close

တိုက်လေယာဉ်

close

April 6, 2023

ရွှေကူမြို့နယ်တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်ထဲက ကျေးရွာတွေကို  ဧပြီ ၅ ရက်မှာ   စစ်ကောင်စီတပ်က   လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။ 

မနေ့မွန်းတည့် ၁၂ နာရီလောက်က စီသာနဲ့ မံသာရွာ ပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေ ပစ်ခတ်ခဲ့ပြီးနောက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ တိုက်လေယာဉ်နှစ်စီးနဲ့ သုံးကျော့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ရွှေကူ PDF တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မံသာနဲ့ စီသာကျေးရွာက နေအိမ်တွေ မီးလောင်သွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့  အသေးစိတ်မသိရသေးပါဘူး။

မနေ့က နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားတာမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ချုံခိုတိုက်ခိုက်မှာကို စိုးရိမ်ကြောက်လန့်ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးတွေ၊ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်တာလို့  ရွှေကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရွှေကူမြို့နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၁၂) နဲ့ စစ်ကောင်စီတပ်တွေ မတ်လ ၂၃ ရက်က စတင် တိုက်ပွဲ ၄ ကြိမ်ဖြစ်ပွားခဲ့ပါတယ်။

စစ်ကောင်စီတပ် တပ်မ(၈၈)လက်အောက်ခံ ခလရ(၁၀) (၇၇) (၈၈)က စစ်ကြောင်း ၅ ကြောင်းနဲ့ တိုက်ခိုက်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို ပြန်လည်ရယူဖို့ လာရောက်တိုက်ခိုက်နေတာလို့ PDF တပ်ဖွဲ့က ပြောပါတယ်။

ရွှေကူမြို့နယ်ထဲမှာ တိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် ကျေးရွာပေါင်း ၁၂ ရွာလောက်က  ပြည်သူ ထောင်ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး နေရာထိုင်ခင်းနဲ့  အစားအသောက် အကူအညီလိုအပ်နေတယ်လို့ သိရပါတယ်။

6 days Ago

March 27, 2023

ကရင်နီပြည်တွင် စစ်အုပ်စုက တိုက်လေယာဉ်များသုံးပြီး ပစ်ခတ်မီးရှို့သည့် ဒရုန်းမှတ်တမ်း KNDF ထုတ်လွှင့်(ရုပ်သံ)

ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ အသုံးပြုပြီး ကျေးရွာတွေကို ပစ်ခတ်မီးရှို့ခဲ့တဲ့ ဒရုန်းမှတ်တမ်းရုပ်သံကို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့လည် ၁၂ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီဟာ တိုက်လေယာဥ် ၁ စီး ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးတို့နဲ့ ဒီးမော့ဆိုမြို့နယ် ၊ ဒေါတမကြီး ကျေးရွာထဲကို တိုက်ပွဲဖြစ်ပွားခြင်း မရှိချိန်မှာ လှည့်ပတ်ပြီးတော့ ၄ ကြိမ်လောက် လာရောက် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ ပစ်ခတ်မှုကြောင့် ကျေးရွာလမ်းမကြီးအပေါ်ဘက်တကြောလုံးက နေအိမ်အလုံး ၁၀၀ ဝန်းကျင် မီးလောင်ကျွမ်းခဲ့ရပြီး ကရင်နီပူးပေါင်းတပ်တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိခဲ့ဘဲ မတ် ၂၅ ရက်မနက် ၁ နာရီခွဲလောက်မှာလည်း ဒေါတမကြီးကျေးရွာ တောင်ပေါ်ကို တိုက်လေယာဥ်နဲ့ ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ KNDF က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မတ် ၁၁ ရက်ကလည်း ဒေါညင်းခူကျေးရွာထဲက နေအိမ် ၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့သလို ရွာထဲမှာ ကျန်ရှိခဲ့တဲ့ ဒေသခံတွေရဲ့ ဆိုင်ကယ်တွေကိုလည်း ဘုန်းကြီးကျောင်းဝန်းအတွင်းထည့်ကာ မီးရှို့ ဖျက်ဆီးထားခဲ့တာကို KNDF ETD ဌာနက ရိုက်ယူထားခဲ့တဲ့ ဒရုန်းမှတ်တမ်းတွေထဲ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

အလားတူ မတ် ၁၅ ရက်ကလည်း ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ အမှတ် ၁၄ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက ၁၂၀ မမ လက်နက်ကြီးတွေပစ်ခက်ခဲ့ရာ ဒေါတမကြီးကျေးရွာထဲကို ကျရောက်ပြီးတော့ ​နေအိမ် ၃ လုံး မီးလောင် ပျက်ဆီးခဲ့သလို ထိတွေ့တိုက်ပွဲတွေအတွင်း ဒေါတမကြီး ၊ ဒေါဆိုဖျကျေးရွာတွေအတွင်းက နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့တွေကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တဲ့အပြင် ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်တာတွေကိုပါ ပြုလုပ်ထားပြီး ပျောက်ဆုံးနေတဲ့ ဒေသခံရွာသားတွေလည်း ရှိနေတယ်လို့ KNDF က ပြောပါတယ်။

KNDF အနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ လူ့အခွင့်ရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်လုပ်ရပ်တွေနဲ့ စစ်ရာဇဝတ်မှု မှတ်တမ်းတွေကို စုဆောင်းနေပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတွေကိုလည်း ပေးပို့သွားမယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ဒေါတမကြီး ၊ ဒေါဆိုဖျ ၊ ဒေါညင်းခူ ကျေးရွာတွေတလျှောက် စစ်ကြောင်းထိုး လှုပ်ရှားတာတွေ ဆက်ပြီးတော့ ပြုလုပ်နေသေးတာကြောင့် အဆိုပါ ကျေးရွာတွေအနီး ပြည်သူလူထုအနေနဲ့ ဖြတ်သန်း သွားလာတာတွေ ၊ နေအိမ်ပြန်ကြည့်တာတွေ မပြုလုပ်ကြဖို့နဲ့ ဘေးကင်းလုံခြုံရေးကို အလေးထားကာ စစ်ရေးသတိရှိစွာ နေထိုင်ပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာ စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု တွေမှာ အဘက်ဘက်က ကျဆင်းနေတာဖြစ်ကာ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ် နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင် သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။

ကရင်နီပြည်ကတော့ နွေဦးတော်လှန်ရေးကာလ ၂ နှစ်ကျော်အတွင်း တိုက်ပွဲအရှိန်တွေ ပြင်းထန်နေတဲ့ ဒေသတခုဖြစ်ကာ ပြီးခဲ့တဲ့ မတ် ၁၆ ရက်တုန်းကတော့ ကရင်နီ (ကယား) ပြည်နယ်၊ သံလွင်အရှေ့ခြမ်းရှိ  စစ်ကောင်စီစစ်တပ် ခလရ ၁၃၅ ရှေ့တန်းစခန်းကို ကရင်နီ ကွန်မန်ဒိုတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီစစ်ဘက်ဆိုင်ရာဗဟို သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က အဆိုပါ စခန်းကို မတ် ၁၆ ရက်နေ့ ညနေ ၅ နာရီကနေ ၆ နာရီအထိ တနာရီကြာ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး အလောင်း ၃ လောင်း၊ လက်နက်ခဲယမ်းတွေနဲ့ ဆက်သွယ်ရေးစက်ကြီး တလုံးတို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

2 weeks Ago
Up