ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဘန်ဂိုင်းမြို့ အပြင်ဘက်ခြမ်း ၁၅ မိုင်အကွာက ရွှေမိုင်းတွင်းမှာ မတ် ၂၀ ရက် အစောပိုင်းက အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေ ပစ်ခတ်မှုကြောင့် တရုတ်နိုင်ငံသား ၉ ဦး သေဆုံးခဲ့တဲ့အတွက် ဘန်ဂိုင်းမြို့အပြင်ကို မထွက်ကြဖို့ တရုတ်သံရုံးကနေ သတိပေးချက် ထုတ်ပြန်ပါတယ်။
ဘမ်ဘာရီမြို့နားက တရုတ်တွေကြီးစိုးနေတဲ့ Gold Coast Group ရွှေမိုင်းတွင်းနားမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး တရုတ်နိုင်ငံသား ၉ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘမ်ဘာရီမြို့တော်ဝန်က အတည်ပြုခဲ့ပါတယ်။
အဆိုပါ ဘမ်ဘာရီမြို့ပြင်ဘက်က မိုင်းတွင်းနေရာတွေမှာ ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှာ တရုတ်နိုင်ငံသားတွေအပေါ် ပစ်မှတ်ထား သတ်ဖြတ်တာတွေ များလာတဲ့အတွက် တရုတ်နိုင်ငံသားတွေအနေနဲ့ ဘန်ဂိုင်းမြို့ပြင်ကို မထွက်ကြဖို့နဲ့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတာတွေ ကြုံလာခဲ့ရင် သူတို့ဆီကို အကြောင်းကြား တိုင်ပင်ဖို့ တရုတ်သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရုတ်သမ္မတအနေနဲ့လည်း သူ့နိုင်ငံသားတွေ အသတ်ခံရတာနဲ့ပတ်သက်ပြီး ဗဟိုအာဖရိကန်သမ္မတနိုင်ငံက တာဝန်ရှိသူတွေကနေ တရားခံတွေကို အမြန်ဆုံး ဖော်ထုတ်ဖမ်းဆီးပေးကာ ကြီးလေးတဲ့ပြစ်ဒဏ်တွေ ပေးရမယ်လို့ ဖိအားပေး တိုက်တွန်းစကား ဆိုခဲ့တယ်လို့လည်း သိရပါတယ်။
အဲဒီပစ်ခတ်မှုတွေဟာ တရုတ်အစိုးရက အာဖရိကနိုင်ငံတွေမှာ မြေပေါ်မြေအောက် သယံဇာတတွေကို တူးဖော်နေတဲ့အတွက် လက်နက်ကိုင် အမျိုးသားရေး တက်ကြွလှုပ်ရှားတဲ့ အဖွဲ့တွေက ပစ်ခတ်သတ်ဖြတ်တာတွေ ပြုလုပ်နေတာလို့ လတ်တလော သိရပါတယ်။
ရန်ကုန်တိုင်း၊ ရွှေပြည်သာစက်မှုဇုန်ရှိ YFA အထည်ချုပ်စက်ရုံပိုင်ရှင်ဟာ အလုပ်သမားရဲ့ တရားစွဲဆိုမှုကို ရှောင်လွှဲနေပြီး ခေါ်ယူတဲ့ရုံးချိန်းတိုင်း ပျက်ကွက်နေတယ်လို့ အဲဒီအလုပ်သမားဘက်က ကူညီဆောင်ရွက်ပေးနေတဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ပြောပါတယ်။
အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်တယ်ဆိုတဲ့ အချက်နဲ့ အလုပ်သမားဖြစ်သူ မအိပိုပိုလှိုင်က စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသားကို ဇန်နဝါရီလကုန်က ရွှေပြည်သာမြို့နယ် တရားရုံးမှာ တရားစွဲဆိုခဲ့တာပါ။
ဒီနေ့ မတ် ၈ ရက်နေ့မှာ တရားရုံးက လေးကြိမ်မြောက် ရုံးချိန်းခေါ်ယူခဲ့ပေမဲ့ အလုပ်ရှင် လာရောက်ခဲ့ခြင်းမရှိသလို အရင်ရုံးချိန်းတွေတုန်းကလည်း လာရောက်ရင်ဆိုင်ခဲ့တာ မရှိဘူးလို့ STUM တာဝန်ရှိသူတဦးက ပြောပါတယ်။
“တရားရုံးကိုပါ မထီမဲ့မြင်ပြုတာ။ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုလုပ်ပြီး မြန်မာနိုင်ငံရဲ့ တရားရေးကိုပါ ဂရုမစိုက်တဲ့သဘော။”
အခုလို အလုပ်ရှင်က ရုံးချိန်းပျက်ကွက်တာကြောင့် အလုပ်သမားဘက်ကပဲ တဖက်သတ် လျှောက်လဲချက်တင်ခဲ့ရပြီး လာမယ့် မတ် ၁၇ ရက်မှာ ကြားဖြတ်အမိန့်ချဖို့ရှိတယ်လို့ STUM က ထုတ်ပြန်ထားပါတယ်။
လက်ရှိ တည်ဆဲ အလုပ်အကိုင်နဲ့ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး ဥပဒေအရ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်ကို ချိုးဖောက်ရင် သုံးလထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
အလုပ်ရှင်အနေနဲ့ ရုံးချိန်းပျက်ကွက်နေပေမဲ့ ကြားဖြတ်အမိန့်ချပြီးရင် ဖမ်းဆီးအမိန့်ပါ ရင်ဆိုင်ရမယ်လို့ တရားရေးနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
လက်ရှိမှာ အဲဒီ YFA စက်ရုံပိုင်ရှင်ဟာ ပြည်ပကို သွားရောက်နေတယ်ဆိုပြီး စက်ရုံတာဝန်ရှိသူတွေက တရားရုံးကို အကြောင်းကြားထားတယ်လို့လည်း သိရပါတယ်။
စက်ရုံအလုပ်သမားက ပိုင်ရှင်ကို ပြန်လည်တရားစွဲဆိုမှုဟာ အထည်ချုပ်စက်ရုံလောကမှာ ပထမဆုံးဖြစ်တာကြောင့် တရားရုံးရဲ့ အဆုံးအဖြတ်ကို အလုပ်သမားတွေက စိတ်ဝင်တစား စောင့်ကြည့်နေကြတယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။