close

တာချီလိတ်

close

April 10, 2023

မြန်မာ-ထိုင်း နယ်စပ် တာချီလိတ်တွင် လေထုညစ်ညမ်းမှု အန္တရာယ်အရှိဆုံးအဆင့် ရောက်ရှိနေ

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ မြန်မာ-ထိုင်းနယ်စပ်မြို့ တာချီလိတ်မှာ လေထုညမ်ညမ်းမှု အဆိုးဝါးဆုံး ကြုံတွေ့နေရပါတယ်။ 

ဧပြီ ၈ ရက်နဲ့ ၉ ရက်က ၂၄ နာရီအတွင်း တိုင်းတာချက်အရ လေထု အရည်အသွေး ညွှန်းကိန်း (AQI) အဆင့် သတ်မှတ်ချက် ၃၀၀ အထက်မှာ ရှိခဲ့ပြီး ဒါဟာ အန္တရာယ်အရှိဆုံး PM2.5 နီညိုရောင်အဆင့်ပါ။

ဧပြီ ၁၀ ရက်နေ့ နောက်ဆုံး တိုင်းတာချက်အရ တာချီလိတ်မြို့ရဲ့ လေထုအရည်အသွေး ညွှန်းကိန်းဟာ ၂၂၀ အထက်မှာ ရှိနေပြီး PM2.5 (ခရမ်းရောင်အဆင့်) မှာ ရှိတာကြောင့် သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူတွေ ဂရုစိုက်ကြဖို့ ဆရာဝန်တယောက်က တိုက်တွန်းထားပါတယ်။

"လူကြီးတွေဘာတွေ ပိုသတိထားရမယ်။ တချို့ အသက်အရမ်းငယ်တဲ့ ကလေးတွေရယ်၊ အသက်ကြီးတဲ့သူတွေရယ် ပိုသတိထားရမယ်။ နောက်တခုက ပန်းနာရင်ကျပ်ရှိတဲ့သူတွေ၊ အဆုတ် သိပ်မကောင်းတဲ့သူတွေ ပိုသတိထားသင့်တယ်။ အိမ်ထဲမှာနေရင် သူတို့ သတိပေးချက်တွေ ထုတ်ထားတာရှိတယ်။ အိမ်ထဲမှာနေရင် တံခါးပိတ်ထား။ သုံးနိုင်ရင် လေသန့်စက်တွေ သုံးနိုင်ရင် ပိုကောင်းတယ်။

"အပြင်သွားရင် Mask တပ်ရမယ်။ ရိုးရိုး Mask တောင် မရဘူး။ N-95 တွေ သုံးခိုင်းတယ်။ Air pollution အမှုန့်တွေက ရိုးရိုး surgical mask တွေ သုံးလို့ မရဘူး။ ပန်းနာ ရင်ကျပ်ရှိတဲ့သူတွေ ပိုသတိထားရမယ်။ ပန်းနာရင်ကျပ်ရှိတဲ့သူတွေ ပိုဆိုးလာတာတို့။ အဆုတ်ရောင် ရှိတဲ့သူတွေ ပိုဆိုးလာတွေ ဖြစ်နိုင်တယ်။"

တာချီလိတ်မြို့ရဲ့ လေထုညစ်ညမ်းမှုဟာ ဆက်တိုက် ဆိုးဝါးနေတာကြောင့် အသက်ကြီးသူတွေနဲ့ ကလေးငယ်တွေ၊ ရောဂါအခံ ရှိသူတွေ မလိုအပ်ရင် အပြင်မထွက်ကြဖို့၊ မဖြစ်မနေ အပြင်ထွက်ရင် Mask တပ်ဖို့၊ မျက်စိစပ်တဲ့အခါ လက်နဲ့ မပွတ်ဘဲ သန့်ရှင်းတဲ့ရေနဲ့ ဆေးကြောဖို့ တာချီလိတ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနက သတိပေး ထုတ်ပြန်ထားပါတယ်။

ဒီရက်တွေအတွင်း တာချီလိတ်မှာ လေထုညစ်ညမ်းမှု သိသိသာသာ ဆိုးဝါးနေတာကြောင့် မျက်လုံးတွေ ကြိမ်းစပ်တာ၊ လည်ချောင်းနာတာနဲ့ အသက်ရှူမဝတဲ့ လက္ခဏာတွေ ခံစားရတယ်လို့ တာချီလိတ် ဒေသခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

"အသက်ရှူ မဝဘူး။ ပြီးရင် မျက်လုံးတွေ စပ်တယ်။ မျက်နှာ အသားအရေယားတာ အဲ့လိုတွေ ဖြစ်တယ်။ နေလို့ မကောင်းဘူး။ အသက်ဝဝ ရှူလို့ မရဘူး။ ဝရံတာ ထွက်လိုက်ရင် ဆေးလိပ် သောက်သလို မီးခိုးနံ့ရတယ်။ အပြင်ထွက်လို့ မကောင်းဘူး။ မျက်လုံးတွေ တအား စပ်တယ်။ လည်ပင်းတွေ နာတယ်။ အဲ့လိုမျိုးဖြစ်တယ်။ အပြင်ထွက်ရင် mask တပ်တယ်။ အိမ်မှာနေရင်တော့ အဲကွန်းဖွင့်တယ်။ အဲကွန်း ပိတ်လိုက် ဖွင့်လိုက်ပေါ့။ မိုးရွာလိုက်ရင်တော့ ကောင်းသွားမယ်။ အသက်ဝဝ ရှူရတာပေါ့။" 

လေထုညစ်ညမ်းတဲ့ မီးခိုးမြူတွေကြောင့် တာချီလိတ် လေဆိပ်မှာ လေယာဉ်တွေ မဆင်းသက်နိုင်ဘဲ ကျိုင်းတုံ လေဆိပ်ကနေ လေယာဉ်တွေ အဆင်းအတက် လုပ်ရတယ်လို့ တာချီလိတ်မြို့ လေယာဉ်လက်မှတ် အရောင်းဌာနတခုဆီက သိရပါတယ်။

တာချီလိတ် လေယာဉ် လက်မှတ်အရောင်းဌာနမှ မချိုဇင်က "အပေါ်မှာ မီးခိုးငွေ့တွေက အရမ်းပိတ်နေတာ။ ပိတ်နေတော့ လေယာဉ်က ဆင်းလို့ တက်လို့ မရဘူး။ ကျိုင်းတုံကနေ ကျိုင်းတုံ-မန္တလေး၊ ကျိုင်းတုံ- ရန်ကုန် အဲ့လို ဆွဲတာ။ ဖြစ်တာက အရင် ၂၅ ရက်နေ့က စဖြစ်တာ။ ကြားထဲမှာ ရာသီဥတု ၁ ရက် ၂ ရက် ကောင်းတော့ ဆွဲလိုက်သေးတယ်။ အခုတော့ ကျိုင်းတုံကပဲ ဆွဲနေတာ အခု လောလောဆယ်။ နောက်ဆုံး ခရမ်းရောင်အဆင့်ကို ရောက်နေတယ်။ မြင်ကွင်းက မမြင်ရဘူး။ အပေါ်တောင် မမြင်ရဘူး။ တိမ်တွေဘာတွေ ဖုံးနေတယ်။ နေတောင် မထွက်ဘူး" လို့ ပြောပါတယ်။

မြန်မာ-ထိုင်း နယ်စပ်တလျှောက် လက်ရှိ ကြုံတွေ့နေရတဲ့ လေထုညစ်ညမ်းမှု ပြဿနာဟာ တောင်ယာ မီးရှို့မှု၊ တောမီးလောင်ကျွမ်းမှုတွေကြောင့်ဖြစ်ပြီး ထိုင်းနယ်စပ် မယ်ဆိုင် အပါအဝင် ချင်းရိုင်၊ ချင်းမိုင်မြို့တို့မှာလည်း လေထုညစ်ညမ်းမှုဒဏ် အဆိုးဆုံး ခံနေရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၇ ရက် မနက်ပိုင်းက ထိုင်းဝန်ကြီးချုပ်၊ လာအိုဝန်ကြီးချုပ်နဲ့ မြန်မာ အာဏာသိမ်း စစ်ခေါင်းဆောင်တို့ လေထုညစ်ညမ်းမှု ပြဿနာကို ၃ နိုင်ငံ ပေါင်းပြီး ကိုင်တွယ်ဖြေရှင်းဖို့ ဆွေးနွေးခဲ့ကြပါတယ်။ ကမ္ဘာမှာ လေထုညစ်ညမ်းမှုကြောင့် နှစ်စဉ် အရွယ်မတိုင်မီ သေဆုံးမှု လူဦးရေ ၇ သန်း ရှိတယ်လို့ WHO က ထုတ်ပြန်ထားပါတယ်။

3 weeks Ago

March 27, 2023

တာချီလိတ်နယ်စပ် ထိုင်းမြောက်ပိုင်း၌ မီးခိုးမြူထူပြီး ကမ္ဘာတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံး ဖြစ်နေ

ထိုင်းမြောက်ပိုင်းဒေသတွေမှာ ခုရက်ပိုင်းတွင်း  မီးခိုးမြူထူထပ်မှု အခြေအနေဆိုးရွားနေပြီး ကမ္ဘာ့နိုင်ငံတွေထဲမှာ ထိုင်းနိုင်ငံဟာ လေထုအညစ်ညမ်းဆုံးနိုင်ငံအဆင့် ရောက်နေတယ်လို့ ချနယ်လ် ၇ ထိုင်းတီဗွီသတင်းမှာ ဖော်ပြပါတယ်။

မြန်မာနယ်စပ်နဲ့ကပ်နေတဲ့ ချင်းရိုင်းခရိုင်မှာဆိုရင် အိမ်နီးချင်းနိုင်ငံနဲ့ ဒေသတွင်း တောင်ယာမီးရှို့တာ၊ တောမီးလောင်တာ တွေကြောင့် PM 2.5 မီးခိုးမြူသိပ်သည်းမှုမှာ ၁ ကုဗမီတာကို ၅၀၀ မိုက်ခရိုဂရမ်ကျော်ရှိကြောင်း ၊ ထိုင်းကျန်းမာရေးဦးစီးဌာနက သတ်မှတ်ထားတဲ့ ကျန်းမာရေးအန္တရာယ်ရှိတဲ့ ဆိုးရွားစံချိန် ၁ ကုဗမီတာ ၅၀ မိုက်ခရိုဂရမ်ထက်  ၉ ဆ  ပိုနေပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားတဲ့ စံချိန်ထက် ၃၂ ဆ မြင့်မားနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

တာချီလိတ်တဖက်ကမ်း မယ်ဆိုင်မှာဆိုရင် တမြို့လုံး မီးခိုးမြူတွေဝေနေပြီး ဈေးသည်တစ်ဦးက မီးခိုးမြူတွေကြောင့် ဈေးရောင်းမကောင်းကြောင်း၊ ပတ်ဝန်းကျင်မှာလည်း ပြာစတွေ လွင့်စဉ်လာတာရှိပြီး အစားအသောက်တွေထဲ ဝင်ရောက်သွားမှ စိုးရိမ်ကြောင်း၊ သူ့ဘဝမှာ အခုလို ဆိုးရွားတဲ့အခြေအနေမျိုး တခါမှမကြုံဖူးဘူးလို့ ပြောပါတယ်။ 

ချင်းမိုင်နယူးစ်သတင်းမှာတော့ ဒီကနေ့ မယ်ဆိုင်ရဲ့ မီးခိုးမြူ PM 2.5 အခြေအနေဟာ ၁ ကုဗမီတာကို ၆၀၀ မိုက်ခရိုဂရမ်ထိ မြင့်နေကြောင်း ၊ ချင်းရိုင်းခရိုင်ကျန်းမာရေးဦးစီးဌာန ထုတ်ပြန်ချက်အရ မတ်လ ၁၉ မှ ၂၆ ရက်နေ့ထိ မီးခိုးမြူကြောင့် အသက် ရှုလမ်းကြောင်းဆိုင်ရာ ဝေဒနာခံစားနေရသူ ၃၄၇၈ ဦးရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းမြောက်ပိုင်းမှာ ချင်းရိုင်းတင်မကဘဲ ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ နန့်၊ ဖယောဝ်း ၊ လမ်းပွန်း၊ လမ်းပန်း ၊ ဖရဲ့ စတဲ့ ခရိုင်ပေါင်း ၈ ခုမှာ မီးခိုးမြူထွက်ပေါ်ရာ Hot Spots အနီစက် နေရာပေါင်း ၃၄၀၀ ရှိတာကြောင့် မီးခိုးမြူထူထပ်နေပြီး ဒီထက်အခြေအနေဆိုးရွားပါက လမ်းပန်းနဲ့ မယ်ဟောင်ဆောင် လေဆိပ်တွေမှာ လေယာဉ်ပျံသန်းမှု ဆိုင်းငံ့ဖွယ်ရှိလို့ ခရီးထွက်မယ့်သူတွေ ကြိုတင်အချက်အလက်တွေ သေချာအောင် ကြိုတင်စုံစမ်းမေးမြန်းသင့်တယ်လို့ ဆိုပါတယ်။  

ထိုင်းအိမ်နီးနားချင်းနိုင်ငံရဲ့ မီးခိုးမြူထွက်ပေါ်ရာ Hot Spots အခြေအနေမှာ မြန်မာနိုင်ငံမှာ ၁၂၅၈၁ နေရာ ၊ လာအိုနိုင်ငံမှာ ၈၅၃၅ နေရာ ၊ ကမ္ဘောဒီးယားနိုင်ငံမှာ ၇၄၄ နေရာ ၊ ဗီယက်နမ်မှာ ၇၂၀ နဲ့ မလေးရှားနိုင်ငံမှာ ၃၁ နေရာရှိတယ်လို့  ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။ ကိုးကား - https://www.youtube.com/watch?v=kw5gzZD4D_Y

1 month Ago
Up