ရန်ကုန်၊ တာမွေမြို့နယ်၊ တာမွေကြီး(ခ)ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း၊ ကျိုက္ကစံဟစ်တိုင်ရှေ့မှာ မတ်လ ၁၂ ရက် ည ၁၀ နာရီခွဲခန့်က တက္ကစီတစ်စီးပေါ်ကနေ ပစ်ချခဲ့တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး ဓားဒဏ်ရာတွေနဲ့ သေဆုံးမှုမှာ တက္ကစီယာဉ်မောင်းကို မတ်လ ၁၅ ရက်နေ့က ဖမ်းမိထားပြီလို့ တာမွေရဲတပ်ဖွဲ့နဲ့ နီးစပ်တွေက ပြောပါတယ်။
အဲ့ဒီညက ပရိုဘောက်အမျိုးအစား အငှားကားပေါ်ကနေ လူတစ်ဦးကို ပစ်ချခဲ့တာကို အမှိုက်သိမ်းတာဝန်ကျနေတဲ့ စည်ပင်ဝန်ထမ်းတွေနဲ့ အဆိုပါ တက္ကစီရဲ့နောက်မှာ ပါလာတဲ့ ကားကနေ မျက်မြင်တွေ့ခဲ့တာပါ။
သာကေတမြို့နယ်မှာ အဲကွန်းဆားဗစ်ပြုလုပ်ပြီးအပြန် သူငယ်ချင်းဖြစ်သူနဲ့အတူ စားသောက်ပြီးနောက် ဗဟန်းမြို့နယ်ရှိ နေအိမ်ကို တစ်ဦးတည်းပြန်လာစဉ် တက္ကစီပေါ်မှာ အခင်းဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သူငယ်ချင်းဖြစ်သူက နောက်နေ့မနက် အလုပ်သွားဖို့ ဖုန်းဆက်သွယ်ရာမှာ မရတဲ့အတွက် သေဆုံးသူမိသားစုဝင်တွေနဲ့အတူ လိုက်လံစုံစမ်းရာကနေ သင်္ကျွန်းစံပြဆေးရုံမှာ ရုပ်အလောင်းတွေ့ရှိ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။
တာမွေအခြေစိုက် လူမှုကူညီရေးအသင်း တာဝန်ရှိသူက "အဲဒီ့ညက ရောက်တော့ ည ၁၁ နာရီဖြစ်နေပါပြီ၊ တာမွေရဲတပ်ဖွဲ့က ခေါ်လို့ပါ၊ ပက်လက်အနေအထားနဲ့ သေဆုံးနေပါပြီ၊ အဲ့နားမှာက ညဘက်ဆို အရမ်းမှောင်နေတယ်၊ စည်ပင်က ည ၁၀ နာရီခွဲလောက်မှာ အမှိုက်သိမ်းနေတယ်၊ အဲ့နားမှာ အမှိုက်ပုံးကြီးတစ်ခု ရှိတယ်၊ စည်ပင်က ရဲကို ပြောနေတာ ဒုန်း ဆိုပြီး အသံကြားတယ်တဲ့၊ အဲ့ဒီမှာ အနောက်က ကပ်ပါလာတဲ့ ကားတစ်စီးက ပြောတယ်၊ ဟိုကားပေါ်ကနေ လူတစ်ယောက်ပစ်ချသွားတယ်၊ ပြီးတော့ ကားနံပါတ် ဘယ်လောက်ဆိုပြီး ပြောသွားတယ်” လို့ ဆိုပါတယ်။
အဆိုပါ အမှုခင်းဖြစ်တဲ့နေရာကို ဖြစ်ဖြစ်ချင်း ဗဟန်းမြို့နယ်ရဲနဲ့ တာမွေရဲတို့က ပူးပေါင်းစစ်ဆေးခဲ့ကြပြီး သေဆုံးသွားသူရဲ့ ပိုက်ဆံကျပ် ၃ သိန်းကို လုယက်ခဲ့တဲ့အပြင် ဓားနဲ့ ထိုးသတ် လမ်းဘေးပစ်ချခဲ့တဲ့ တက္ကစီယာဉ်မောင်းကို ကားနံပါတ်ပြားက တဆင့် ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
တရားခံဖြစ်သူနဲ့အတူ ပူးပေါင်းကျူးလွန်သူ ရှိ၊ မရှိနဲ့ ပြစ်မှုကျူးလွန်သူပုံ အသေးစိတ်ကို ထုတ်ပြန်ထားခြင်း မရှိသေးဘူးဘဲ တာမွေမြို့မရဲစခန်း အချုပ်မှာ ဆက်လက်စစ်ဆေးနေတယ်လို့ သိရပါတယ်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး ခ ရပ်ကွက်၊ ၁၆၆ လမ်းမှာ မတ်လ ၈ ရက် နေ့လယ် ၁ နာရီလောက်က ဆေးခြောက်ဆီသုံး ချောကလက်မုန့် ပြုလုပ်ရောင်းချတဲ့ အမျိုးသမီးတဦး ဖမ်းဆီးရမိထားတယ်လို့ CCDAC Myanmar က မတ်လ ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
အဲ့ဒီအမျိုးသမီးမှာ ဆေးခြောက် ၆၅ ဂရမ် တွေ့ရှိပြီး သူ့ရဲ့နေအိမ်မှာ ဆေးခြောက်ဆီသုံး ချောကလက်မုန့် ၁၂၄ ခု၊ ဆေးခြောက် ၂၄၀ ဂရမ်၊ ဆေးခြောက်ဆီ ၆၀ စီစီတို့ကို တွေ့ရှိခဲ့တာပါ။
စစ်ကောင်စီလက်အောက်ခံ မူးယစ်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ အဆိုပါအမျိုးသမီးဟာ ၂၀၁၆ ကတည်းက ဆေးခြောက်ဆီထုတ်တဲ့ နည်းလမ်းကို အွန်လိုင်းကနေ လေ့လာခဲ့တဲ့အပြင် ၂၀၂၂ ဩဂုတ်လမှာ ဆေးခြောက်ကို အွန်လိုင်းကမှာယူပြီး ဆေးခြောက်ဆီသုံး ချောကလက်မုန့်တွေ ပြုလုပ်ရောင်းချခဲ့တယ်လို့ သိရပါတယ်။
အိမ်နီးချင်း ထိုင်းနိုင်ငံမှာ ဆေးခြောက်မျိုးနွယ်ဝင် အပင်တွေကို တရားဝင် စိုက်ပျိုးသုံးစွဲခွင့် ပေးနေပေမဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးလို့ သတ်မှတ်ပြီး ဖမ်းဆီးအရေးယူနေတာပါ။
ရပ်ကွက်ရုံးနဲ့ နီးစပ်သူတဦးက “သူက ၁၆၆ လမ်းထိပ်မှာ Deli သွားအပ်ရင်း ရဲက အသွင်ယူ ဖမ်းလိုက်တာ၊ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့လောက်က၊ အိမ်မှာ အဆီထုတ်ထားတဲ့ ဆေးခြောက်တွေပါ မိသွားတာ။ အဲ့အိမ်မှာ တယောက်တည်းနေတာပါ။ သူက ဖေ့စ်ဘွတ်ခ်ကနေ ကြော်ငြာတင်ပြီး ရောင်းတယ်။ အရွက်ပဲသီးသန့်တော့ မဟုတ်ဘူး၊ ချောကလက်နဲ့ရောပြီး မုန့်လုပ်ရောင်းတာ” လို့ ပြောပါတယ်။
တာမွေမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မနဲ့ စစ်ဆေးအမှုဖွင့်နေတယ်လို့ သိရပြီး မတ်လ ၈ ရက်မှာပဲ လမ်းမတော်မြို့နယ်က ဆေးခြောက်ကွတ်ကီးမုန့် ရောင်းချသူ ကျား ၁ ဦး၊ မ ၁ ဦး ဖမ်းဆီးခံခဲ့ရပါသေးတယ်။
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ ကျိုက္ကဆံဟစ်တိုင်ရှေ့မှာ မတ် ၁၂ ရက် ည ၁၁ နာရီလောက်က ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို ကားနဲ့လာပစ်သွားတယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
တာမွေကြီး ခ ရပ်ကွက်၊ အနောက်မြင်းပြိုင်ကွင်းလမ်း ကျိုက္ကဆံဟစ်တိုင်ရှေ့မှာ အငှားယာဥ်တစီးပေါ်ကနေ အသက် ၃၀ ဝန်းကျင်ရှိ အမျိုးသားတဦးရဲ့ ရုပ်အလောင်းကို လာပစ်သွားတာလို့ ရပ်ကွက်နေသူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။
“အခုဆို လူတယောက်အသက်က ဘာမှမဟုတ်တော့သလိုပဲ။ တက္ကစီပေါ်ကနေ ကားလမ်းမပေါ်ကို ပစ်ချသွားတာ၊ ခန္ဓာကိုယ်အနှံ့မှာ သွေးထွက်ဒဏ်ရာတွေနဲ့။”
သေဆုံးသူ အမျိုးသားမှာ အသက် ၃၀ ဝန်းကျင်ရှိပြီး ဘောင်းဘီအရှည်နဲ့ ရှပ်အင်္ကျီအဝါလက်တိုကို ဝတ်ဆင်ထားပြီး လက်မှာ ဆေးရောင်စုံနဲ့ တက်တူးတခု ထိုးထားတယ်လို့ ရပ်မိရပ်ဖတဦးက ဒီဗွီဘီကို ပြောပါတယ်။
“စစ်တပ်ရော ရဲရော ရောက်လာတယ်။ ဘယ်လိုသေတယ်၊ မိသားစုနဲ့ ဆက်သွယ်ရမလဲ ဆိုတာ မစုံစမ်းဘူး၊ ပိုင်ရှင်မဲ့လုပ်ပြီး ဆေးရုံကို ပို့လိုက်တယ်။”
သေဆုံးသူအမျိုးသားရဲ့ ရုပ်အလောင်းကို ပရဟိတအဖွဲ့က လူနာတင်ယာဥ်နဲ့ သင်္ဃန်းကျွန်းစံပြဆေးရုံကြီးကို ပိုင်ရှင်မဲ့အလောင်းအဖြစ် ရဲတပ်ဖွဲ့က ပို့ဆောင်လိုက်တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တချို့မှာ လုယက်သတ်ဖြတ်မှုတွေ မကြာခဏဖြစ်နေပြီး သေဆုံးသူတွေ ရှိလာတဲ့အခါ ရဲတွေက စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ပိုင်ရှင်မဲ့အဖြစ် ဆေးရုံပို့ဆောင်တတ်ကြပါတယ်။