close

တူရကီနှင့် ဆီးရီးယား

close

February 18, 2023

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ကြောင့် သေဆုံးသူ ၄၅၀၀၀ ကျော် ရှိလာ

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီးကြောင့်   ၂ နိုင်ငံပေါင်း သေဆုံးသူ စုစုပေါင်းအရေအတွက်ဟာ ဖေဖော်ဝါရီ ၁၈ ရက်မနက်မှာ  လူပေါင်း ၄၅,၀၀၀ ကျော်ထိ ရှိလာပြီလို့နိုင်ငံတကာသတင်းတွေမှာဖော်ပြပါတယ်။

တူရကီနိုင်ငံမှာတင် သေဆုံးသူ ၃၉,၆၇၂  ဦးရှိကြောင်း နိုင်ငံရဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အာဏာပိုင်တွေက ပြောကြားခဲ့ပြီး ဆီးရီးယားမှာတော့ ၅၈၀၀ ကျော်ရှိသွားပြီလို့ အစိုးရနဲ့ ကုသလမဂ္ဂ အေဂျင်စီတွေက ပြောပါတယ်။ 

တူရကီမိုင်းတွင်းလုပ်သားတွေဟာ ငလျင်ကြောင့် ပြိုကျနေတဲ့ အဆောက်အဦအပျက်အစီးတွေ ကြားက အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့ ကြိုးစားနေကြပါတယ်။ 

ငလျင်လှုပ်ပြီး ၂၄၈ နာရီအကြာမှာ တူရကီနိုင်ငံ ကာရာမန်မရာ့ရှ်ပြည်နယ်ရှိ အပျက်အစီးတွေ ကြားထဲကနေ အသက် ၁၇ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အသက်ရှင်လျက် ဆွဲထုတ်ခဲ့ကြောင်း ရုပ်သံဌာန TRT Haber က ထုတ်ပြန်ခဲ့ပါတယ်။ 

နေတိုးအတွင်းရေးမှူးချုပ် ယန်းစ်စတော့တန်ဘာ့ဂ်က ဖေဖော်ဝါရီ ၁၆ ရက်က တူရကီနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ တေယစ်အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပါတယ်။  

22 hours Ago

February 13, 2023

တူရကီနှင့် ဆီးရီးယားတွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃ သောင်းခွဲနီးပါးရှိလာ

တူရကီနဲ့ ဆီးရီးယားနယ်စပ်မှာ အရင်အပတ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြီးကြောင့် သေဆုံးသူဦးရေဟာ ဖေဖော်ဝါရီ ၁၃ ရက်မနက်မှာ  အယောက် ၃၅၀၀၀ နီးပါးရှိလာပါပြီ။

တူရကီနိုင်ငံထဲမှာ ငလျင်ကြောင့် သေဆုံးသူအရေအတွက်ဟာ အယောက် ၃၀,၀၀၀ နီးပါး  ရှိပြီး ဆီးရီးယားမှာတော့ အယောက် ၃၆၀၀ နီးပါးရှိနေပြီဖြစ်တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ဖော်ပြပါတယ်။

ဝေးလံသီခေါင်တဲ့ ဒေသတွေမှာ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ ရပ်လိုက်ပြီး အပျက်အစီးတွေကို ဖယ်ရှားတဲ့ လုပ်ငန်းစဉ်ကို တချို့ဒေသတွေမှာ စတင်နေပြီဖြစ်လို့ ရှင်သန်ကျန်ရစ်သူကို ရှာတွေ့နိုင်မယ့် အခွင့်အလမ်းက ပိုဝေးလာတာမို့ သေဆုံးသူ အရေအတွက် ပိုတိုးလာနိုင်တယ်လို့ မျှော်လင့်ထားပါတယ်။

ဒါဟာ ၁၉၃၉ ခုနှစ်နောက်ပိုင်း တူရကီမှာ လူအသေအပျောက်အများဆုံး ငလျင်တခုဖြစ်ပါတယ်။

ငလျင်ဗဟိုချက်ရှိရာ ခါဟရာမန်မာရက်စ်ဒေသမှာ ရှင်သန်ကျန်ရစ်သူတွေဟာ အဆောက်အဦ အပြိုအပျက်တွေနားက လမ်းတွေပေါ်မှာ စခန်းချနေထိုင်ရင်း သူတို့ဆွေမျိုးတွေရဲ့ အလောင်းတွေကို လက်ခံရယူဖို့ ဖေဖော်ဝါရီ ၁၂ ရက်က စောင့်ဆိုင်းနေကြပါတယ်။

နှစ် ၂၀ အတွင်း အပြင်းထန်ဆုံး ယှဉ်ပြိုင်ရမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်နေတဲ့ သမ္မတ တေယစ်အာဒိုဂံကို ငလျင်ဘေးတုံ့ပြန်ရေး အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်ရာမှာတော့ သူက သီတင်းပတ်တွေအတွင်း ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေ စမယ်လို့ ဖြေခဲ့ပါတယ်။

ကာလကြာရှည် ပိတ်ထားခဲ့တဲ့ တူရကီ-အာမေးနီးယား နယ်စပ်တံခါးကိုတော့ ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ငလျင်သင့် ဒုက္ခသည်တွေကို အကူအညီပေးနိုင်ရေး ရည်မှန်းပြီး ဖေဖော်ဝါရီ ၁၁ ရက်က ပြန်ဖွင့်ပေးလိုက်ပြီလို့ တူရကီ သံတမန်တဦးနဲ့ တူရကီအစိုးရပိုင် အနာဒိုလူ သတင်းဌာနတို့က ကြေညာခဲ့ပါတယ်။

6 days Ago
Up