ရခိုင်ပြည်နယ်မှာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို မတ်လ ၁၀ ရက်အထိ ဝင်ရောက် ဖြေဆိုသူ ၁၆,၀၀၀ ကျော်သာရှိပြီး ပြီးခဲ့တဲ့နှစ်ကထက် နှစ်ဆကျော်လောက် လျော့နည်းသွားခဲ့တယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူးရုံးရဲ့ စာရင်းတွေ အရသိရပါတယ်။
ရခိုင်ပြည်နယ်မှာ အခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုမယ်သူ ၁၉,၀၀၀ ကျော် စာရင်းသွင်းထားပေမဲ့ မတ်လ ၁၀ ရက်အထိ ဝင်ရောက် ဖြေဆိုသူ ၁၆,၀၀၀ ကျော်ပဲရှိတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးဘထွေစိန် ကပြောပါတယ်။
"ဒီနှစ် ရခိုင်ပြည်နယ်မှာ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုဖို့အတွက် စာရင်းပေးထားသူ ၁၉၂၉၀ ဦရှိပြီး ဒီနေ့ မတ်လ ၁၀ ရက်နေ့ သင်္ချာဘာသာ စစ်ပြီးတဲ့အထိတော့ ဝင်ရောက်ဖြေဆိုနေသူ ၁၆၈၅၀ ရှိပြီး ပျက်ကွက်သူကတော့ ၂၄၄၀ ဦးရှိတယ်။ ရခိုင်တစ်ပြည်နယ်လုံး စာစစ်ဌာနကတော့ စုစုပေါင်း ၆၀ ခုရှိတယ်။ ပျက်ကွက်သူ အများစုကတော့ ဖြေဆိုခွင့် စာရင်းပေးထားပြီး ဝင်ခွင့်ကတ်ပြားလာမထုတ်ကြသူတွေ ပိုများတယ်" လို့ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်က တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ၄၅,၀၀၀ ကျော်ရှိ စာရင်းပေးသွင်းခဲ့ပြီး ဝင်ရောက်ဖြေဆိုသူ ၄၀,၀၀၀ ကျော်ရှိခဲ့တာကြောင့် အခုနှစ်မှာ ပြီးခဲ့တဲ့ နှစ်ကထက် ဖြေဆိုသူ ထက်ဝက်ကျော် ကျဆင်းသွားတာဖြစ်ပါတယ်။
မနှစ်က ဝင်ရောက်ဖြေဆိုသူ ၄၀,၀၀၀ ကျော်အနက်က အောင်မြင်ခဲ့သူ ၁၉,၀၀၀ ကျော်ရှိပြီး အောင်ချက် ရာခိုင်နှုန်း ၄၇ ဒသမ ၂၅ ရာခိုင်နှုန်းရှိခဲ့ပါတယ်။
မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့လည်း အခုနှစ်တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုသူ ၁၇၉,၀၀၀ ကျော်သာရှိပြီး ပြီးခဲ့တဲ့ နှစ်တွေကထက် ထက်ဝက်ကျော်ခန့် ကျဆင်ခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကျွန်ပညာရေးကို သပိတ်မှောက်ခဲ့ကြတဲ့ ကျောင်းသား ကျောင်းသူတွေသန်းနဲ့ချီရှိပြီး ငွေကြေးတတ်နိုင်သူတွေဟာလည်း သားသမီးတွေကို နိုင်ငံခြားတွေမှာ စေလွှတ် ပညာသင်ကြားနေကြတာတွေလည်း ရှိနေကြပါတယ်။
မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းဖြေဆိုဖို့ လျှောက်ထားသူ ၆,၀၀၀ ကျော်ရှိပြီး အဲဒီထဲမှာ ၅,၈၀၀ နီးပါး လာရောက်ဖြေဆိုကာ ပျက်ကွက်သူ ၄၅၂ ဦး ရှိတယ်လို့ မွန်ပြည်နယ်ပညာရေးမှူးရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မွန်ပြည်နယ်တခုလုံးမှာ စာစစ်ဌာန ၂၃ ခုသာ ဖွင့်လှစ်နိုင်ခဲ့ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုတဲ့ စာသင်ကျောင်းတွေကိုလည်း စစ်ကောင်စီဘက်က လုံခြုံရေး တင်းကျပ်ထားသလို အသွားအလာတွေ လမ်းတချို့တွေကိုပါ ကန့်သတ်ထားတာပါ။
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မွန်ပြည်နယ်မှာ ဝင်ရောက်ဖြေဆိုတဲ့ ကျောင်းသား ကျောင်းသူ ၅,၇၆၈ ဦး ရှိတာကြောင့် ရာခိုင်နှုန်းအားဖြင့် ၉၂ ဒသမ ၇၃ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။
မွန်ပြည်နယ်ထဲမှာ စစ်အုပ်ချုပ်ရေး သတ်မှတ်ခံရတဲ့ ရေးမြို့နယ်မှာလည်း အရင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးတွေထက် လုံခြုံရေးပိုတင်းကျပ်ထားပြီး ဝင်ရောက်ဖြေဆိုသူ နည်းပါးတဲ့အတွက် အရင်က စာစစ်ဌာန ၄ ခုရှိရာမှာ အခုတော့ စာစစ်ဌာန တခုတည်းပေါင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မတ်လ ၈ ရက် ဒီကနေ့ စတင်ကျင်းပနေတာဖြစ်ပြီး ကျောင်းသားအများစုကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ဝင်ရောက်ဖြေဆိုတာမရှိပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲဟာ တရားမဝင်သလို အသိအမှတ်မပြုဘူးလို့လည်း ကြေညာထားပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲစတင်ဖြေဆိုတဲ့ မတ်လ ၈ ရက် ပထမနေ့မှာ လာရောက်ဖြေဆိုသူ စုစုပေါင်းဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ၁၆,၁၈၅၁ ဦးရှိတယ်ဆိုပေမဲ့ ပျက်ကွက်သူ အရေအတွက်ဟာ ၁၈၀၀၀ လောက်အထိ ရှိတယ်လို့ စစ်ကောင်စီပညာရေးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။
အခုနှစ်မှာ နိုင်ငံခြားစာစစ်ဌာန ၅ ခုနဲ့ ပြည်တွင်း စာစစ်ဌာန ၈၅၈ ခု စာစစ်ဌာန စုစုပေါင်း ၈၆၃ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုဖို့ စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၁၇၉,၈၄၃ ရှိခဲ့ပေမယ့် စာမေးပွဲပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၁၆၁,၈၅၁ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်းအနေဖြင့် ၉၀ ရာခိုင်နှုန်းရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ကျင်းပခဲ့တဲ့ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲမှာတော့ တနိုင်ငံလုံးမှာ ရှိတဲ့ ခရိုင် ၆၈ ခု၊ မြို့နယ် ၃၀၇ မြို့နယ်က စာစစ်ဌာန ၁၂၅၈ ခုမှာ ကျောင်းသားကျောင်းသူ သုံးသိန်းကျော်စာရင်းပေးပြီး ၂၈၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုတယ်လို့ ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ဒီနှစ်မှာတော့ ခရိုင်အရေအတွက် ၁၂၄ ခုအထိ တိုးလာပြီး မြို့နယ်လည်း ၃၀၉ မြို့နယ်အထိ တိုးလာပေမယ့် စာစစ်ဌာန ၈၆၃ ခုမှာတော့ စာဖြေသူအရေအတွက်က ယခင်နှစ်ကထက် ၁ သိန်းလောက်အထိ လျော့ကျသွားတာကို တွေ့ရပါတယ်။
အခုနှစ်မှာ စာမေးပွဲဖြေဆိုသူ အများဆုံးဒေသဟာ ရန်ကုန်တိုင်းဖြစ်ပြီးတော့ စုစုပေါင်း ၂၃,၀၀၀ လောက် ဖြေဆိုခဲ့ကြပြီး မန္တလေးတိုင်းကတော့ ၂၂,၀၀၀ ကျော်နဲ့ ဒုတိယအများဆုံး ဝင်ရောက်ဖြေဆိုခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာတော့ ၂၀၂၂ ခုနှစ်က စာစစ်ဌာန ၅၂ ခု ဖွင့်လှစ်ပြီး ဖြေဆိုသူ ၁၇,၀၀၀ လောက်ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ စာစစ်ဌာန ၃၉ ခုပဲ ဖွင့်လှစ်နိုင်ပြီး ဝင်ရောက်ဖြေဆိုတဲ့ အရေအတွက်ဟာ ၆၄၀၀ ကျော်ပဲ ရှိခဲ့ပါတယ်။