရှင်းရမယ့် အခက်အခဲပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။
၂၀၂၂ ခုနှစ် အောက်တိုဘာမှာ နှစ်ရက်တာကျင်းပခဲ့တဲ့ မြန်မာ့ဆန်စပါးညီလာခံမှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ် ၄၄ ချက်ကိုထုတ်ပြန်ခဲ့ပြီး အဲ့ဒီထဲက ၄၁ ချက်မြောက်မှာ ဆန်စပါးဥပဒေကိုရေးဆွဲဖို့ ပြဋ္ဌာန်းထားပါတယ်။
ဆန်စပါးအသင်းအဖွဲ့တွေက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဆန်တန်ချိန်နှစ်သန်းခွဲ တင်ပို့နိုင်ဖို့ နှစ်စမှာ ရည်ရွယ်ထားပေမယ့် နိုင်ငံရေးမတည်ငြိမ်နိုင်တာတွေက ဆန်စပါး ထုတ်လုပ်မှုကို ထိခိုက်စေပြီး ပြည်တွင်းစားသုံးမှုကို ထိခိုက်လာမှာစိုးရိမ်တာကြောင့် ၂.၂ သန်းလောက်သာ တင်ပို့နိုင်တော့မယ်လို့ ဆန်စပါးအသင်းအဖွဲ့တွေက ခန့်မှန်းပြောဆိုကြပါတယ်။
အိမ်နီးချင်းထိုင်းနိုင်ငံမှာတော့ စပါးစိုက်ဧကချင်းပြောရလောက်အောင် မပိုပေမယ့် အခုနှစ်အတွင်း ဆန်တန်ချိန် ခုနှစ်သန်းခွဲတင်ပို့နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဒီပမာဏက မြန်မာ့ဆန်တင်ပို့မှုထက် နှစ်ဆလောက်ပိုများနေတာဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က စစ်ဆေးရေးမှူးတွေဟာ အီရန်နိုင်ငံရဲ့ မြို့တော် တီဟီရန်မှာ ဆွေးနွေးညှိနှိုင်းကြဖို့ရှိတယ်လို့ အီရန် အဏုမြူစွမ်းအင်အဖွဲ့အကြီးအကဲ မိုဟမ်မဒ် အဲ့စ်လာမီက ဖေဖော်ဝါရီ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
အီရန်နျူကလီးယား အကြီးအကဲက “သူတို့က စေ့စပ်ညှိနှိုင်းနေပြီ၊ လာပြီးစစ်ဆေးနေပြီ၊ စစ်ဆေးရေးမှူး တစ်ဦးက မမှန်ကန် သယ်သွားလို့ဖြစ်လာတဲ့ မတည်မငြိမ်မှုတွေကို ဖြေရှင်းပြီးလို့ ပြေလည်သွားပါပြီ” လို့ ပြောပါတယ်။
IAEA က စစ်ဆေးရေးမှူးတွေဟာ ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက အီရန်ကို ရောက်နေပြီး နိုင်ငံရေးဖိအားတွေကို အီရန်က သည်းခံမှာ မဟုတ်ဘူးလို့ အဲ့စ်လာမီက ပြောခဲ့ပါတယ်။
ဘလွန်းဘာ့ဂ်သတင်းဌာနက လက်နက်အဆင့်နဲ့ နီးစပ်တဲ့ သန့်စင်တဲ့ ယူရေနီယံ ၈၄ ရာခိုင်နှုန်းကို တွေ့ရှိပြီးတဲ့နောက် မကြာသေးမီက စိစစ်ရေး လုပ်ဆောင်မှုတွေရဲ့ ရလဒ်တွေကို အီရန်နဲ့ ဆွေးနွေးနေတယ်လို့ ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်ရေးအဖွဲ့က ပြီးခဲ့တဲ့ သီတင်းပတ်က ပြောခဲ့ ပါတယ်။
အီရန်နိုင်ငံရဲ့ အနုမြူစွမ်းအင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဒီအစီရင်ခံစာကို တနင်္လာနေ့မှာ ငြင်းဆိုခဲ့ပြီး အီရန်အစိုးရရဲ့ ယူရေနီယံသန့်စင်မှုဟာ ၆၀ ရာခိုင်နှုန်းထက် မကျော်ဘူးလို့ ပြောခဲ့ပါတယ်။