ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ၇ ရပ်ကွက် သစ္စာလမ်းပေါ်မှာ ဖေဖော်ဝါရီ ၂၈ ရက် မနေ့ည ၈ နာရီကျော်က အငှားယာဉ်တစီး မီးလောင်ပြီး တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။
အငှားယာဥ်ဟာ သစ္စာလမ်းမပေါ်မှာ ဖွင့်လှစ်ထားတဲ့ ပိုးထည်တိုက်ကို ဝင်တိုက်ကာ ဂတ်စ်အိုးပေါက်ပြီး ယာဥ်မောင်းသေဆုံးကာ ဘေးကလိုက်လာတဲ့ အမျိုးသားတယောက် ခြေထောက်နဲ့ လက်ပြတ်သွားတယ်လို့ ရပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။
"ဂတ်စ်အိုးပေါက်ပြီး ကားမီးလောင်တာလို့ ပြောနေကြတယ်။ ယာဥ်မောင်းကတော့ ပွဲချင်းပြီးပဲ ဘေးကလိုက်လာတဲ့သူလည်း ခြေထောက်တွေ လက်တွေပြတ်သွားတယ်။ မီးလောင်ဒဏ်ရာတွေနဲ့ သေနေတဲ့ ယာဥ်မောင်းကို ပရဟိတအဖွဲ့အတော် ဆွဲထုတ်လိုက်ရတယ်"လို့ ပြောပါတယ်။
ကားမီးလောင်မှုကို တောင်ဥက္ကလာပမြို့နယ်မီးသတ်တပ်ဖွဲ့နဲ့ ရွှေရောင်တွဲလက်ပရဟိတအသင်းက ပူးပေါင်းငြိမ်းသတ်ခဲ့ရာ ၇ မိနစ်အတွင်း မီးငြိမ်းသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။
"ပြောနေတာတော့ ဂတ်စ်အိုးပေါက်တယ်ပေါ့။ ဒါပေမဲ့ စစ်ဆေးရဦးမှာ။ သေတဲ့သူရော ဒဏ်ရာရတဲ့သူရော မိသားစုနဲ့ဆက်သွယ်နိုင်ဖို့ ဆောင်ရွက်နေတယ်။”
သေဆုံးသူနဲ့ ဒဏ်ရာရရှိသူကို ရွှေရောင်တွဲလက်ပရဟိတအသင်းက သင်္ဃန်းကျွန်းဆေးရုံကြီးကို ပို့ဆောင်ပေးထားပါတယ်။
ဖေဖော်ဝါရီ ၁၆ ရက်မှ ၂၈ ရက် အတွင်း ရန်ကုန်တိုင်း မရမ်းကုန်း၊ ဒဂုံ၊ ဒဂုံမြို့သစ် စက်မှုဇုန်နဲ့ တောင်ဥက္ကလာပမြို့နယ်တွေမှာ ကားမီးလောင်မှု လေးကြိမ်ဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ ပါတယ်။
ဇန်နဝါရီလကလည်း ကမာရွတ်၊ တောင်ဒဂုံနဲ့ မင်္ဂလာဒုံမြို့နယ်တွေမှာ ကားမီးလောင်မှု ဖြစ်ခဲ့ပေမဲ့ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
Photo- ရွှေရောင်တွဲလက်ပရဟိတအသင်း
ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ (၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရပြီးနောက် ဖမ်းဆီးခံလိုက်ရတဲ့ UG လူငယ်တစ်ဦး သေဆုံးသွားတယ်လို့ UG အဖွဲ့တွေကို ထောက်ပို့လုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။
ဇန်နဝါရီ ၂၁ ရက် နေ့လယ်က တောင်ဥက္ကလာ ၁၄ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်တိုက်ခိုက်ခံခဲ့ရပြီးနောက် ဗုံးလာပစ်တဲ့လူငယ်နှစ်ဦးကို ရုံးဘေးနားမှာရှိတဲ့ ငွေတောင်စားသောက်ဆိုင် ဝန်ထမ်းတွေက လိုက်လံဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ အုပ်ချုပ်ရေးရုံးဘက်က ထိခိုက်သေဆုံးတာမရှိဘဲ Black Fox Yangon UG Association အဖွဲ့က လူငယ်တစ်ဦးဖမ်းဆီးခံရပြီး သေဆုံးခဲ့တယ်လို့ ထောက်ပို့လုပ်ပေးနေသူ တစ်ဦးက ပြောပါတယ်။
ဝိုင်းဝန်းဖမ်းဆီးခဲ့တဲ့ ငွေတောင်စားသောက်ဆိုင်ပိုင်ရှင်ရဲ့သားဟာ ဗိုလ်ကြီးအောင်ခိုင်ဝင်းဖြစ်ပြီး ဘေးက အညာသွေးစားသောက်ဆိုင်နဲ့ ဆွေမျိုးသားချင်းတွေဖြစ်တယ်လို့ ရပ်ကွက်နေ ပြည်သူတွေက ပြောပါတယ်။
ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ငွေတောင်စားသောက်ဆိုင်ဘက်ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခဲ့ခြင်း မရှိပါဘူး။
အဲဒီငွေတောင်စားသောက်ဆိုင်ဟာ အာဏာသိမ်းတဲ့ကာလအစောပိုင်းမှာ ဆန္ဒပြတဲ့ပြည်သူတွေ သူ့ဆိုင်မှာ လာမထိုင်ရဘူးဆိုပြီး မောင်းထုတ်သလို အဲဒီကိစ္စကြောင့်ပဲ အစောင့်တွေနဲ့ အကာရံတွေနဲ့ ကာထားတယ်လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။
ငွေတောင်စားသောက်ဆိုင်အနေနဲ့ အဲဒီလုပ်ရပ်အတွက် ပြန်လည်ပေးဆပ်ရမှာဖြစ်ပြီး ပြည်သူတွေအနေနဲ့ ငွေတောင်စားသောက်ဆိုင်တဝိုက်ကို ရှောင်ကြဉ်သွားလာကြဖို့ Black fox Yangon UG အဖွဲ့က သတိပေးထုတ်ပြန်ထားပါတယ်။
NB Black Fox UG