နိုဗက်ဂျိုကိုဗစ်ဟာ လာမယ့်တပတ် မက်ထရစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကနေ နုတ်ထွက်သွားခဲ့ရပြီး ရာဖေးနာဒဲလ်လိုပဲ ပွဲကြည့်စင်ကနေပဲ ကြည့်ရှုနိုင်တော့မယ်လို့ ပွဲစီစဉ်သူက ဧပြီ ၂၂ ရက်မှာ ပြောပါတယ်။
ဂျိုကိုဗစ်ဟာ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတာကြောင့် ဒီနှစ်အစောပိုင်းက ယူအက်စ် ကွင်းမာ တင်းနစ်ကွင်းမှာ မကစားခဲ့ရတာကြောင့် ရွှံစေးမြေကွင်းမှာ ကစားဖို့ ပြင်ဆင်ခဲ့ပေမဲ့ မွန်တေးကာလို မာစတာနဲ့ ဘန်ဂျလုကာအိုးပင်း ပြိုင်ပွဲတွေကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။
အမြန်ဆုံး ဒဏ်ရာကနေ ကောင်းမွန်လာစေဖို့ ဆုမွန်ကောင်းတောင်းနေပြီး ကွင်းပြင်မှာ အမြန်ဆုံး ဆုံတွေ့နိုင်ဖို့ မျှော်လင့်ပါတယ်လို့ ပွဲစီစဉ်သူက ပြောဆိုခဲ့ပေမဲ့ ဂျိုကိုဗစ်ရဲ့ ဒဏ်ရာအသေးစိတ်ကိုတော့ မပြောပြခဲ့ပါဘူး။
ရာဖေးနာဒဲလ်ကတော့ ဒီတပတ်အစောပိုင်းတည်းက သူ့ရဲ့ တင်ပါးဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် မက်ထရစ်ကပြိုင်ပွဲကို လွဲချော်လိမ့်မယ်လို့ ကြေညာထားခဲ့ပါတယ်။
ရာဖေးနာဒဲလ်နဲ့ ဂျိုကိုဗစ်တို့ ၂ ယောက်စလုံးဟာ ဂရန်းစလန်းပြိုင်ပွဲတွေမှာ ၂၂ ကြိမ်စီ ဆွတ်ခူးထားနိုင်သူတွေ ဖြစ်ကြပါတယ်။
ပြင်သစ်အိုးပင်းပြိုင်ပွဲ ဒုတိယအကြိမ် ဂရင်းစလန်းပြိုင်ပွဲရာသီဟာ မေလ ၂၈ ရက်နေ့ စတင်မှာ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က အင်ဒီးယန်းစ်ဝဲလ် တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်မှာ ကမ္ဘာ့ထိပ်တန်းတင်းနစ်ကစားသမားတွေဖြစ်ကြတဲ့ ကားလို့စ်အယ်လ်ကာရက်ဇ်က ဒနီးလ် မတ်ဗီဒက်ဗ်ကို ၆-၃၊ ၆-၂ ရလဒ်နဲ့ နှစ်ပွဲဆက်အနိုင်ယူပြီး မတ်လ ၁၉ ရက်မှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပါတယ်။
ဒီအနိုင်ရလဒ်ကြောင့် အယ်လ်ကာရက်ဇ်အနေနဲ့ နိုဗက်ခ် ဂျိုကိုဗစ်ကို ကျော်တက်ပြီး ကမ္ဘာ့အဆင့်တစ်နေရာကို ပြန်ရောက်လာပါတယ်။
အင်ဒီးယန်းစ်ဝဲလ် ဖိုင်နယ်ပွဲစဉ်ဟာ ဒီကစားသမားနှစ်ဦးစလုံးအတွက် ပထမဆုံးအကြိမ် ဖြစ်ပြီး ဒီပွဲစဉ်အစောပိုင်းမှာတင် အယ်ကာရက်ဇ်က ၂-၀ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့သလို ၃၆ မိနစ်အတွင်း စပေးဘောတွေမှာလည်း ၆ မှတ်သာ ဆုံးရှုံးခဲ့ပါတယ်။
လွန်ခဲ့တဲ့လက ရော့တ်တာဒမ်၊ ဒိုဟာနဲ့ ဒူဘိုင်းမြို့က တင်းနစ်ပြိုင်ပွဲတွေမှာ ၁၉ ပွဲဆက်တိုက် အနိုင်ယူကာ ချန်ပီယံဆု ၃ ခု ပူပူနွေးနွေး ဆွတ်ခူးထားတဲ့ ရုရှားတင်းနစ်ကစားသမား မတ်ဗီဒက်ဗ်က စပိန်တင်းနစ်ကစားသမား အယ်လ်ကာရက်ဇ်ရဲ့ လက်စွမ်းပြမှုကို တန်ပြန်နိုင်ခြင်းမရှိဘဲ အခုလို အရှုံးပေးခဲ့ရတာပါ။
ဒါဟာ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ အယ်လ်ကာရက်ဇ်အတွက် ATP Masters 1000 အဆင့်ပြိုင်ပွဲတွေမှာ သုံးကြိမ်မြောက် အနိုင်ပွဲလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ အောင်မြင်မှုရရှိခဲ့ပြီးနောက် အသက်အငယ်ဆုံး ကမ္ဘာ့အဆင့်တစ် တင်းနစ်ကစားသမားဖြစ်လာခဲ့တဲ့ အယ်လ်ကာရက်ဇ် ဟာ ထိပ်ဆုံးနေရာမှာ ရက်သတ္တပတ် ၂၀ ကြာ ရပ်တည်နိုင်ခဲ့ပြီး ဒီနှစ် ဇန်နဝါရီလမှာမှ ကမ္ဘာ့အဆင့်တစ်နေရာကို ဂျိုကိုဗစ်က ပြန်လည်ရောက်ရှိလာတာပါ။
အင်ဒီးယန်းစ်ဝဲလ်ပြိုင်ပွဲရဲ့ အမျိုးသမီးဖိုင်နယ်ပွဲစဉ်မှာလည်း လက်ရှိ ဝင်ဘယ်ဒန်ချန်ပီယံ အယ်လီနာ ရာဘတ်ကနာက ကမ္ဘာ့အဆင့်နှစ် ဘီလာရုစ်တင်းနစ်ကစားသမား အာရီနာ ဆာဘယ်လန်ကာကို ၇-၆(၁၁)၊ ၆-၄ ရလဒ်နဲ့ အနိုင်ယူကာ ချန်ပီယံဆု သိမ်းပိုက်နိုင်ခဲ့ပါတယ်။
သြစတြေးလျအိုးပင်းဖိုင်နယ်ပွဲစဉ်မှာ ဘီလာရုစ်ကစားသမားကို ရှုံးနိမ့်ထားတဲ့ ရာဘတ်ကနာ က အခုလို ရှုံးကြွေးပြန်ဆပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒီပြိုင်ပွဲဟာ ရာဘတ်ကနာအတွက် ပထမဆုံး WTA 1000 အဆင့် ဖိုင်နယ်ပွဲစဉ်တခုဖြစ်သလို ဆီမီးဖိုင်နယ်အဆင့်မှာလည်း လက်ရှိ ကမ္ဘာ့အဆင့်တစ် အမျိုးသမီးတင်းနစ်ကစားသမာ အီဂါ ရှတက်ခ်ကို အနိုင်ယူခဲ့တာ ဖြစ်ပါတယ်။