close

တစ်တော့ခ်

close

March 17, 2023

တစ်တော့ခ်ကုမ္ပဏီအပေါ် ဖိနှိပ်မှုရပ်ရန် တရုတ်တိုက်တွန်း

ရုပ်သံဗီဒီယိုအတိုတွေ မျှဝေနိုင်တဲ့ တစ်တော့ခ် အက်ပလီကေးရှင်းဟာ နိုင်ငံတော်လုံခြုံရေးကို ခြိမ်းခြောက်နေတယ် ဆိုတဲ့အပေါ်မှာ အမေရိကန်နိုင်ငံက သက်သေအထောက်အထား မပြသနိုင်သလို ဒီလို ကုမ္ပဏီတွေအပေါ် ဖိနှိပ်မှုကိုလည်း ရပ်တန့်သင့်တယ်ဆိုပြီး မတ် ၁၆ ရက်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီမှတ်ချက်ကို ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ဘင်က နေ့စဉ် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

တရုတ်နည်းပညာကုမ္ပဏီကြီး ဘိုက်ဒန့်စ်က ပိုင်ဆိုင်ထားတဲ့ တစ်တော့ခ်နဲ့ ပတ်သက်ပြီး ဘိုင်ဒင်အစိုးရက တစ်တော့ခ်ရဲ့ တရုတ်ပိုင်ရှင်တွေအနေနဲ့ ရင်းနှီးမြှုပ်နှံငွေတွေကို ဒီလို လူကြိုက်များတဲ့အက်ပ်ကနေ ပြန်လည်ရုပ်သိမ်းတာမျိုးလုပ်ဖို့ ဒါမှမဟုတ် ဒီအက်ပ်ကို အမေရိကန်နိုင်ငံမှာ ပိတ်ပင်နိုင်ဖွယ်ရှိတယ်လို့ မတ် ၁၅ ရက်က သတိပေးပြောပါတယ်။

တစ်တော့ခ်ဟာ သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တရုတ်အစိုးရဆီ လွှဲပြောင်း ပေးနိုင်မလားလို့ စိုးရိမ်မှု မြင့်တက်လာတာကြောင့် အမေရိကန် တာဝန်ရှိသူတွေနဲ့ ဥပဒေပြု အမတ်တွေရဲ့ မကြာသေးမီက ခြေလှမ်းတွေအတွင်း အထင်ရှားဆုံး ဆောင်ရွက်ချက်တခု ဖြစ်လာခဲ့ပါတယ်။

တရုတ်ကုမ္ပဏီပိုင် တစ်တော့ခ်ဟာ အမေရိကန်အသုံးပြုသူပေါင်း သန်း ၁၀၀ ကျော်အထိ ပိုင်ဆိုင်ထားပါတယ်။

ဒါဟာ ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒင် လက်ထက်မှာ တစ်တော့ခ်ကို နိုင်ငံအတွင်း ပိတ်ပင်ဖို့ ပထမဆုံး ခြိမ်းခြောက်မှုလည်း ဖြစ်ပါတယ်။

ဘိုင်ဒင် မတိုင်ခင် ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရန့်ပ် လက်ထက် ၂၀၂၀ ပြည့်နှစ်တုန်းကလည်း တစ်တော့ခ်ကို ပိတ်ပစ်ဖို့ ကြိုပမ်းခဲ့ပေမဲ့ အမေရိကန်တရားရုံးတွေက တားမြစ်ခဲ့တာပါ။

လက်ရှိအချိန်မှာ အမေရိကန် အပါအဝင် ကနေဒါ၊ ဗြိတိန်၊ ဘယ်လ်ဂျီယံနိုင်ငံတွေရဲ့ အစိုးရရုံးက ဖုန်းတွေအပြင် ဥရောပကော်မရှင်ကလည်း တစ်တော့ခ်အသုံးပြုခွင့် ပိတ်ပင်ထားပါတယ်။

5 mins Ago
Up