close

တရားမဝင် မြန်မာနိုင်ငံသား

close

May 4, 2023

ချင်းရိုင်းတွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၃၀ ထပ်မံဖမ်းဆီးခံရ

ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းမြို့နယ်ထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား အယောက် ၃၀  ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်သတင်းမှာ ဖော်ပြပါတယ်။

အမှတ် ၃၂၇ နယ်ခြားစောင့်တပ်၊ လဝကရဲနဲ့ ခရိုင်လုံခြုံရေးကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ ည ၉ နာရီခွဲလောက်က နယ်မြေလုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ်  ချင်းရိုင်းမြို့နယ် လွပ်ဝိန်းရပ်ကွက် ဟောင့်ဟော့မီးပွိုင့်အနီး ( မြန်မာနယ်စပ်နဲ့ ကီလိုမီတာ ၆၀ အကွာ ) မှာ မသင်္ကာဖွယ် ဟိုင်းလပ်ကား ၂ စီးကိုစစ်ဆေးရာကနေ  တရားမဝင်မြန်မာနိုင်ငံသားတွေ ဖမ်းဆီးရမိတာလို့ ဆိုပါတယ်။ 

သူတို့တွေထဲမှာ အသက် ၂၄ မှ ၄၅  နှစ်ရွယ်ကြား အမျိုးသား ၉ ဦး ၊ အသက် ၁၈ မှ ၄၀ နှစ်ရွယ်ကြား အမျိုးသမီး ၁၀ ဦး နဲ့ အသက် ၅ နှစ်မှ ၁၅ နှစ်ရွယ်ကြားကလေး ၁၁ ဦးပါဝင်ကြောင်း ၊   တချို့က ယာယီနယ်စပ်ဖြတ်‌ကျော်လက်မှတ်ရှိပြီး တချို့မှာဘာအထောက်အထားမှမရှိဘဲ ရှမ်းပြည်မြောက် ပိုင်းကနေ လာကြတာလို့ ဆိုပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး ယာဉ်မောင်း/လမ်းပြ နိုင်းအိုဖတ် ( ၄၄ နှစ် ) ထိုင်းနိုင်ငံသားနဲ့ နိုင်းဆုမ်ချိုင်း ( ၂၂ နှစ် ) မကြာသေးခင်ကမှ ထိုင်းနိုင်ငံသားအဖြစ်လွှဲပြောင်းခံရသူတို့ ၂ ဦးကို တရားမဝင် ဝင်ရောက်သူများအား အပြစ်မှကင်းလွတ်အောင်ကူညီမှု၊ တရားမဝင်သူများအား နိုင်ငံတွင်းသို့ တင်သွင်းမှု၊ တရားမဝင်သူတို့အား သိုဝှက်ထားမှုတွေနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။ 

မြန်မာနိုင်ငံသား အယောက်  ၃၀ ဦးကို လဝက ဥပဒေနဲ့အရေးယူဖို့ ချင်းရိုင်းမြို့မရဲစခန်းမှာ ဆက် လက်စစ်ဆေးမေးမြန်းနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ချင်းရိုင်းမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ မေလ ၁ ရက်နေ့ကလည်း တရားမဝင် ဝင်ရောက်လာတဲ့ ရှမ်းပြည်နယ်က မြန်မာနိုင်ငံသား ၂၈ ဦး အဖမ်းခံခဲ့ရပါသေးတယ်။

ကိုးကား - Maesaipress

7 days Ago

May 3, 2023

ချင်းမိုင်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၂၇ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲမှာ မေလ ၁ ရက် ည ၁၁ နာရီကျော်လောက်က ထိုင်းရဲတွေနဲ့ လဝကတွေက လမ်းမကြီးတွေနဲ့ မြို့ရှောင်လမ်းတွေကို စစ်ဆေးနေစဥ် တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၂၇ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် Maesai Press သတင်းဌာနက ဖော်ပြပါတယ်။

မေလ ၁ ရက် ည ၁၁ နာရီကျော်လောက်မှာ အမည်မဖော်လိုသူတွေရဲ့ သတင်းပေးချက်အရ ထိုင်းနယ်စပ်လုံခြုံရေးတာဝန် ဆောင်ရွက်နေစဥ် ကားနှစ်စီးကို မသင်္ကာဖွယ်ရာ တွေ့ရှိခဲ့တဲ့အတွက် ဖမ်းဆီးစစ်ဆေးရာကနေ တွေ့ရှိခဲ့တာပါ။

အဆိုပါကားကို စစ်ဆေးရာ မြန်မာနိုင်ငံသား သက်လတ်ပိုင်း အမျိုးသား ၁၅ ဦး၊ အမျိုးသမီး လူငယ်ပိုင်း ၉ ဦးနဲ့ ကလေးငယ် ၃ ဦးတို့ကို တွေ့ရှိပြီး စစ်ဆေးရာ မြန်မာ-ထိုင်းနယ်စပ်ကို တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတာဖြစ်ပြီး ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်ဖို့ ပွဲစားကတဆင့် လာရောက်ခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ အဆိုပါ ဖမ်းဆီးခံရသူ တရားမဝင် မြန်မာနိုင်ငံသား ၂၇ ဦးနဲ့အတူ ယာဥ်မောင်း ထိုင်းအမျိုးသား ၂ ဦးတို့ကို ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ နယ်မြေရဲစခန်းကို ပို့ဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၆၊ ၂၇ နဲ့ ၂၈ ရက်တွေမှာလည်း ဖတ်တလုန်း၊ ကန်ချနာဘူရီ၊ ချင်းမိုင်တို့မှာ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ နီးပါးကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့ပြီး ရက်သတ္တပတ် ၁ ပတ်အတွင်း မြန်မာနိုင်ငံသား ၁၃၀ ကျော်ကို ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

source - Maesai Press

1 week Ago
Up