ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ ရတနာလမ်းမကြီးနဲ့ လယ်ယာ ၂ လမ်းထောင့်၊ တိုင်းရင်းသားမှတ်တိုင်နားမှာ ဧပြီ ၉ ရက် ဒီမနက်အစောပိုင်းက YBS ကားတစီးက ရပ်ထားတဲ့ တွဲကားကို ဝင်တိုက်မိတာကြောင့် လူ ၁၀ ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လူမှုကယ်ဆယ်ရေး အသင်းတခုက ပြောပါတယ်။
YBS 4 ဟာ ယုဇနဥယျာဉ်ကနေ ဆူးလေအထိ သာကေတမြို့နယ် ရတနာလမ်းကို ဖြတ်သန်း ပြေးဆွဲတဲ့ ယာဉ်လိုင်းဖြစ်ပြီး မနက် ၅ နာရီခန့်မှာ လမ်းဘေးရပ်ထားတဲ့ တွဲကားကို အနောက် ကနေ ဝင်တိုက်မိတာပါ။
မြို့ခံလူမှုကယ်ဆယ်ရေးအသင်းဝင်တဦးက "အခင်းဖြစ်ပြီးလို့ ၁၀ မိနစ်လောက်မှာ အရေးပေါ် ဖုန်းဝင်လာပါတယ်။ လူနာ ၁၀ ဦး ကားသုံးစီးနဲ့ ဆေးရုံပို့ရတယ်။ လက်ကျိုး ဒဏ်ရာနဲ့ ထိပ်ပေါက်ခေါင်းကွဲ ဒဏ်ရာတွေပါပဲ။ YBS က ဝင်တိုက်မိတာပါ။ လယ်ယာ ၂ လမ်းထိပ်မှာပါ" လို့ ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ခရီးသည် အမျိုးသား ၃ ယောက်နဲ့ အမျိုးသမီး ၇ ယောက်မှာ လက်ကျိုးဒဏ်ရာ၊ ခေါင်းကွဲထိပ်ပေါက်ဖူးယောင်ဒဏ်ရာတွေ ရရှိခဲ့တဲ့အပြင် YBS 4 ရဲ့ ညာဘက်ခေါင်းပိုင်း၊ ရှေ့ဘီးနေရာတွေ ပျက်စီးသွားပါတယ်။
YBS ယာဉ်မောင်းကိုတော့ သာကေတမြို့နယ်ရဲစခန်းမှာ စစ်ဆေးနေပြီး ခရီးသည် လူနာ ၁၀ ယောက်ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ကုသပေးပေမဲ့ ယာဉ်လိုင်းဘက်က ဘယ်လို တာဝန်ယူပေးမယ်ဆိုတာတော့ မသိရသေးပါဘူး။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ ဧပြီ ၈ ရက် မနက်မှာ မြန်မာနိုင်ငံသားတွေ လိုက်ပါလာတဲ့ မှန်လုံယာဥ်တစီးက တွဲကားကို နောက်ကနေ ဝင်တိုက်ခဲ့ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး အပါဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေအရ သိရပါတယ်။
မနေ့ မနက် ၅ နာရီလောက်မှာ မှန်လုံယာဉ်တစ်စီးက မင်မြို့၊ နောင်ခမ့်ခေါ့ကျေးရွာအုပ်စု အပိုင် အဝေးပြေးလမ်းမကြီးပေါ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့က မောင်းနှင်နေတဲ့ တွဲကားနောက်ပိုင်းကို ဝင်တိုက်မိခဲ့တာ ဖြစ်ပါတယ်။
ကားပေါ်မှာ ဘန်ကောက်မြို့ကနေ ကျန်ထဘူရီကို ဗီဇာသက်တမ်းတိုးဖို့လာရောက်တဲ့ မြန်မာနိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ လိုက်ပါစီးနင်းလာတဲ့ မှန်လုံကား ယာဥ်မောင်းဖြစ်သူက အိပ်ငိုက်ကာ ယာဥ်တိုက်မှုဖြစ် ပွားခဲ့တာဖြစ်ပါတယ်။
ကယ်ဆယ်မှုတွေစတင်ဆောင်ရွက်စဥ်မှာပဲ ကိုယ်ဝန်ဆောင်အမျိုးတစ်ဦး အပါအဝင် ၄ ဦးကတော့ နေရာမှာပဲ ထိခိုက်ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပါတယ်။
ဒဏ်ရာပြင်းထန်ရရှိခဲ့တဲ့ အမျိုးသမီး ၅ ဦးကို ချွန်ဘူရီဆေးရုံကိုပို့ဆောင်ပြီးဆေးကုသပေးနေရာမှာ ၄ ဦး ထပ်မံသေဆုံးသွားခဲ့တဲ့အတွက် သေဆုံးသူ ၈ ဦးအထိရှိလာခဲ့ပါတယ်။
ဒဏ်ရာရသူတွေကို မင်မြို့နယ်က လူမှုကူညီရေးအသင်းဝင်တွေက ကူညီကယ်ဆယ်ပေးခဲ့ရပြီး ယာဥ်တိုက်မှုကြောင့် မှန်လုံယာဉ်အတွင်းညပ်နေသူတွေကို နာရီဝက်ကျော်ကြာ ကယ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ-မြဝတီမဲဆောက်မီဒီယာ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ တာလုံရွာနဲ့ မော်တောင်းရွာကြား၊ ပြည်ထောင်စု လမ်းမကြီးပေါ်မှာ ဇန်နဝါရီ ၃၀ ရက် ညနေပိုင်းက ဘိလပ်မြေ တွဲကား ၁ စီး မီးရှို့ခံခဲ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ဖျက်ဆီးခံထားရတဲ့ ကားမှာ ဘိလပ်မြေအိတ်တွေ အများအပြား ပျက်စီးနေတာ တွေ့ ခဲ့ရတယ်လို့ ခရီးသွား ပြည်သူ ၁ ဦးက ပြောပါတယ်။
ယာဉ်မောင်းတစ်ဦးက “ကျနော်လာတော့ အဲမီးရှို့ထားတဲ့ ကားနားမှာ စစ်သားတွေပဲ အများကြီး ရှိနေတယ်၊ အပြည့်ပဲ” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ဆက်နွှယ်နေတဲ့ ဆင်မင်း ဘိလပ်မြေအိတ်တွေကို မီးသွေးအိတ်တွေဖုံးပြီး လားရှိုးဘက်ကနေ မူဆယ်ဘက် ဦးတည်တင်ဆောင်လာတဲ့ တွဲကား ၁ စီးကို မော်တောင်းနဲ့ တာလုံကြားတိမ်ပင်လယ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီလောက် ဖမ်းဆီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မူဆယ် PDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
“လားရှိုးကနေ မူဆယ်ကို ဝင်လာတဲ့အချိန် လမ်းပေါ် ထွက်ဖမ်းလိုက်တာပါခင်ဗျ။ ကားက တစ်စီးပဲ မိလိုက်တာပါခင်ဗျ။ ၃၆ တန်၊ အိတ် ၇၂၀ ပါ တွဲကားပါခင်ဗျ။ လူကတော့ ပြန်လွှတ်လိုက်ပါတယ်ခင်ဗျ။”
ကားသမားတွေအနေနဲ့ စကစ ထုတ်ကုန်တွေ မတင်ဘဲ ပူးပေါင်းပါဝင်ပေးစေလိုကြောင်း မူဆယ် PDF အဖွဲ့က ပြောပါတယ်။
PDF တွေအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး ပြောက်ကျားစစ်ဆင်ရေး အရှိန်တိုးမြှင့်နေသလို စစ်ကောင်စီရဲ့ အထောက်အပံ့ ထောက်တိုင်တွေကို ဖြုတ်ပစ်နေကြောင်း သိရပါတယ်။