close

ထိုင်းနိုင်ငံ

close

April 30, 2023

ထိုင်းနိုင်ငံတွင် တရားမဝင် မြန်မာအလုပ်သမား ၂၃ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်က ဆောက်လုပ်ရေးခွင်ထဲမှာ အထောက်အထားမဲ့  မြန်မာအလုပ်သမား ၂၃ ဦးကို ဧပြီ ၂၈ ရက်နေ့မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ဒေသတွင်းသတင်းဌာနက ဖော်ပြထားပါတယ်။

စမွတ်ပရာကန်ခရိုင်၊ ဘန်ဖလီဒေသကတံတားအနီးမှာရှိတဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ တရားမဝင် မြန်မာနိုင်ငံသားတွေ အလုပ်လုပ်ကိုင်နေတယ်လို့ သတင်းရရှိခဲ့တဲ့အတွက် ထိုင်းလဝကနဲ့ တာဝန်ရှိသူတွေက သွားရောက်စစ်ဆေးရာမှာ မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂၃ ဦးကို တွေ့ရှိဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဘန်ဖလီဒေသလဝက ရဲမှူးကြီးကိုယ်တိုင်ဦးဆောင် စစ်ဆေးရာမှာ အလုပ်သမားအများအပြား ထွက်ပြေးသွားခဲ့ကြပြီး ဖမ်းဆီးမိသူတွေမှာ အလုပ်လုပ်ကိုင်ခွင့်အထောက်အထား တစုံတရာမတွေ့ရှိခဲ့ဘူးလို့ ဒေသတွင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

စစ်ဆေးချက်အရ အဲဒီလုပ်ငန်းခွင်က အလုပ်သမားခေါင်းဆောင်ဟာ တရုတ်နိုင်ငံသား အလည်အပတ်ဗီဇာနဲ့ လာရောက်ခဲ့ပြီး ထိုင်းနိုင်ငံသားအယောက်ဆောင်က အလုပ်လုပ်ကိုင်နေတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးရမိခဲ့တဲ့ တရားမဝင်မြန်မာနိုင်ငံသား ၂၃ ဦးနဲ့ အလုပ်သမားခေါင်းဆောင် တရုတ်နိုင်ငံသားတို့ကို ထိုင်းနိုင်ငံလူဝင်မှုကြီးကြပ်ရေးဥပဒေအရအရေးယူနိုင်ဖို့ ဘန်ဖလီရဲစခန်းကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ ဧပြီ ၂၆ ရက်ကလည်း ဖက်တလုန်းခရိုင်နဲ့ ကန်ချနာပူရီခရိုင်ထဲမှာ တရားမဝင် မြန်မာနိုင်ငံသားအယောက် ၇၀ ကို ဖမ်းဆီးရမိခဲ့ပြီး တပတ်အတွင်း တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ လောက်ကို ဖမ်းဆီးမိခဲ့တယ်လို့ သိရပါတယ်။

1 day Ago

April 24, 2023

ထိုင်းနိုင်ငံမှ ကော့သောင်းသို့ ပြန်ပို့ခံရသူများထဲက ၉ ဦး ကိုဗစ်ပိုးတွေ့ရှိ

ထိုင်းနိုင်ငံမှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံနေရတဲ့ မြန်မာနိုင်ငံသား ၁၇၁ ဦးကို ထိုင်းအစိုးရက ဧပြီ ၂၄ ရက် ဒီနေ့မနက် ၁၂ နာရီ‌မှာ ရနောင်းမြို့ ဆိပ်ကမ်းကနေ နေရပ်ပြန်လည်ပို့ဆောင်ခဲ့ပြီး အဲဒီအထဲက ၉ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့တယ်လို့ တနင်္သာရီတိုင်း ကော့သောင်းခရိုင် ကြက်ခြေနီအသင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နေရပ်ပြန်ပို့ခံရသူတွေမှာ အမျိုးသား ၁၂၆ ဦးနဲ့ အမျိုးသမီး ၄၅ ဦး၊ စုစုပေါင်း ၁၇၁ ဦးဖြစ်ပြီး ကော့သောင်းမြို့မ ဆိပ်ခံတံတားမှာ မြို့နယ်အာဏာပိုင်တွေက ကိုဗစ်စစ်ဆေးတာ၊ စာရင်းဇယားပြုစုတာနဲ့ အသိပညာပေးတာ‌တွေ လုပ်‌ဆောင်ခဲ့ပြီး ၉ ဦးမှာ ကိုဗစ်ပိုး တွေ့ရှိခဲ့လို့ ကော့သောင်းခရိုင် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ လူနာတင်ယာဉ်နဲ့ ကော့သောင်းပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အခုနှစ်အတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့အချုပ်ကနေ မြန်မာနိုင်ငံကို အချုပ်လွတ် နေရပ်ပြန်ပို့တာ သုံးကြိမ်ရှိပြီး စုစုပေါင်း ၉၅၇ ဦးရှိတယ်လို့ သိရပါတယ်။

ဧပြီ ၂၂ ရက် ည ၈ နာရီကနေ ၂၃ ရက် ည ၈ နာရီအထိ နိုင်ငံတဝန်း ကိုဗစ်-၁၉  ဓာတ်ခွဲအတည်ပြုလူနာ ၄၅ ဦး တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေးဝန်းကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပြင်ဦးလွင်မှာ ၃၄ ဦး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမှာ ၂ ဦးနဲ့ မြောဥက္ကာလာပ၊ အင်းစိန်၊ တာမွေ၊ သာကေတနဲ့ အလုံမြို့နယ်တို့မှာ ၁ ဦးစီ၊ မြိတ်မြို့မှာ ၄ ဦး တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

7 days Ago

ထိုင်းနိုင်ငံ ခရိုင် ၁၉ ခု မိုးသက်လေပြင်းဒဏ်ခံရ၊ လာမည့်ရက်အတွင်း လေပြင်းထပ်မံတိုက်ခတ်နိုင်

ထိုင်းနိုင်ငံမှာ မြန်မာနပ်စပ်တာ့ခ်ခရိုင်အပါအဝင် ခရိုင်ပေါင်း ၁၉ ခုထဲက   ဧပြီ ၂၃ ရက် မနေ့ ညနေပိုင်းက မိုးသက်လေပြင်းတွေကျရောက်ပြီး မိုးသီးတွေပါကြွေကျတာကြောင့် လူနေအိမ်တွေ ပျက်စီးဆုံးရှုံးခဲ့ပါတယ်။

ထိုင်းမြောက်ပိုင်း ချင်းရိုင်း၊ လမ်းဖွန် ၊ လမ်းပန်း၊ ချင်းမိုင်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖစ်ချ်ဘွန်းနဲ့ အရှေ့မြောက်ပိုင်း စကွန်းနခွန်း၊ နခွန်းရာ့ချ်ဆီမား၊ လွဲ့အစ်၊  မုဒ်တာဟန်၊ ဥဘွန်းရာ့ချ်ဌာနီ၊ နခွန်းဆီထမရတ်၊ နောင်ခိုင် စတဲ့ ခရိုင်ပေါင်း ၁၉ ခုထဲက မနေ့ညနေပိုင်းမှ ဒီနေ့မနက်ပိုင်းထိ မိုးသက်လေပြင်းကျရောက်ခဲ့လို့   မြို့နယ်ပေါင်း ၄၂ မြို့နယ် ၊ ၁၀၅ အုပ်စု ၊ ရပ်ကွက်နဲ့ ကျေးရွာ ၂၂၃ ထဲက နေအိမ်ပေါင်း ၁၁၉၈ လုံးပျက်စီးခဲ့ပြီး လူ ၁ ဦး သေဆုံးခဲ့တယ်လို့ ထိုင်းနိုင်ငံ အများပြည်သူဆိုင်ရာဘေးအန္တရာယ်တားဆီးကာကွယ်ရေးဌာနက ထုတ်ပြန်ပါတယ်။ 

သေဆုံးသူမှာ ထိုင်းအရှေ့မြောက်ပိုင်း နောင်ခိုင်ခရိုင် ရတ်နာဝါပီမြို့နယ်က အသက် ၅၅ နှစ်ရွယ်အမျိူသား ၁ ဦးဖြစ်ပြီး လေပြင်းဒဏ်ကြောင့် အိမ်အမိုးနဲ့ နံရံကပိကျလာလို့ သေဆုံးခဲ့ ရတာလို့ ဆိုပါတယ်။

မုဒ်တာဟန်ခရိုင် မုဒ်တာဟန်မြို့မှာဆိုရင် မဲခေါင်မြစ်ကမ်းနားဈေးက လမ်းဘေးဈေးဆိုင်အ တော်များများ အမိုးအကာတွေလန်ထွက်ကုန်သလို ကားဂိုဒေါင်ခေါင်မိုးလဲပြိုကျတာကြောင့် ရပ် ထားတဲ့ကားအစီးရေ ၁၀ ကျော်ပျက်စီးသွားခဲ့ပါတယ်။

ချင်းမိုင်ခရိုင်မှာ ဆန်ဆိုင်းမြို့နယ်အုပ်ချုပ်ရေးရုံးအနီး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးတဲ့ တာဝါတိုင်လဲကျတာကြောင့် ဆန်ဆိုင်းနဲ့မဲ့လိမ်းမြို့နယ် ရပ်ကွက်တချို့မှာ နာရီပေါင်းများစွာ လျှပ် စစ်မီးပြတ်တောက်ခဲ့ပါတယ်။

မွမ့်ကျဲမ်တောင်ပေါ်အပမ်းဖြေစခန်းမှာလည်း မိုးသီးတွေကြွေ တာကြောင့် ရွက်ဖျင်ဘိုတဲအတော်များများ ခေါင်မိုးတွေပေါက်ပြဲပျက်စီးကုန်ပြီး အလှမွေးငှက်တွေ သေဆုံးကြောင်း၊ အသီးသီးကာစ ထောပတ်ပင်တွေလည်း ပျက်စီးကုန်တယ်လို့ ချင်းမိုင်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ 

မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာဆိုရင် မဲဆောက် ၊ ဖုပ်ဖရ ၊ အုမ့်ဖန် စတဲ့မြို့နယ် ၃ ခုထဲမှာ နေအိမ် ခေါင်မိုးလန်တာ၊ သစ်ပင်ကြီးတွေလဲပြိုလို့ လမ်းပိတ်ဆို့တာ ၊ ရွေးကောက်ပွဲဆိုင်းဘုတ်တွေ ပြိုကျ ပျက်စီးခဲ့ပြီး အပျက်အစီးစာရင်းတွေတော့ သက်ဆိုင်ရာက ကောက်ယူနေဆဲလို့ မဲဆောက် ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

ထိုင်းနိုင်ငံမှာ  ဒီကနေ့ ဧပြီ ၂၄ ကနေ  ၂၆ ရက်နေ့ထိ ခရိုင်ပေါင်း ၅၉ ခုမှာ မိုးသက် လေပြင်းဆက်ပြီးကျရောက်ဖွယ်ရှိတယ်လို့ ထိုင်းနိုင်ငံမိုးလေဝသနဲ့ ဇလဗေဒဌာနက ကနေ့ မနက် ၈ နာရီမှာ ထုတ်ပြန်ထားပါတယ်။

အထူးသဖြင့် ထိုင်းမြောက်ပိုင်း လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့၊ နန့်၊ တာ့ခ်၊ ဆုခိုထိုင်း၊ ကမ်ဖိုင်ဖစ်၊ ဖိကျစ်၊ ဖစ်ချ်ဘွန်း၊ ဗိစနုလုတ်၊ ဥထိုင်းဌာနီ စတဲ့ခရိုင်တွေမှာလည်းကောင်း၊ အရှေ့မြောက်ပိုင်းလွေး၊ နောင်ခိုင်၊ ဘင်ကန်၊ နခွန်းဖနုံ၊ ချိုင်းယဖွန်း၊ ခွန်ကဲန်၊ မုတ်တာဟန်၊ ယဆိုထွဏ်း၊ အမ်းနတ်ကျလွန်း၊ နခွန်းရာ့ချ်ဆီမား၊ ဘူရီရမ်၊ ဆီစကစ်၊ ဥဘွန်းရာ့ချ်ဌာနီနဲ့ ထိုင်းအလယ်ပိုင်း ကန်ကျနပူရီ၊ ရာ့ချ်ပူရီ၊ လုပ်ပူရီ၊ ဆရပူရီ၊ ပရကျင်းပူရီ၊ ဆာကယောက်၊ ချချိန်းဆောင်း၊ ချွန်းပူးရီး၊ ရယောင်း၊ ကျန်ထပူရီ၊ တရတ်၊ အယုဒ္ဓယ၊ ပထုန်ဌာနီ၊ စမွတ်ပရကန်၊ စမွတ်စခွန်းစတဲ့ခရိုင်တွေမှာ မိုးသက်လေပြင်းကျ၊ လျှပ်စစ်လျှပ် မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းတွေ ဖြစ်ပေါ်နိုင်တယ်လို့ ဆိုပါတယ်။ 

ဒါကြောင့် အဆိုပါဒေသနေ ပြည်သူတွေအနေနဲ့ ကွင်းပြင်ကျယ်တွေ၊ သစ်ပင်ကြီးတွေ၊ ခိုင်ခံ့မှုမရှိတဲ့ အဆောက်အဦတွေ၊ ကြော်ငြာဆိုင်းဘုတ်တွေအနီးနားနေခြင်းမှ ရှောင်ကြဉ်ဖို့၊ ကွင်းပြင်ကျယ်မှာ တယ်လီဖုံးနဲ့ တခြား လျှပ်စစ်ဆွဲအားရှိပစ္စည်းများအသုံးမပြုရန် မိုးဇလက သတိပေးထားပါတယ်။ 

အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ရှိ ခရိုင်တွေကတော့ မယ်ဟောင်ဆောင်၊ လမ်းဖွန်း၊ လမ်းပန်း၊ ဖရဲ့၊ နန့် ၊ ဆုခိုထိုင်း၊ ဥဒရာဒစ်၊ တာ့ခ်၊ ကမ်ဖိုင်ဖစ်၊ ဖစ်ချ်ဘွန်း၊ နခွန်းရာ့ချ်ဆီမား၊ ကန်ကျနပူရီ၊ လုပ်ပူရီတို့ဖြစ်ပြီး နေပူထဲထွက်ခြင်းမှရှောင်ကြဉ်ဖို့၊ Heat Stroke အပူရှပ်ခြင်းသတိပြုဖို့ ထုတ်ပြန်ထားပါတယ်။

မယ်ဟောင်ဆောင်၊ ချင်းရိုင်း၊ လမ်းပန်း၊ နန့်၊ ဥဒရာဒစ်၊ နခွန်းဆဝမ်၊ ချိုင်းယနတ် ၊ ဥထိုင်းဌာနီ၊ ဆင်းပူရီ၊ ဆုဖန်းပူရီတွေမှာ PM 2.5 မီးခိုးမြူမှုန်တွေ ရှိနေဦးမယ်လို့ ထိုင်းမိုးဇလက ထုတ်ပြန်ထားပါတယ်။ 

1 week Ago
Up