တော်လှန်ရေးကာလ ၂ နှစ်ကျော်လာတဲ့နောက် အပြောင်းအလဲတွေလည်း ရှိလာပါတယ်။ တချို့အပြောင်းအလဲတွေက သိသိသာသာ ထင်ထင်ရှားရှား။ တချို့က မသိမသာ မထင်မရှား။ သိသာထင်ရှားတဲ့ အပြောင်းအလဲတွေထဲမှာ စစ်မိစ္ဆာတပ်ရဲ့ အခြေအနေတွေ တနေ့တခြား တဖြည်းဖြည်း ဆိုးရွားလာတာလည်း တခုအပါအဝင်ပဲ ဖြစ်ပါတယ်။
ပထမဆုံးအနေနဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်း ၂ နှစ်ပြည့်မှာ ပြုလုပ်တဲ့ အသံတိတ်သပိတ်ကိုပဲ ကြည့်ပါ။ အချိန်ကာလအနေနဲ့ ၂ နှစ်ကြာပြီ။ ဒီအတောအတွင်း လက်နက်အားကိုးနဲ့ အကြမ်းပတမ်းနည်းပေါင်းစုံသုံးပြီး တော်လှန်ရေးမှာ မပါဝင်ရဲအောင် ခြောက်လှန့်ထားပြီးပြီ။ ဒါ့အပြင် စားဝတ်နေရေးကလည်း တနေ့ထက်တနေ့ ကျပ်တည်းလာပြီ။ ဒီလိုအကြောင်းပေါင်းစုံကြောင့် ပြည်သူတွေအနေနဲ့ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်မှာ အရင်ကလို ပါဝင်ကြတော့မယ်မဟုတ်။ ဒါကြောင့် အရင်အခါတွေကလို silent strike ဟာ အောင်မြင်မှာမဟုတ်တော့။ အဲ့သလို စစ်မိစ္ဆာတပ်ဘက်က ယူဆထားကြမှာပါ။ ဒါပေမဲ့ တကယ်စလိုက်တဲ့နေ့မှာတော့ အာဏာရှင်အပေါင်းတို့ မျက်လုံးအဟောင်းသားဖြစ်ကြရတဲ့အထိ silent strike ခေါ် အသံတိတ်သပိတ်ဟာ အောင်မြင်ခဲ့ပါတယ်။
ပြည်သူတွေ ဘယ်လောက်အထိ ပါဝင်သလဲဆိုရင် မနက်စောစော လှည့်ရောင်းတဲ့ ပဲပြုတ်သည်ကအစ စျေးထွက်မရောင်းတဲ့အထိပါပဲ။ တနေ့လုပ်မှ တနေ့စားရတာ အနှီပဲပြုတ်သည်ခမျာ သိရှာတာပေါ့။ ခုလို ခေတ်ပျက်ထဲ တနေ့မလုပ်ရင် တနေ့ခက်မှာ သိတာပေါ့။ ဒါပေမဲ့ ဒီနေ့တရက် ငတ်ရင်ငတ်ပလေ့စေ။ ငါတတ်နိုင်သလောက် တော်လှန်ရေးမှာ ပါဝင်မယ်။ ဒီစစ်မိစ္ဆာတွေကို ရွံမုန်းကြောင်း၊ ၂ နှစ်ကြာသည့်တိုင် ငါတို့သွေးမအေးကြောင်း ပြသမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အပြင်မထွက်ခဲ့ကြတာပါ။ ပဲပြုတ်သည်ဟာ သူ့နည်းနဲ့သူ ပါဝင်သလို ကျန်တဲ့သူတွေကလည်း သူ့နည်းနဲ့သူ ပါဝင်ခဲ့ကြတာချည်းပါပဲ။ စက်ရုံ အလုပ်ရုံသမားတွေဆို silent strike စတင်မယ့် ၁၀ နာရီမတိုင်ခင် အလုပ်ကို ကြိုသွားကြတာမျိုး၊ စျေးဆိုင်တွေဖွင့်ထားပေမဲ့ ပစ္စည်းအရေအတွက် လျှော့ချတာမျိုး၊ အမြဲလိုလို လူစည်တဲ့နေရာတွေမှာတောင် တယောက်စ နှစ်ယောက်စသာ တွေ့ရတော့တဲ့အထိ ဖြစ်သွားတာမျိုးပါ။ ဒါက တမြို့တည်း တနေရာတည်းမှာတင် တွေ့ရတာမဟုတ်ဘူး။ နိုင်ငံတဝန်းက နေရာအသီးသီးမှာ တွေ့ကြရတာမျိုး ဖြစ်ပါတယ်။ တခြားမြို့တွေထက်စာရင် ပိုစည်ကားတဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတောင် ခြောက်ကပ်ရှင်းလင်းနေခဲ့တာကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ် အောင်မြင်ပါ့မလား စိုးထိတ်ကြသလို ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေက ပါဝင်ကြပါ့မလားလို့ စိတ်ပူမိကြပါတယ်။ ဒါပေမဲ့ ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ တက်တက်ကြွကြွ ပါဝင်မှုနဲ့အတူ အာဏာသိမ်း ၂ နှစ်ပြည့် အသံတိတ်သပိတ်ကြီးဟာ အံ့သြစရာကောင်းလောက်အောင် အောင်မြင်ခဲ့ပါတယ်။ စစ်မိစ္ဆာတပ်ကို သိမ်မွေ့တဲ့နည်းနဲ့ အရှိုက်ထိုးနှက်ခဲ့တဲ့ ပြည်သူ့လှုပ်ရှားမှုတခုပဲ ဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးအရကြည့်မယ်ဆို စစ်မိစ္ဆာတပ်ဟာ အဲ့ဒီလို ပြည်သူ့ချဥ်ဖတ်အနေအထားကို ရောက်ရှိခဲ့ရတာပါ။ တခြားသာဓကတွေရှိသည့်တိုင် silent strike ကတော့ နီးစပ်ရာနမူနာပဲ ဖြစ်လို့ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဒီလို ပြည်တွင်းထောက်ခံမှု အနုတ်လက္ခဏာထွက်နေတဲ့ စစ်မိစ္ဆာအတွက် ပြည်ပနိုင်ငံရေး ထောက်ခံမှုတွေကလည်း နိမ့်ကျပြီးရင်း နိမ့်ကျလာပါတယ်။ အာဆီယံအဖွဲ့ကတောင် စိတ်ကုန်လာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံရမယ်ဆိုတဲ့ အသံတွေ ထွက်လာရပါတယ်။ ကုလမှာဆိုလည်း အာဏာသိမ်းကတည်းက အမြဲလိုလို ဗီတိုသုံး ကာကွယ်ပေးခဲ့တဲ့ တရုတ်၊ ရုရှားတို့က မဲမပေးဘဲ နေလာတာမျိုးအထိ ရှိလာပါတယ်။ မှန်ပါတယ်။ အဲ့ဒီနိုင်ငံတွေက သူတို့အကျိုးစီးပွားအတွက် တနိုင်ငံချင်းအရဖြစ်စေ စစ်မိစ္ဆာတပ်ကို ဆက်လက်ပံ့ပိုးနေဆဲ ရှိပါတယ်။ သို့ပေမဲ့ နိုင်ငံတကာအဆင့်မှာတော့ စစ်မိစ္ဆာတပ်ကို ယခင်ကလောက် ဗြောင်ကျကျ ရဲရဲတင်းတင်းနဲ့ လွယ်လင့်တကူ ကာကွယ်ပြောဆိုတာမျိုး မလုပ်တော့တာကို ဆိုလိုတာပါ။ တဖက်မှာတော့ NUG ဟာ ဒီမိုကရေစီ အင်အားကြီးနိုင်ငံတွေရဲ့ အလေးထားဆက်ဆံခံရမှုတွေနဲ့အတူ နိုင်ငံတကာ သံတမန်မျက်နှာစာမှာ ဆက်တိုက် အောင်ပွဲခံနေပါတယ်။ အဲ့သလို နိုင်ငံရေး၊ သံတမန်ရေး၊ ပြည်သူ့ထောက်ခံမှု ဆက်တိုက် ဆက်တိုက် ကျရှုံးနေတဲ့ စစ်မိစ္ဆာတပ်ဟာ ရွေးချယ်စရာ အများကြီးမရှိတော့ပါဘူး။ ရွေးကောက်ပွဲအယောင်ပြပြီးလုပ်တဲ့ နိုင်ငံရေးထွက်ပေါက် ဆိုတာကလည်း အလုပ်မဖြစ်ပါဘူး။ ပြည်တွင်းရော နိုင်ငံတကာကပါ လက်မခံကြောင်း ဖော်ပြထားကြပြီးသား ဖြစ်ပါတယ်။
ဒီလို အဘက်ဘက်ပိတ်ဆို့သွားပြီဖြစ်တဲ့ စစ်မိစ္ဆာတပ်မှာ ရွေးစရာတခုပဲ ရှိပါတော့တယ်။ ဘာလဲဆိုရင် လက်နက်အားကိုးပြီး စစ်ရေးနဲ့ အကြမ်းအရမ်းဆုံး ဖိနှိပ်ချေမှုန်းလာဖို့ပဲ ရှိပါတော့တယ်။ “မင်းတို့မည်သည် ခြင်္သေ့လိုရက်စက် မြေခွေးလိုကောက်ကျစ်ရမည်” ဆိုတဲ့ အာဏာရှင်မှန်သမျှ ကျင့်သုံးလာခဲ့တဲ့ “ရရင်ပြီးစတမ်း၊ ဘယ်နည်းနဲ့လုပ်လုပ် တရားတယ်” ဆိုတဲ့ လမ်းစဥ်ကို နောက်ဆုံးတော့ စစ်မိစ္ဆာတပ်က လျှောက်လှမ်းတော့မှာ ဖြစ်ပါတယ်။
မကြာသေးမီက တချို့ဒေသတွေမှာ မာရှယ်လောထုတ်ပြန်တာ၊ လက်နက်ကိုင်ဆောင်ခွင့် ဆိုပြီး လုပ်လာတာတွေကို ကြည့်ရင် သိသာပါတယ်။ တိုင်းပြည် အခွံပဲကျန်ပလေ့စေ၊ ငါတို့ကို ဆန့်ကျင်သူမရှိဖို့ အဓိက။ ငါတို့ဆက်အုပ်ချုပ်ရဖို့ အရေးကြီးတယ်ဆိုပြီး အမိုက်ဆုံးလမ်းကို ရွေးချယ်လိုက်တော့တာပါ။ ပြည်သူတွေအနေနဲ့လည်း သန်းခေါင်ထက် ညဉ့်မနက်တာမှန်ပေမဲ့ ဒီကောင်တွေ လျှောက်တော့မယ့် ခြေလှမ်းကိုတော့ အသိ၊ သတိ ရှိထားကြဖို့လိုပါတယ်။ ဒါ့အပြင် ပြည်သူ့နှလုံး မသိမ်းကျုံးလျှင်၊ ဓားသွားလည်းကြွေ လှံလည်းခွေအံ့ ဆိုတာကို သက်သေပြနိုင်ဖို့၊ တရားတဲ့သူသာ နိုင်ကြေးဖြစ်ကြောင်း ပြသဖို့ ပြည်သူများအနေနဲ့ ကိုယ်နိုင်ရာဝန်ကို ဆက်လက်ထမ်းဆောင်ရင်း နွေဦးအောင်ပွဲဆီကို အပြီးသတ်ချီတက်ကြဖို့ နှိုးဆော်လိုက်ရပါတယ်။
တင်ဦး
နှစ်ဟောင်းကုန်လို့ နှစ်သစ်သို့ ရောက်ရှိလာခဲ့ပါပြီ။ အာဏာသိမ်းကာလသည်လည်း မကြာခင်ဆို ၂ နှစ်ပြည့်တော့မည်။ အေအေပီပီရဲ့ သတင်းအချက်အလက်အရ ဇန်နဝါရီ ၁၂ ရက်နေ့အထိ စစ်မိစ္ဆာတပ်များကြောင့် သတ်ဖြတ်ခံရသူ ၂,၇၃၀ ဦး၊ ဖမ်းဆီးခံရသူ ၁၃,၄၆၆ ဦး၊ ထောင်ဒဏ် ချမှတ်ခံရသူ ၂,၀၁၈ ဦး သေဒဏ်ချမှတ်ခံထားရသူ ၁၄၀ ကျော်အထိ ရှိလာပြီဟု သိရှိရသည်။ ထိုသတ်ဖြတ်ခံရမှုအတွင်း အပြစ်မဲ့ကလေးသူငယ်ပေါင်း ၂၆၇ ယောက်အထိ ရှိကြောင်းလည်း သိရှိရသည်။ ဒါက အချက်အလက် ကောက်ယူရေးအဖွဲ့များ၏ လက်လှမ်းမီသလောက် ကောက်ယူထားတာပဲ ရှိသေးသည်။ တကယ့်မြေပြင်တွင် ယခုထက်ပိုမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်ပါသည်။ မည်သို့ဖြစ်စေ ယခုရရှိထားသော အချက်အလက်များမှာ ကိန်းဂဏန်းသက်သက်မျှသာ မဟုတ်။ နိုင်ငံတော်အာဏာကို အကြမ်းဖက်ရယူထားသော မိုက်ကြေးခွဲနေသော စစ်မိစ္ဆာတပ်၏ ရက်စက်ယုတ်မာမှု၊ လူမဆန်မှုများကို မီးမောင်းထိုးပြနေတာလည်း ဖြစ်သည်။ တနည်းဆိုသော် စစ်မိစ္ဆာတပ် မဖြစ်မနေ တာဝန်ခံရမည့် ရာဇဝတ်မှုတွေပဲ ဖြစ်ပါသည်။
ယင်းကဲ့သို့ ထင်ရာစိုင်း သတ်ဖြတ်၊ ထောင်ချခံရသူများမှာ မည်သည့်ပြစ်မှုမှ ကျူးလွန်နေသူများ မဟုတ်။ နိုင်ငံတော်အစိုးရကို ဖြုတ်ချကာ ပုန်ကန်နေသူများ မဟုတ်။ မိမိတို့ အခွင့်အရေး၊ မိမိတို့ လွတ်လပ်ခွင့်အတွက် တောင်းဆိုခြင်းကြောင့် စစ်မိစ္ဆာတပ်၏ သတ်ဖြတ်၊ ထောင်ချခံနေရသူများ ဖြစ်သည်။ ဒီကြားထဲ စားဖို့ ကစားဖို့ကလွဲ၍ ကျန်တာ ဘာမှမသိသော ကလေးငယ်များကိုပင် စစ်မိစ္ဆာတပ်က အလွတ်မပေး။ သတ်ဖြတ်ပစ်လိုက်ကြသေးသည် မဟုတ်ပါလော။
ထို့အပြင် ယင်းသို့ သတ်ဖြတ်ခံ၊ ထောင်ချခံထဲ မပါဝင်သူများအနေနှင့်လည်း ဘဝက မလုံခြုံ။ ရွာတွေမှာဆိုလျှင် နေ့စဥ်နေ့တိုင်းလိုလို အိုးအိမ်များ မီးရှို့ဖျက်ဆီးခံနေရရှာသည်။ စစ်မိစ္ဆာတပ်များသည် လူခန္ဓာကိုယ်ကို မရှို့ရလျှင် နွားတွေ၊ ကျွဲတွေကို ရှို့သည်။ နေအိမ်တွေကို ရှို့သည်။ စပါးကျီတွေကို ရှို့သည်။ သတင်းအချက်အလက်များအရ ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတဝန်း မီးရှို့ဖျက်ဆီးခံရသော နေအိမ်အလုံးပေါင်း ၄၀,၀၀၀ ကျော်ရှိသည်။ နည်းနည်းနောနောမဟုတ်။ အိမ်တလုံးဖြစ်ဖို့ဆိုတာ နှစ်ရှည်လများ စုဆောင်းကြရသည်။ နယ်တွေ၊ ရွာတွေလို သူဌေးသူကြွယ် မဟုတ်သည့် တောသူတောင်သားများအဖို့ အိမ်တအိမ်ရဖို့ဆိုတာ ပင်ပင်ပန်းပန်းလုပ်မှ ဖြစ်သည်။ ဒီလို ခက်ခဲစွာ ကြိုးစားပမ်းစား တည်ဆောက်ရသော အိမ်တွေကိုမှ နာရီပိုင်းအတွင်း ပြာကျအောင် စစ်မိစ္ဆာတပ်က ကျူးလွန်နေခြင်း ဖြစ်သည်။
ရွာက နေအိမ်တွေကတော့ အဲသလိုနည်းများဖြင့် ပျက်စီးဆုံးရှုံးရခြင်း ဖြစ်သည်။ တဖန် မြို့က ပြည်သူတို့၏ နေအိမ်များမှာလည်း စစ်မိစ္ဆာတပ်ကြောင့် ပျက်စီးဆုံးရှုံးနေရပြန်သည်။ နေစရာအိမ် မီးရှို့ခံရ၍ ကျေးရွာကပြည်သူတွေ အိမ်ဆုံးရှုံးကြရသလို ချိပ်ပိတ်သိမ်းဆည်းခံရ၍ မြို့ပေါ်က ပြည်သူတွေမှာလည်း နေစရာအိမ် ဆုံးရှုံးရပြန်ပါသည်။ မြို့နေပြည်သူများမှာ ယင်းသို့ ချိပ်ပိတ်ခံရမှုများကြောင့် မိမိနေအိမ်ကို အကောင်အထည်အလိုက် မျက်ဝါးထင်ထင် မြင်တွေ့နေရသော်လည်း ဝင်ရောက်နေထိုင်ခွင့် မရှိတော့။ ပြည်သူကို ပုံစံအမျိုးမျိုးနှင့် အကြမ်းဖက် အနိုင်ကျင့်နေသည့် စစ်မိစ္ဆာတပ်က လွန်လွန်ကျူးကျူး။ ဤအိမ်နှင့် မြေနေရာသည် အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်သောကြောင့်တဲ့။ သူခိုးက လူပြန်ဟစ်သည့် အချိုးတွေ။ ဒီလိုနဲ့ နေအိမ်ချိပ်ပိတ်ခံရသူများသည် အခြားတနေရာ ပင်ပန်းဆင်းရဲကြီးစွာ ရွှေ့ပြောင်းကြရပြန်ပါသည်။ ရွာကလူတွေအဖို့ နေအိမ်များမှာ ပြာပုံသာကျန်တော့သည်မို့ ဝမ်းနည်းငိုကြွေးရသလို မြို့ကလူတွေခမျာ အလုံးအထည်အိမ်ကြီးကို ကြည့်ရင်း ဝမ်းနည်းကြေကွဲရပြန်ပါသည်။ အချက်အလက်များအရ အာဏာသိမ်းပြီးနောက် ချိပ်ပိတ်ခံရသည့် နေအိမ်ပေါင်း ၆၀၀ နီးပါးရှိပြီ ဖြစ်သည်။ အကြောက်တရားဝင်သွားအောင်၊ တော်လှန်စိတ်ဓာတ် ငုပ်လျှိုးသွားအောင် ပြည်သူကို ခြိမ်းခြောက်အနိုင်ကျင့်သည့် လုပ်ရပ်လည်း ဖြစ်သည်။ စစ်မိစ္ဆာတပ်၏ ပြည်သူအပေါ် ရန်သူသဖွယ် အာဃာတ အငြိုးအတေးထား ပြုလုပ်နေတာပဲ ဖြစ်သည်။
စစ်ဘေးဒုက္ခသည်ဆိုသည့် မျက်နှာစာကို ကြည့်မည်ဆိုလျှင် အာဏာသိမ်း ၂ နှစ်နီးပါးအတွင်း နိုင်ငံတဝန်း စစ်ဘေးဒုက္ခသည် နှစ်သန်းနီးပါးအထိ ရှိလာပြီဟု အချက်အလက်များအရ သိရှိရသည်။ ယခင်ကဆိုလျှင် စစ်ရှောင်ဆိုသည်မှာ တိုင်းရင်းသားဒေသများတွင်သာ ရှိခဲ့သည်။ ယခုတော့ စစ်ကိုင်း၊ မကွေးလို ဒေသများမှ အညာသူအညာသားများပင် စစ်ဘေးဒုက္ခသည်များ ဖြစ်လာကြပြီ။ အညာသူ အညာသားများအတွက် ယခင်က အိပ်မက်ပင် မက်ဖူးမည်မဟုတ်။ ယခင်နှစ်ပေါင်းများစွာက တိုင်းရင်းသားဒေသတို့တွင် ကျင့်သုံးခဲ့ဖူးသော မြေလှန်စနစ်ကို ဗမာတိုင်းရင်းသား အများစုရှိရာ ဒေသများတွင် မိုက်ကန်းယုတ်မာစွာဖြင့် စစ်မိစ္ဆာတို့က ကျင့်သုံးနေခြင်း ဖြစ်သည်။
ဒါတွေကတော့ ထင်သာမြင်သာလည်းရှိ၊ ပြီးတော့ စစ်မိစ္ဆာတပ်၏ တိုက်ရိုက်လည်းကျသော ရက်စက်ယုတ်မာမှုတွေပဲ ဖြစ်သည်။ မိမိတို့ကို တိုက်ရိုက်သဘော အပြည့်အဝမဟုတ်သည့်တိုင် တဖြည်းဖြည်းနှင့် တင်းကျပ်လာတာများကိုလည်း ကျန်သည့် ပြည်သူအများစုအနေဖြင့် ယခုအချိန်တွင် သိရှိပြီးဖြစ်လောက်ပြီ။ ကုန်စျေးနှုန်းတွေ နှစ်ဆ၊ သုံးဆမှသည် အဆမတန် ထိုးတက်သွားတာ၊ လျှပ်စစ်မီးတွေ အပြည့်အဝမရတော့တာ၊ မီးမပေးရကောင်းလား ဆိုပြီး ယခင်အစိုးရလက်ထက်ကလို မပြောရဲတော့တာ၊ ခိုးဆိုးလုနှိုက်တွေ ပေါလာတာ၊ အလုပ်အကိုင် ရှားပါးလာတာ စသည်ဖြင့် ပြောရင်ကုန်မှာမဟုတ်သည့် စစ်အာဏာရှင်စနစ်၏ အကျိုးဆက် ဂယက်တွေမှာ မနည်းမနောရှိပါသည်။ ထိုလူမှုအနိဋ္ဌာရုံများ ပေါ်လာသည်မှာ ဘယ်အတိတ်ကံကြောင့်၊ အကုသိုလ်ကံကြောင့်မှ မဟုတ်။ ဝဋ်ကြွေးပါလာလို့ ဆပ်နေရတာလည်း မဟုတ်။ အဓိကလက်သည်မှာ စစ်အာဏာရှင်စနစ်၊ စစ်အာဏာရှင်တွေ အုပ်ချုပ်မှုကြောင့်သာ ဖြစ်သည်။ ဒါတောင် ယခုအချိန်တွင် သူတို့ဘက်က အပြည့်အဝ အုပ်ချုပ်ထားနိုင်တာ မဟုတ်။ သူတို့ခေတ်သာ လုံးလုံးရောက်သွားလျှင် ယခုထက်ပို၍ ဒုက္ခဆင်းရဲများမည်။ ငရဲရောက်သလို ခံစားရမည်။ လူဖြစ်ရှုံးသလို ခံစားရမည်။ မဝေးသေးတဲ့ မြန်မာ့သမိုင်းကို ပြန်ကြည့်လျှင်ပင် ယင်းအမှန်တရားကို အလွယ်တကူ တွေ့မြင်နိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ သန်းခေါင်ထက် ညဥ့်မနက်တော့သည့် မြန်မာပြည်သူများအနေဖြင့် ၂၀၂၃ တွင် စစ်မိစ္ဆာတပ် အမြစ်ဖြတ်မည်ဆိုသည့် ဆုံးဖြတ်ချက်များနှင့်အတူ ၂၀၂၃ ကို ရဲရဲရင့်ရင့် ရင်ဆိုင် တိုက်ပွဲဝင်ကြပါစို့ဟု တိုက်တွန်းလိုက်ရပါတော့သည်။
တင်ဦး