close

တရုတ်နိုင်ငံ

close

May 5, 2023

တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်တွင် သဲမုန်တိုင်း တိုက်ခတ်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်တဲ့ ရှင်းကျန်းပြည်နယ် ဝီဂါတောင်ပိုင်းမှာ ပြီးခဲ့တဲ့အင်္ဂါနေ့ကစလို့ ကြီးမားတဲ့ သဲမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ် နေပါတယ်။ 

တာ့ခ်လာမကန် သဲကန္တာရအဆုံးရှိ ဝမ်ဆူ စီရင်စုမှာ မီတာ ၁၀၀ နီးပါးမြင့်တဲ့ သဲနံရံကြီးတစ်ခုက ဒေသတွင်း အဝေးပြေးလမ်း တစ်ခုပေါ်  ဖြတ်သန်းသွားတာကို ဒေသခံတွေရဲ့ ဗီဒီယိုမှတ်တမ်းအရ သိရပါတယ်။ 

ဒီလို သဲထုကြီးထဲကို မော်တော်ယာဉ်တွေ ဖြတ်သန်းသွားတဲ့အခါမှာ မီတာ ၁၀၀ အကွာအဝေးကိုတောင် မမြင်ရဘူးလို့ ဆိုပါတယ်။ 

ဒေသဆိုင်ရာ မိုးလေဝသ အာဏာပိုင်အဖွဲ့ကတော့ ဒီသဲမုန်တိုင်းဟာ သောကြာနေ့အတွင်း စတင် ငြိမ်သက်လာမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

4 days Ago

April 11, 2023

တရုတ်နိုင်ငံဘက်ကတိုက်ခိုက်လာနိုင်သည့်အပေါ် ထိုင်ဝမ်ပြည်သူများ မစိုးရိမ်

တရုတ်နိုင်ငံဘက်က ချက်ချင်းတိုက်ခိုက်လာနိုင်တဲ့ အလားအလာတွေနဲ့ ပက်သက်ပြီး ထိုင်ဝမ်နိုင်ငံသားတွေအနေနဲ့ ဒီအပေါ်မှာ စိုးရိမ်ကြောက်လန့်မှုမရှိဘူးလို့ ပြောဆိုကြပါတယ်။

ထိုင်ဝမ်အပေါ် တိုက်ခိုက်မယ့် ပုံစံတူစစ်ရေးလေ့ကျင့်မှု တစ်စိတ်တစ်ပိုင်းအဖြစ် တရုတ်စစ်တပ်က ကျွန်းတစ်ဝိုက်မှာ ၃ ရက်တာ စစ်ရေးလေ့ကျင့်ခဲ့ပြီးနောက် တိုင်ပေမြို့နေထိုင်သူတွေက အခုလို တုံ့ပြန်ခဲ့ကြတာပါ။

အငြိမ်းစား စစ်မှုထမ်းတစ်ဦးဖြစ်တဲ့ တန်ပေါင်စင်းက “အများစုက သိပ်ကြောက်ရွံ့နေမှာ မဟုတ်ပါဘူး။ တရုတ်နိုင်ငံအနေနဲ့ သေချာပေါက် စစ်ပွဲတစ်ခု စတင်မှာ မဟုတ်ဘူးလို့ အားလုံးက ယူဆထားတာကြောင့် ဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။

တရုတ်နိုင်ငံမှာ ထိုင်ဝမ်အပေါ် ဖိအားပေးနိုင်မယ့် တခြားနည်းလမ်းတွေလည်း ရှိနေတာကြောင့် ဖြစ်တယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။

ထိုင်ဝမ်နဲ့တရုတ်ဟာ သမိုင်းကြောင်းအရ ဆက်နွှယ်မှုတချို့ရှိတယ်ဆိုပေမဲ့  ဒီကျွန်းကို ပေကျင်းက ပိုင်တယ်လို့ပြောလို့မရကြောင်း ဆော့ဖ်ဝဲလ်အင်ဂျင်နီယာဖြစ်သူ ဆောင်းရီက သူ့အမြင်ကို ပြောပါတယ်။

တရုတ်ပြည်မကြီးရဲ့ ရှန်ဟိုင်းမြို့ခံတွေကတော့ ထိုင်ဝမ်ရေလက်ကြားမှာ တရုတ်စစ်တပ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပေါ် ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြပါတယ်။

အသက် ၃၅ နှစ်အရွယ် မြို့ခံတစ်ဦးဖြစ်တဲ့ ဝမ်ယန်က “ ထိုင်ဝမ်လွတ်လပ်ရေးအတိုင်း ခွဲထွက်လိုတဲ့ အင်အားစုတွေကို ဟန့်တားဖို့ လိုအပ်နေပါသေးတယ်၊၊ လောလောဆယ် အချက်အလက်တွေအရ ဒီစစ်ရေးလေ့ကျင့်မှုဟာ ဘာသက်ရောက်မှုမှ မရှိသလို ဖြစ်နေပါတယ်။ နိုင်ငံတကာရှုထောင့် ဒါမှမဟုတ် သံတမန်ရေးအရ ကြည့်မယ်ဆိုရင်တော့ ထိုင်ဝမ်ဟာ တရုတ်နိုင်ငံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ကမ္ဘာကြီးကို ပြသလိုက်တာပါပဲ၊ ဒါကတော့ အဓိပ္ပာယ်ရှိနေဆဲပါ”လို့ ပြောပါတယ်။

တချိန်တည်းမှာပဲ အရှေ့တရုတ်ပင်လယ်ထဲက ရေပိုင်နက်အရ အငြင်းပွားနေတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်ပြီး ဂျပန်နဲ့တရုတ်နိုင်ငံက အကြီးတန်းအစိုးရအရာရှိတွေဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ဂျပန်နိုင်ငံတောင်ပိုင်းက ကျွန်းတွေဟာ ထိုင်ဝမ်နဲ့ နီးကပ်နေ တာကြောင့် တရုတ်နိုင်ငံရဲ့ စစ်ရေးလှုပ်ရှားမှုတွေအပေါ်မှာ ဂျပန်နိုင်ငံကလည်း ကာလရှည်ကြာ စောင့်ကြည် နေခဲ့တာ ဖြစ်ပါတယ်။

4 weeks Ago
Up